သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၊ (၂၇) ကြိမ်မြောက် ပန်းချီ၊ ပန်းပု၊ ကျောင်းသား၊ ကျောင်းသူများ၏ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊  ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစင်တင်တင်ဆက်ပွဲ အခမ်းအနားကျင်းပရန်ကုန်၊ ဩဂုတ် (၂၇) ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်)၊ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၊ (၂၇) ကြိမ်မြောက် ပန်းချီ၊ ပန်းပု၊ ကျောင်းသား၊ ကျောင်းသူများ၏ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ကျောင်းသား၊ ကျောင်းသူ များ၏ ဘွဲ့ယူစင်တင်တင်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။

          အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ပြင်ပပညာရှင်များ၊ မြန်မာနိုင်ငံဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုနှင့် ရုပ်ရှင် အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းဆင်းကျောင်းသား၊ ကျောင်းသူ များနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

          အခမ်းအနားအစီအစဉ်ပထမပိုင်းကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက ပန်းချီ၊ ပန်းပု ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူ လက်ရာမွန်များကို လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို နံနက် (၁၁)နာရီတွင် ဆက်လက် ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် “ယခုကျင်းပသည့် (၂၇)ကြိမ်မြောက် ဘွဲ့ယူ လက်ရာမွန်ပြပွဲနှင့် စင်တင်တင်ဆက်ပွဲသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့သုခုမ အနုပညာများကို ထိန်းသိမ်း၊ တိုးတက် ပြန့်ပွားပြီး ထူးချွန်သောအနုပညာရှင် ကောင်းများ ပေါ်ထွန်းလာရေးတို့အတွက် မွေးထုတ်ပေးနေ သည့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၏ ကျောင်းဆင်းပွဲအခမ်းအနားဖြစ်ပြီး တက္ကသိုလ်၏ ထူးခြားကောင်းမြတ်သော အစဉ်အလာ တစ်ရပ်ဖြစ်ကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်ကို ယဉ်ကျေးမှုတက္ကသိုလ်အဖြစ် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့မှ စတင်ပြီး ဗဟန်းမြို့နယ်၊ ကမ္ဘောဇဝင်း၊ ချင်းချောင်း နန်းတော်တွင် ဂီတ၊ ဇာတ်သဘင်၊ ပန်းချီ၊ ပန်းပု စသည့် ဘာသာရပ်ကြီး (၄)ခုကို စာပေဘာသာရပ်နှင့်တွဲ၍ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ယဉ်ကျေးမှု တက္ကသိုလ်မှ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ဟု အမည်ပြောင်းလဲခဲ့ပါ ကြောင်း၊  ၂၀၁၇ – ၂၀၁၈ ပညာသင်နှစ်တွင် ဘွဲ့ကြိုတန်းများတွင် ဂုဏ်ထူးတန်းဘွဲ့တက်ရောက် စေခြင်းအစား အရည်အချင်းပြည့်မီသူများကို မဟာဝိဇ္ဇာတန်းသို့ တက်ရောက် သင်ကြား ခွင့်ပြုရေး၊ (Credit Transfer System) ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရန် အထူးပြုဘာသာရပ် အလိုက် (Credit Unit)နှင့် (Teaching Hours)များ ပြင်ဆင် ဆောင်ရွက်ပြီး မဟာဝိဇ္ဇာတန်းများကို တိုးချဲ့ ဖွင့်လှစ်ခဲ့ကြောင်း၊  ယခု ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်တွင် ဒြပ်ရှိ/ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ဆိုင်ရာကိစ္စများဆောင်ရွက်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းကာကွယ် စောင့်ရှောက် နိုင်ရန်အတွက် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၎င်းအပြင် ဌာနမှ သုတေသနအတွေ့အကြုံ ရင့်ကျက်ပြီး အနုပညာလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်စွမ်းရှိသော ပညာရှင်များ အခွင့်အလမ်း ပွင့်လန်းစေရန် ရည်ရွယ်ပြီး ဝါရင့်မဟာဝိဇ္ဇာ (ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာ) (ပြတိုက်ပညာ) တန်းများနှင့် မိမိတို့တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝါရင့် ပါမောက္ခ၊ တွဲဖက်ပါမောက္ခ နှင့် ကထိကများအား ဝါရင့်ပါရဂူဘွဲ့အတွက် ဘာသာရပ်ဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး ကျမ်းတင်သွင်း ခွင့်ပြုခြင်းဖြင့် မျိုးဆက်သစ်များကို ဆက်လက်ပြုစုပျိုးထောင်နိုင်ရန် ရည်ရွယ်ပြီး ဝါရင့်ပါရဂူဘွဲ့ အကြိုသင်တန်းနှင့် ဝါရင့်ပါရဂူ သင်တန်းတို့ကို ထပ်မံဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ဒီကနေ့ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် စင်တင် တင်ဆက်ပွဲသည် ဘက်စုံပညာရေး သဘောပြသသည့်ပွဲ ဖြစ်ကြောင်း၊ ဤအချက်များကို  ယနေ့ ဘွဲ့ယူပန်းချီ၊ ပန်းပု လက်ရာမွန်များနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် စင်တင်တင်ဆက်ပွဲမှာ ကြည့်ရှုအကဲဖြတ်နိုင်ကြမှာဖြစ်ကြောင်း၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် အနုပညာ၊ ယဉ်ကျေးမှုဘက်စုံ တတ်မြောက် သည့် ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးခဲ့သည်မှာ နှစ်(၃၀)ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်ထိ ဘွဲ့နှင်းသဘင်ကို (၂၄)ကြိမ်မြောက် ကျင်းပပြီးစီးခဲ့ပြီး၊ ဝိဇ္ဇာဘွဲ့ (၂၆၀၁)ဦး၊ ဝိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့(၃၈၆)ဦး၊ မဟာဝိဇ္ဇာဘွဲ့(၁၀၅)ဦး၊ မဟာဝိဇ္ဇာဘွဲ့(Earn Degree) (၁၅)ဦး၊ ဘွဲ့လွန်ဒီပလိုမာ (၈၈၄)ဦး၊ အနုပညာကွန်ပျူတာဒီပလိုမာဘွဲ့(၂၈၁၄)ဦး၊ ဂုဏ်ထူးဆောင် ဝိဇ္ဇာဘွဲ့ (၆၅)ဦး၊ ဂုဏ်ထူး ဆောင် မဟာဝိဇ္ဇာဘွဲ့ (၁၉)ဦး၊ ဂုဏ်ထူးဆောင်ပါရဂူ ဘွဲ့ (၂၁)ဦးတို့ကို ချီးမြှင့်အပ်နှင်းပေးနိုင်ခဲ့ပါကြောင်း၊ ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမိတက္ကသိုလ်က သင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာများနှင့် အမျိုးသားရေး လက္ခဏာများ၊ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး နေထိုင်မည်ဆို သည်ကိုယုံကြည်ပါကြောင်း၊ မြန်မာလူမျိုးတို့၏ ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုကို လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်ခဲ့သလို စိတ်ပိုင်းဆိုင်ရာဖြစ်သည့် ယဉ်ကျေးမှုများ၊ ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့ထုံးစံ၊ အတွေးအခေါ်၊ စာပေနှင့် အနုသုခုမပညာတို့ကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်သူများ၊ ကမ္ဘာ့အလယ်တွင် မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ဂုဏ်ယူစွာရပ်တည် နိုင်ရန် အသိတရားရှိစွာထိန်းသိမ်းစောင့်ရှောက်သူများ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် ကျရာကဏ္ဍမှ ပါဝင်ထမ်းဆောင် ခြင်းဖြင့် အမိတက္ကသိုလ်မှ ဂုဏ်ယူမှတ်တမ်း တင်မည့် သားကောင်းရတနာများလည်း ဖြစ်ကြပါစေ” ကြောင်း ဆန္ဒပြုကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်က မုဒိတာ စကားပြောကြားရာမှာ “ဒီကနေ့ (၂၇) ကြိမ်မြောက် ပန်းချီ၊ ပန်းပုကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစင်တင်တင်ဆက်မှုအခမ်းအနားမှာ ပန်းချီပညာဌာနမှ စတုတ္ထနှစ်နဲ့ မဟာတန်း ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီကား (၃၆) ကားကို တွေ့မြင်ရသည့်အတွက် မြန်မာ့ပန်းချီလောကအတွက် အဆင့်အတန်းရှိပြီး အရည်အသွေးမီသော မျိုးဆက်သစ် လက်ရာများအဖြစ်မှတ်ယူနိုင်ပြီး တက္ကသိုလ်မှအောင်မြင်ထင်ရှားသည့် ပန်းချီဆရာများ အဖြစ်နေရာယူထားနိုင်ကြသည်ကို မြင်တွေ့ ရမည်ဖြစ်ကြောင်း၊ ယခုအခမ်းအနားမှာ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် အစီအစဉ်တင်ဆက်မှု များတွင် တစ်နှစ်ထက်တစ်နှစ် မရိုးနိုင်သည့် သံစဉ်တီးလုံး ကကွက်များ၊  ရိုးရာကိုအခြေခံပြီး ဆန်းသစ်တီထွင်သည့် အစီအစဉ်များ၊ ခေတ်စနစ်နှင့် လျော်ညီသော အတွေးအခေါ်၊ အယူအဆများ ပါဝင်သည့် ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုရမှာ ဖြစ်ကြောင်း၊ ယခုဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် စင်တင်တင်ဆက်ပွဲသည် ကျောင်းသား လူငယ်များအတွက် ယုံကြည်မှုနှင့် ရဲရင့်မှုကို ခိုင်မာအောင် တည်ဆောက်ပေးသည့်ပွဲဟုလည်း ရှုမြင်နိုင်မှာဖြစ်ကြောင်း၊ တက္ကသိုလ်ကျောင်းဆင်း လူငယ်များ အနေဖြင့် အမိတက္ကသိုလ်ကြီးက သင်ကြားလေ့ကျင့်ပေးလိုက်သည့် အနုသုခုမပညာရပ်များနှင့် မိမိဘဝအတွက် အောင်မြင်ကျော်ကြားသည့် အနုပညာရှင်ဖြစ်အောင်၊ မိမိပတ်ဝန်းကျင် အတွက် စံနမူနာယူထိုက်သည့် တက္ကသိုလ်ကျောင်းဆင်း လူငယ်တစ်ယောက်ဖြစ်အောင်၊ မိမိလူအဖွဲ့အစည်း အတွက် အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တတ်သည့် နိုင်ငံ့သားကောင်းရတနာ ဖြစ်အောင်၊ သက်ဆိုင်ရာဘာသာရပ်များနှင့် မိမိတာဝန်ယူလုပ် ဆောင်ရာ နယ်ပယ်အသီးသီးတွင် အမိတက္ကသိုလ်၏ ဂုဏ်၊ လူမျိုး၏ ဂုဏ်၊ နိုင်ငံ၏ဂုဏ်ကို မြှင့်တင်ပေးနိုင်အောင် ကြိုးစားစေလို ကြောင်း၊ လင်းလက်တောက်ပသည့် အနာဂတ်ခရီးကို ရဲဝံ့စွာလျှောက်လှမ်းပြီး ကောင်းမြတ်သည့် ဂုဏ်သတင်းများနှင့် ပြည့်စုံသည့် သားကောင်း၊ သမီးကောင်းများ ထူးချွန်ထက်မြက်တဲ့ အနုပညာရှင်ကောင်းများဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားပါ သည်။

          ယင်းနောက်ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား၊ ကျောင်းသူများက စွမ်းရည်ပြ ဖျော်ဖြေတင်ဆက်ကြရာ ဂီတပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက ရိုးရာစဉ်လာ ဆိုင်းပဒေသာ၊ ပဒေသရာဇာတေးမဟာ၊ မဟာဝိဇ္ဇာတေးလက်ရာ၊ တူရိယာ စုံလင်တေးသံလွင်၊ သဘင်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက ရာဇမဟေသီ သုံးပန်လှဒေဝီ၊ ဆေးအလှ ပန်းချီတေးအကသီ၊ နဝရတ်ကိုးလီ ကကြိုးသီ၊ ထိန်းသိမ်းမြှင့်တင် အမြင့်သဘင်(ရုပ်သေး)၊ မေတ္တာလွှမ်းခြုံမြတ်သည့်ဂုဏ် (ဇာတ်တော်ကြီး)၊ ရုပ်ရှင်နှင့်ပြဇာတ် ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက ပြဇာတ်ထဲကပြဇာတ် (ပြဇာတ်)၊ အရိပ်မဲ့အိမ်၊ တစ်ခါတစ်ရံ၊ နှလုံးသားအလိုကျ ကျောင်းဆင်းလက်ရာမွန်ဇာတ်ကားတိုများဖြင့် ဖျော်ဖြေတင်ဆက်ကပြရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဧည့်ပရိသတ်များက ကြည့်ရှုအားပေးကြသည်။

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ (၂၇) ကြိမ်မြောက်ပန်းချီ၊ပန်းပု ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစင်တင်တင်ဆက်ပွဲ တွင် ပန်းချီအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီကား (၃၆) ကား၊ ပန်းပုအထူးပြု ကျောင်းသား၊ ကျောင်းသူ များ၏ ပန်းပုရုပ် (၅)ရုပ်၊ ဂီတအထူးပြုကျောင်းသား၊ ကျောင်းသူ များ၏ တေးဂီတအစီအစဉ် (၄)ခု၊ သဘင်အထူးပြုကျောင်းသား၊ ကျောင်းသူများ၏ အက၊ ရုပ်သေး၊ ဇာတ်တော်ကြီးအစီအစဉ်(၅)ခု၊ ရုပ်ရှင်နှင့်ပြဇာတ်အထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ပြဇာတ်နှင့် ရုပ်ရှင်ဇာတ်ကား (၃) ကား တို့ကို တင်ဆက်ပြသဖျော်ဖြေကြသည်။

          ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးနှင့် ဧည့်သည်တော်များက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ကြပြီး အခမ်းအနားကို ညနေ (၁၆:၃၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။