သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၁၈)ကြိမ်မြောက် ပန်းချီ၊ ပန်းပု လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ရုပ်ရှင်နှင်ပြဇာတ် စင်တင်တင်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ဩဂုတ်လ (၃၀) ရက်၊ မန္တလေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့ နေ့လည်ပိုင်းကမန္တလေးမြို့၊ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည့်အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ် (မန္တလေး)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၁၈)ကြိမ်မြောက် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် စင်တင် တင်ဆက်ပွဲအခမ်းအနား သို့တက်ရောက်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးနေလင်းစိုးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ ပါမောက္ခချုပ် ဦးအောင်ဆန်းဦး နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မန္တလေးမြို့ ပေါ်ရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများ မှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်း များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း၊ အနုပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်း သူများ စုစုပေါင်းအင်အား (၁၀၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် ပန်းချီ ပညာဌာနတွင် ပညာဆည်းပူးခဲ့ကြသည့် စတုတ္ထနှစ်ကျောင်းသား၊ ကျောင်းသူများက ဆီဆေး၊ ရေဆေး၊ Acrylic တို့ဖြင့်ရေးဆွဲထားသည့် ဂျိမ်းဖောပျိုဖြူ၊ လင်းရိပ်သံသာ၊ အမရ ပူရခေတ် ဖွားတော်မူခန်း၊ လုံမပျိုငယ် ဗိုင်းငင်မယ်၊ ဘုရားအဖြစ်သို့ရောက်တော်မူခန်း၊ ရောင်စုံငှက်ငယ်၊ ခေတ်(၅)ခေတ်မှတူစုံအလှ ပန်းချီကား ၊မဟာဝိဇ္ဇာတန်းမှ ကျောင်းသူများ ရေးဆွဲထားသည့် ချိုချိုချဉ်ချဉ်ရသာစုံလင်၊ သက်ငြိမ်အလှ(၁)၊ သက်ငြိမ်အလှ(၂)၊ ပြေပြစ် လှပခြင်း၊ ပျူရတနာ၊ ရတနာဆင့်ကာတင့်သည့်ညိုပြာ၊ ကိုးပါးရတနာ၊ စသည့် ပန်းချီလက်ရာမွန် (၁၄) ကားနှင့် ပန်းပုပညာဌာနတွင်ပညာဆည်းပူးခဲ့ကြသည့် စတုတ္ထနှစ် ကျောင်းသားကဖိုက်ဘာဖြင့်ပုံဖော်ထုဆစ်ထားသည့်သံစဉ်ပျို၊ မဟာဝိဇ္ဇာတန်းကျောင်းသား က ပလာစတာဖြင့် ပုံဖော်ထုဆစ်ထားသည့် အဲလ်ဘတ်အိုင်းစတိုင်း၊ ပန်းတိုင် . . . သို့၊ စုစုပေါင်းပန်းပုလက်ရာမွန်(၃)ခုတို့ကို ကြည့်ရှုအားပေးကြပါသည်။

          ထို့နောက် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် ပညာဌာနများမှ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်ပြတင်ဆက်မှုအစီအစဉ် များကို ဆက်လက်အားပေးကြည့်ရှုကြရာ  အစီအစဉ်အရ ဒုတိယဝန်ကြီးက ကျောင်းဆင်း ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)သည် တက္ကသိုလ်စတင်ဖွင့်လှစ်ချိန် ၂၀၀၁ ခုနှစ်မှစတင်၍ စာပေနှင့် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု အထူးပြုဘာသာရပ်များကို သင်ကြားပေးခဲ့ပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ  ရုပ်ရှင်နှင့်ပြဇာတ်ဘာသာရပ်ကို ထပ်မံ တိုးချဲ့သင်ကြားပေးခဲ့ပါကြောင်း။ ယခု ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်မှစတင်ကာ တိုင်းရင်းသား တို့ရဲ့ ရိုးရာဂီတနှင့် အကဘာသာရပ်များကို တိုင်းရင်းသားနည်းပြများ ခန့်အပ်ပြီး၊ တိုင်းရင်းသားဒေသများမှပြင်ပပညာရှင်များကိုယ်တိုင် လာရောက်ပို့ချသင်ကြား ပေးလျက် ရှိပါကြောင်း။ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ထိ ဘွဲ့နှင်းသဘင် အခမ်းအနားကို (၁၆) ကြိမ်တိုင် ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၁၄၈၁) ဦးကို လေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း။ မွေးထုတ်ပေးခဲ့သည့် ကျောင်းဆင်းများ သည် ယနေ့အနုပညာလောကမှာသာမက နယ်ပယ်အသီးသီးမှာ အောင်မြင်လျက်ရှိတာကို တွေ့ရှိရတဲ့အတွက် များစွာဝမ်းသာပီတိဖြစ်ရပါကြောင်း။

          အနာဂတ်တွင် နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် လူငယ်များ သည် ကျောင်းသား၊ ကျောင်းသူများသာဖြစ်ပါကြောင်း။ အနာဂတ်ကာလ၏ စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ဘက်စုံထူးချွန်ထက်မြက်အောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါကြောင်း။ အဲဒီလိုပြုစုပျိုးထောင်ရာမှာ အနုပညာဘာသာရပ်ဟာ တစ်ဖက်တစ်လမ်း ကနေ အထောက်အကူဖြစ်စေပါကြောင်း။ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းထိန်းသိမ်း လာတဲ့ ယဉ်ကျေးမှု အမွေအနှစ်များ မှေးမှိန်ပျောက်ကွယ်မသွားနိုင်စေဖို့ မိမိဝါသနာပါရာ အနုပညာရပ်များကို လေ့လာဆည်းပူးပြီး မိမိတို့သင်ယူတတ်မြောက်ခဲ့တဲ့ အနုပညာဘာသာ ရပ်တွေကို ကိုယ်ပိုင်စိတ်ကူးစိတ်သန်းနဲ့ တီထွင်ဆန်းသစ်ကာ မြန်မာ့ယဉ်ကျေးမှုအနုပညာ များကို ဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံတကာနယ်ပယ်မှာ ထိုးဖောက်ဝင်ရောက်နိုင်အောင် ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ အခြားသော အနုပညာတက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင် အောင် ကြိုးစားသွားကြပါလို့ မှာကြားလိုပါကြောင်း။

          တန်ဖိုးမဖြတ်နိုင်တဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ခေတ်အဆက်ဆက်သမိုင်းပညာ ရှင်များ၊ စာပေပညာရှင်များ၊ သုတေသီများ၊ အုပ်ချုပ်သူများနဲ့ ပြည်သူများက သူ့ခေတ် သူ့အခါမှာ သူ့နည်း သူ့ဟန်နဲ့ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြလို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်တွေဟာ ယနေ့ထက်တိုင် ခိုင်မြဲလျက်ရှိနေပါကြောင်း။ ယနေ့မျက်မှောက် ခေတ်ကာလမှာ နည်းပညာများတိုးတက်ပြောင်းလဲမှုနှင့်အတူ ယဉ်ကျေးမှုတွေကို ရောနှော စီးဆင်းနေတဲ့အတွက် မြန်မာတို့ရဲ့အမျိုးသားယဉ်ကျေးမှု ကိုယ်ခံအားတောင့်တင်းခိုင်မာနေ စေဖို့ ယနေ့လူငယ်များက ဝိုင်ဝန်းကြိုးပမ်းအားထုတ်ကြရမှာဖြစ်ပါကြောင်း။

          ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါပျောက်ကွယ်သွားတတ်တာမို့ မောင်တို့ မယ်တို့ အနေနဲ့ အမိတက္ကသိုလ်ကြီးက သင်ကြားပေးလိုက်တဲ့ မြန်မာ့ရိုးရာ အနုသုခုမပညာရပ်များနဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို လူငယ်လူရွယ်များနှင့် အများပြည်သူတို့သိရှိစေရန် ဖြန့်ဝေ ပေးပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ မှာကြားလိုပါကြောင်း။ နိုင်ငံတကာဆက်ဆံရေးမှာ ယဉ်ကျေးမှု သံတမန်အဖြစ် အနုပညာနဲ့နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်အားဖြည့်ကာ မြန်မာ့ယဉ်ကျေးမှုအနုပညာကို ကမ္ဘာကသိအောင် ဖော်ဆောင်ပြီး အနာဂတ်မှာ နိုင်ငံတော် အတွက်အကျိုးပြုမယ့် ထူးချွန်ထက်မြက်တဲ့ ပညာတတ် အနုပညာရှင်ကောင်းများ ဖြစ်လာ ကြပါစေလို့  ဆန္ဒပြုပါကြောင်းပြောကြားသွားပါသည်။

          ထို့နောက် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာရပ်များကိုသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ စင်တင် တင်ဆက်မှုများဖြစ်သော ပြည်ကန်တော်အလှ နတ်မောင်နှမယိမ်းအက၊ ပဏာမဧည့်ခံဂီတသံ (အမျိုးသား+ အမျိုးသမီး မင်္ဂလာဆိုင်း)၊ တေးဂီတအမွေမန္တလာမြေ (လူချွန်လူကောင်း)၊ ပေါင်းစည်းခြင်းရဲ့အလှ၊ လှပစီရီအကပန်းချီ ယိမ်းအက၊ ထိန်းသိမ်းစို့လေ ယဉ်ကျေးမှုအမွေ (ကျောင်းဆင်းဂုဏ်ပြုတေး-ဂီတ+သဘင်)၊ ကကြိုးစုံလင် မင်းသားအသွင်ယိမ်းအက၊ စည်းလုံးစွမ်းပကား တို့အင်အား (ရုပ်သေး)၊ စုစည်း တီးက သွေးချင်းအလှ (ဂီတ+သဘင်)၊ မင်းကနောင်နှင့်ချစ်ခြင်းမေတ္တာ၊ ဖြစ်ချင်အုံးဟဲ့ . . . မင်းသား (ပြဇာတ်)၊ ဆာယာအန္တိ (ကျောင်းဆင်းလက်ရာမွန်ဇာတ်ကား) တို့ကိုဒုတိယ ဝန်ကြီးနှင့် အခမ်းအနားသို့တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ပြီး ဒုတိယ ဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့် ဧည့်သည်တော်များက ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။