သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ နေပြည်တော် ၆.၉.၂၀၂၄

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ကို ယနေ့ ၁၆:၀၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီး‌သော ဆက်ဆံရေးကို အခြေခံ၍ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် မှုများကို တိုးမြှင့်ရေး၊ ပညာတော်သင်များ အပြန်အလှန်စေလွှတ်ရေးနှင့် အိန္ဒိယနိုင်ငံတွင် Archaeological Survey of India (ASI)မှ ဖွင့်လှစ်သည့် Field School of Archaeology တွင်   ဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သင်တန်းသား(၂)ဦးခန့်နှင့် ပြတိုက်ပညာ မဟာဘွဲ့သင်တန်းအတွက် သင်တန်းသား (၂)ဦးခန့် နှစ်စဉ်ခေါ်ယူရေး၊ Information Technology (IT)၊ Computer Science နှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံမှ  Myanmar Institute of Information Technology (MIIT) ကျောင်းသားများကို အိန္ဒိယနိုင်ငံတွင် မဟာဘွဲ့ရယူရေး သင်တန်းသား(၂)ဦးကို နှစ်စဉ်ခေါ်ယူရေး ဆောင်ရွက် စေလိုပါကြောင်း၊ လက်ရှိ Archaeological Survey of India (ASI) မှ ဆောင်ရွက်နေသည့် ပုဂံစေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက်လည်း များစွာကျေးဇူးတင် ရှိပါကြောင်း၊ လုပ်ငန်းများကို မူလရည်မှန်းထားသည့် လျာထားချက်အတိုင်း ၂၀၂၈ ခုနှစ်တွင် ပြီးစီးရန် တွန်းအားပေးစေလိုပါကြောင်း၊ အိန္ဒိယနိုင်ငံမှကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်များအတွင်း ရှေးဟောင်းအမွေအနှစ်ဒေသများ၊ အမျိုးသားပြတိုက်များသို့ လာရောက်ပါက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပါကြောင်း၊ မြန်မာနိုင်ငံမှယဉ်ကျေးမှု အကအဖွဲ့များ ကိုလည်း စေလွှတ်ခဲ့ပါကြောင်းနှင့် ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်အပါအဝင်

ဘုရားဖူးခရီးစဉ်များ တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။