ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲ ကျင်းပခြင်း

            ရန်ကုန်တိုင်းဒေသကြီး၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၅-၉-၂၀၂၄ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ရာ  ရန်ကုန်တိုင်းဒေသကြီး၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဆက်စပ်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ လူမှုရေးရာဝန်ကြီး ဦးဌေး‌အောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊  အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ရန်ကုန်တိုင်းဒေသကြီး အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှးချုပ် ဒေါက်တာသန်းသန်းဝင်းနှင့် ဝဏ္ဏကျော်ထင် ဒေါ်နုနုစိန် တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။  ထို့နောက် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်)ပြိုင်ပွဲ အား ဂုဏ်ပြုသည့် တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အဖွဲ့ သည် ပြိုင်ပွဲကျင်းပရာ နေရာများသို့ လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (အဆင့်မြင့်ပညာအဆင့်)ပြိုင်ပွဲကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ရှိ သရဖီဆောင် တွင် အကပြိုင်ပွဲကိုလည်းကောင်း၊ စွယ်တော်ဆောင်တွင် အမျိုးဂုဏ်၊ဇာတိဂုဏ်မြှင့်တင်ရေး အဆိုပြိုင်ပွဲနှင့် အရေးပြိုင်ပွဲကိုလည်းကောင်း၊ သဇင်ဆောင်တွင် မဟာဂီတ၊ ခေတ်ဟောင်းတေး/ကာလပေါ်‌တေး အဆိုပြိုင်ပွဲနှင့် စောင်း၊ စန္ဒရား၊ ပတ္တလား၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ ဒုံမင်း အတီးပြိုင်ပွဲများကို လည်းကောင်း၊ ကုမုဒြာဇာတ်ရုံတွင် နှဲ၊ ပလွေ ပြိုင်ပွဲများနှင့် ဆိုင်းတစ်ဦးချင်း၊ ဆိုင်းအဖွဲ့လိုက်၊ အိုးစည်၊ ဒိုးပတ်ပြိုင်ပွဲများကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။