မဲခေါင်ရုပ်ရှင်ပွဲတော်၂၀၂၄(ရိုးရာအားကစားနှင့်ရိုးရာအစားအစာ) မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေအစီအစဉ်(MKCF) မှတ်တမ်းရုပ်ရှင် လူငယ်အနုပညာရှင်များလေ့ကျင့်ပျိုးထောင်ပေးခြင်း အကြိုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာ ၁၆

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)က မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေအစီအစဉ်(MKCF)အရ မဲခေါင်ရုပ်ရှင် ပွဲတော်(၂၀၂၄) (ရိုးရာအားကစားနှင့် ရိုးရာအစားအစာ) မှတ်တမ်းရုပ်ရှင် လူငယ်အနုပညာရှင်များ လေ့ကျင့်ပျိုထောင်ပေးခြင်း အကြိုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ Novotel Yangon Max Hotel, Pyay Conference Room ၌ ကျင်းပသည်။

          အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအခြေစိုက်

မဲခေါင်-ကိုရီးယားနိုင်ငံသံရုံးများမှ သံရုံးတာဝန်ခံများ၊ အဆိုပါနိုင်ငံများမှ စီမံကိန်းအကြံပေး ပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ် ‌ဒေါက်တာ ကေသီထွေးနှင့် တာဝန်ရှိသူများ၊ စီမံကိန်းစီမံကွပ်ကဲရေးအဖွဲ့ (PIA  TEAM) အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

          အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ကီလိုမီတာ(၄၈၀၀)ရှည်လျားသည့် မဲခေါင်မြစ်သည် အရှေ့တောင်အာရှ၏ ဗဟိုချက် (၆)နိုင်ငံကို ဖြတ်သန်းစီးဆင်းသွားရာတွင် ဗီယက်နမ်နိုင်ငံ၌ မြစ်ဖျားခံစီးဆင်းခဲ့သည့် မဲခေါင်မြစ်နှင့် ယင်းမြစ်လက်တက်များသည် တရုတ်- မြန်မာ- လာအို- ထိုင်း- ကမ္ဘောဒီးယား-ဗီယက်နမ်နိုင်ငံများမှ လူသန်းပေါင်း(၆၀)ကျော်၏ နေ့စဉ်စားဝတ်နေရေး၊ သွားလာဆက်သွယ်ရေးနှင့် ယဉ်ကျေးမှုတို့ အတွက် အရေးပါသည့် မြစ်ကြီးတစ်စင်းဖြစ်ပါကြောင်း၊ မဲခေါင်မိသားစုနိုင်ငံများအကြား ဖွံ့ဖြိုးတိုး တက်ရေးတွေကို လက်တွဲဆောင်ရွက်ခဲ့ကြရာတွင် ကိုရီးယားသမ္မတနိုင်ငံမှလည်း ပူးပေါင်း ပါဝင်လာခဲ့ပါကြောင်း၊ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (MKCP) ဖွဲ့စည်း ထူထောင်ပြီးနောက် ၂၀၁၃ ခုနှစ်တွင် ဟန်မြစ်ကြေညာစာတမ်းမှာပါရှိသည့် လုပ်ငန်းစဉ်(၆)ခု အဆင်ပြေချောမွေ့စေရေးအတွက် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေအစီအစဉ် (MKCF)ကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊  ၂၀၁၉ခု နှစ်တွင် မဟာဗျူဟာမြောက် မိတ်ဖက်အဆင့်သို့ မြှင့်တင်နိုင်ခဲ့ပြီး ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးကများ ဖော်ထုတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည့် မဲခေါင်ရုပ်ရှင်ပွဲတော် ၂၀၂၄ (ရိုးရာအားကစားနှင့်ရိုးရာအစားအစာ) မှတ်တမ်း ရုပ်ရှင်ပွဲတော်သည် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေအစီအစဉ်ဖြင့် ကျင်းပခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးဆောင်ကာ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)က စီမံချက်ပရောဂျက်များကို တာဝန်ယူဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် မှတ်တမ်းရုပ်ရှင်လူငယ်အနုပညာရှင်များ လေ့ကျင့်ပျိုး ထောင်ပေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနိုင်ငံများတွင် ကျင်းပနိုင်ရန် ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ ရိုးရာအားကစား၊ ရိုးရာအစား အစာများမှတစ်ဆင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကို ဆွဲဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ထိုမှ တစ်ဆင့် တစ်ဦးယဉ်ကျေးမှုကို တစ်ဦးက နားလည်၊ နှစ်သက်၊ ခံစားမိပြီး အချင်းချင်းအပြန်အလှန် လေးစားတန်ဖိုးထားတတ်မှုများမြင့်တက်လာစေမှာဖြစ်ပါကြောင်း၊ ဤသည်ကို ထိန်းသိမ်းမြှင့်တင် ရမည်ဆိုသည့် အတွေးအမြင်ခံယူချက်များကို မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းပေးကြ ရမှာဖြစ်ပါကြောင်း၊ မတူကွဲပြားခြားနားသည့် ယဉ်ကျေးမှုများကို အတူတကွနားလည် မျှဝေခံစား တတ်ခြင်းသည် လူ့ယဉ်ကျေးမှုတစ်ရပ် ဖြစ်သကဲ့သို့ နိုင်ငံချင်းပေါင်းစည်းဆက်နွယ်စေနိုင်သည့် သံခင်းတမန်ခင်းတစ်ရပ်လည်းဖြစ်ပါကြောင်း၊ မတူညီသော နိုင်ငံတစ်နိုင်ငံက ရိုးရာအားကစားနည်း တစ်ခု၊ ရိုးရာအစားအစာတစ်ခုကို ပါဝင်ကစားကြည့်၊ မြည်းစမ်းကြည့်သည့်အခါ ဆန်းသစ်သည့် အတွေ့အကြုံ၊ အရသာနှင့်အတူ စိတ်ဝမ်းကြည်နူးစေရုံသာမက အားကစားနည်းတစ်ခုချင်းစီ၊ အစားအစာတစ်ခုချင်းစီတွင် ပါဝင်သည့် အမွေအနှစ်၊ ဓလေ့ယဉ်ကျေးမှုများကိုပါ နားလည်ယုံကြည် သွားစေနိုင်ပါကြောင်း၊ မဲခေါင်ရုပ်ရှင်ပွဲတော်သည် ယဉ်ကျေးမှုချင်း နားလည်ယုံကြည်မှုများကို တည်ဆောက်နိုင်ကြရန် ဖြစ်ပါကြောင်း၊ ယခုပြုလုပ်ကြမည့် အလုပ်ရုံဆွေးနွေးပွဲသည်  အနှစ်သာရ ပြည့်ဝပြီး အနက်အဓိပ္ပာယ်ပြည့်စုံသည့် ရိုးရာအားကစားနှင့် ရိုးရာအစားအစာ မှတ်တမ်းရုပ်ရှင်များ နိုင်ငံကိုယ်စားပြုရိုက်ကူးနိုင်ရေး ဆွေးနွေးညှိနှိုင်းလုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း၊ မဲခေါင်ရုပ်ရှင် ပွဲတော်မှတစ်ဆင့် မဲခေါင်-ကိုရီးယားနိုင်ငံများ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို အကောင်အထည် ဖော်နိုင်ရန် အထောက်အပံ့ပြုနိုင်မှာဖြစ်ကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သဘင်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ရိုးရာအားကစား သရုပ်ဖော်အကအလှဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

          ဒုတိယပိုင်းအခမ်းအနားအစီအစဉ်များကို ကျင်းပပြုလုပ်ရာ ကမ္ဘောဒီးယားနိုင်ငံ၊ ကိုရီးယား နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ စီမံကိန်းအကြံပေး ပညာရှင် များက လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြပြီး အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။