မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေအစီအစဉ်(MKCF)ဖြင့် “မှတ်တမ်းရုပ်ရှင် လူငယ်အနုပညာရှင်များ လေ့ကျင့်ပျိုးထောင်ပေးခြင်း အကြိုအလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခြင်း

(၇)ကြိမ်မြောက် မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေအစီအစဉ် (Mekong – ROK Cooperative Fund-MKCF) အထောက်အပံ့ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် မဲခေါင်ရုပ်ရှင်ပွဲတော်(၂၀၂၄) (ရိုးရာအားကစားနှင့် ရိုးရာအစားအစာ) မှတ်တမ်းရုပ်ရှင်လူငယ်အနုပညာရှင်များ လေ့ကျင့်ပျိုးထောင်ပေးခြင်း အကြိုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၁၆-၉-၂၀၂၄ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် ရန်ကုန်မြို့၊ Novotel Yangon Max Hotel, Pyay Conference Room ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ မြန်မာနိုင်ငံအခြေစိုက် မဲခေါင်-ကိုရီးယားနိုင်ငံ သံရုံးများမှ သံရုံးတာဝန်ခံများ၊ အဆိုပါ နိုင်ငံများမှ စီမံကိန်းအကြံပေးပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ‌ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) နှင့် တာဝန်ရှိသူများ၊ စီမံကိန်းလုပ်ငန်းအဖွဲ့ (PIA TEAM) အဖွဲ့ဝင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သဘင် ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ရိုးရာအားကစား သရုပ်ဖော်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ကြပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ မှတ်တမ်းရုပ်ရှင်လူငယ်အနုပညာရှင်များ လေ့ကျင့်ပျိုးထောင်ပေးခြင်းအကြို အလုပ်ရုံဆွေးနွေးပွဲကို Pyay Conference Room ၌ ကျင်းပရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ‌ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် စီမံကိန်းလုပ်ငန်းအဖွဲ့ (PIA TEAM) တာဝန်ရှိသူများ၊ စီမံကိန်းအကြံပေးပညာရှင်များဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံမှ (၂)ဦး၊ ကိုရီးယားနိုင်ငံမှ (၂)ဦး၊ ထိုင်းနိုင်ငံမှ(၂)ဦး၊ ဗီယက်နမ်နိုင်ငံမှ(၁)ဦး၊ လာအိုနိုင်ငံမှ(၂)ဦး မြန်မာနိုင်ငံမှ(၂)ဦး၊ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက လုပ်ငန်းဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ၁၆:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ စီမံကိန်းအကြံပေးပညာရှင်များအား ညနေ ၆:၃၀ နာရီတွင် Novotel Yangon Max Hotel ၊ Pathein Room ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ စီမံကိန်းအကြံပေး ပြည်ပပညာရှင်များအား ၁၆-၉-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် ရွှေတိဂုံ စေတီသို့လည်းကောင်း၊ ၁၇-၉-၂၀၂၄ ရက်နေ့နံနက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် အမျိုးသားပြတိုက်သို့လည်းကောင်း လေ့လာရေးခရီးစဉ်အဖြစ် လိုက်ပါပို့ဆောင်ပေးခဲ့ပြီး နေ့လယ်ပိုင်းတွင် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ထွက်ခွာခဲ့ပါကြောင်း သတင်းရရှိပါသည်။