သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော် အထွေထွေပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးဘက်စုံလွှမ်းခြုံသော အစီအစဉ် Master Plan ရေးဆွဲရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ စက်တင်ဘာ  ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည်  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊   အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်၌ ယနေ့ ညနေ ၁၅:၀၀နာရီ အချိန်တွင်   ရောက်ရှိပြီး နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်ဖြစ်သော ကျန်စစ်သားမင်းကြီး၏ အတ္ထုပ္ပတ္တိကျောက်စာထိန်းသိမ်းထားရှိမှု၊ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် (Memory of the World – MoW) ရရှိထားသော ဘုရင့်နောင်မင်းတရားကြီးလှူဒါန်းခဲ့သည့်  ခေါင်းလောင်းတွင် ဘုရင့်‌နောင်မင်းတရားကြီး၏ တိုက်ခိုက်အောင်မြင်ရာ အရပ်ဒေသနှင့် သာသနာပြုခဲ့ပုံတို့ကို ရေးထိုး ထားသည့် စာသားများအား ထင်ရှားအောင် ကြေးချွတ်သန့်စင် ဆောင်ရွက်နေမှု၊ အရှေ့ဘက် ကြေးကူတိုက် ပြုပြင်ထိန်းသိမ်းနေမှု၊ မူလခင်းထားသည့် သဘာဝသဲကျောက်ပြားများအား စမ်းသပ်တူးဖော်နေမှုများကို ကြည့်ရှုစစ်ဆေးပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည်   ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ နိုင်ငံတော်အကြီးအကဲ၏ခရီးစဉ် လမ်းညွှန်ချက်ပါ ရွှေစည်းခုံ ဘုရားအထွေထွေ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ရေရှည်တွင် စနစ်တကျ ဆောင်ရွက်နိုင်ရေး ဘက်စုံလွှမ်းခြုံသောအစီအစဉ် Master Plan ရေးဆွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့   တက်ရောက်ပါသည်။

          ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေး စတင်ခဲ့ပြီး  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ လာရောက်သည့် ခရီးစဉ်(၄)ကြိမ်တွင် ရွှေစည်းခုံစေတီတော်ကြီးနှင့် ပတ်သက်၍ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ စနစ်တကျ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းများတွင် အထူးစိတ်ဝင်စားစွာ လမ်းညွှန်ပံ့ပိုးပေးလျက်ရှိသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊  ပုဂံဒေသတွင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး  ရေကြီးရေလျှံမှုများဖြစ်ပြီး၊ ရှေးဟောင်းအဆောက်အအုံ (၃၉) ဆူအတွင်း ရေဝင်ရောက်သဖြင့် ထိခိုက်ပျက်စီးခဲ့မှုများ ရှိခဲ့ပါကြောင်း၊ ဤသို့ပျက်စီးမှုများမဖြစ်စေရန်အတွက် မိုခါမုန်တိုင်းအပြီး ပုဂံဒေသသို့ နိုင်ငံတော် အကြီးအကဲ ရောက်ရှိချိန်တွင် ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးထိခိုက်မှု နောင်တွင် မဖြစ်ပေါ်စေရေးအတွက် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေလမ်းကြောင်းများ ရှာဖွေ ဖော်ထုတ်ခြင်း၊ ရေကန် (၉၁) ကန် ပြန်လည်ဆည်ယူစေခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေလမ်းကြောင်း ရှင်းလင်းခြင်းများ ဆောင်ရွက်စေခြင်းများကို အမြော်အမြင်ရှိစွာဖြင့် လမ်းညွှန် မှာကြားမှုနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်မှုကြောင့် ယခုနှစ် ရာဂီမုန်တိုင်း ဖြစ်စဉ်တွင် မိုခါမုန်တိုင်းကာလကဲ့သို့ မိုးရေချိန်အလွန်များခဲ့သော်လည်း ရေစီး ရေလာ ကောင်းမွန် ခြင်းနှင့် ဆည်ယူထားသောကန်များအတွင်း ရေများစီးဆင်းဝင်ရောက်မှု ကောင်းမွန်ခြင်း ကြောင့် ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံများ ထိခိုက်မှုနှင့် ရေဝပ်ရေလျှံမှုလည်း အလွန် နည်းပါးသည် ကို တွေ့ရှိရပါကြောင်း၊ ရွှေစည်းခုံစေတီတော်ကြီးသည် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ညောင်ဦးမြို့ အနောက်ယွန်းယွန်း၊ ဧရာဝတီမြစ်ကမ်းနဖူးပေါ်တွင် တည်ရှိပါကြောင်း၊ စေတီ၏ တစ်ဖက်လျှင် အလျားပေ (၇၅၀)ကျော်ရှိသည့် မဟာရံတံတိုင်း လေးဘက်လေးတန် ဝန်းရံလျက် စတုရန်းပုံကျကျ တည်ဆောက်ထားပါကြောင်း၊  ဉာဏ်တော်ပေ(၁၆၀)၊ ဖိနပ်တော် အကျယ်ပေ (၁၆၀)ရှိပြီး ရွှေရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် ဆောင်လျက်ရှိသော ပုဂံခေတ်ဦး မြေစိုက် စေတီတော်ကြီးဖြစ်ပါကြောင်း၊ အနော်ရထာမင်းကြီး (၁၀၄၄-၁၀၇၇)သည် ရွှေစည်းခုံစေတီတော်ကြီး ကို ကောဇာသက္ကရာဇ် ၄၂၁ခုနှစ်၊ တပို့တွဲလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင် တည်ဆောက်ခဲ့ပြီး ပုဂံ၏တောင်ဖက်ရှိ တုရင်တောင်မှ သဲကျောက်များ သယ်ယူ‌တည်ဆောက် ထားသော စေတီတစ်ဆူ ဖြစ်ပါကြောင်း၊ ကျန်စစ်သားမင်းကြီး (အေဒီ၁၀၈၄-၁၁၁၃)သည် ကောဇာ သက္ကရာဇ် ၄၅၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မပြီးပြတ်ခဲ့သော စေတီတော်ကြီးကို ဆက်လက် တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂ ခုနှစ်၊ ကဆုန်လပြည့် နေ့တွင်ပြီးစီးခဲ့သည်ဟု မှတ်တမ်းများအရ သိရှိရပါကြောင်း၊  နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်များနှင့်အညီ  ရွှေစည်းခုံစေတီတော်ကြီး ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ဘက်စုံ လွှမ်းခြုံသောအစီအစဉ် (Master Plan) ရေးဆွဲနိုင်ရေးအတွက် ယခုအစည်းအဝေး ပြုလုပ် ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းများတွင် လိုအပ်သည်များကိုလည်း လမ်းညွှန်ပံ့ပိုးပေးလျက် ရှိပါကြောင်း၊  ရွှေစည်းခုံစေတီတော်ကြီးတွင် ရှေးဟောင်းလက်ရာ ကျန်ရှိမှု အဆင့်မှာ Grade 1 ဖြစ်ပြီး  ကျန်စစ်သားမင်းကြီး အတ္ထုပ္ပတ္တိကျောက်စာတိုင်နှစ်တိုင်၊ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် (Memory of the World – MoW) ဘုရင့်နောင်မင်းတရားကြီး၏ ဘာသာ (၃)မျိုးဖြင့် ရေးထိုးထားသည့် ခေါင်းလောင်းကြီးလည်း ရှိကြောင်း၊ ရွှေစည်းခုံစေတီတော် ရင်ပြင်တွင် ယခင်က အဆောက်အဦ များကို သင့်လျော်သလိုသာ ဆောက်လုပ်ထားကြသည်ကို တွေ့ရှိရကြောင်း၊ လေးဘက်လေးတန်ရှိ ကြေးကူတိုက်များသည် သမိုင်းအရ အရေးပါသည့်နေရာများ ဖြစ်ကြောင်း၊ ဘုရားရင်ပြင်တော်ကို လည်း  ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခုနှင့်အညီ ဆီလျော် တင့်တယ်မှုရှိအောင် ဆောင်ရွက်ရန် လိုအပ်သည်ကို တွေ့ရှိရကြောင်း၊ ရွှေစည်းခုံစေတီတော်ဝင်းအတွင်းရှိ  ခေတ်အဆက်ဆက်  အလှူရှင်များလှူဒါန်းမှုဖြင့် ဆောက်လုပ်ထားသော အဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရာတွင် မူလအလှူရှင်များ၏ ဆွေမျိုးများကို ပြန်လည် ဆက်သွယ်၍ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ မူလအလှူရှင်များ ပြုပြင်နိုင်ခြင်းမရှိပါက ဂေါပကအဖွဲ့အနေဖြင့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရွှေစည်းခုံဘုရား တောင်ဘက် မုခ်ဘက်မှ ဘုရားဖူးများလွယ်ကူစွာဝင်ရောက်ဖူးမြော်နိုင်ရေး လိုအပ်သည့် ဆောင်ရွက်မှုများ စီမံ ဆောင်ရွက်သွားရန်နှင့် ရွှေစည်းခုံစေတီတော်ကြီးသို့ ဝင်ရောက်သည့် ပြည်တွင်း၊ ပြည်ပ  ဘုရားဖူး မှတ်တမ်းများပြုစု၍ တစ်နေ့လျှင် ဘုရားဖူးမည်မျှ ဝင်ရောက်သည်ကို ပြန်လည်ဆန်းစစ်ပြီး ဘုရားဖူးများ ဖူးမြော်ပူဇော်ရာမှာ အဆင်ပြေအောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်ကြောင်း၊ ရွှေစည်းခုံစေတီတော်ကြီး တည်ထားခဲ့စဉ်ကတည်းက ခင်းထားသည့် သဲကျောက်ပြားများနှင့် နောက်ပိုင်းခေတ်မှာပျက်စီးမှုကို အစားထိုးထားသည့် စကျင်ကျောက်ပြားများကို အချိန်ယူ ပြန်ဖော်ပြီး စနစ်တကျထိန်းသိမ်းကာ ယခုပြုပြင်ခင်းထားသည့် စကျင်လျှောက်လမ်းနှင့် Level ညှိ၍ ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊  ယခု ရေးဆွဲမည့်  Master Plan ကို အမြန်ဆုံး ရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း  ပြောကြားသည်။  

          ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီးက  ရွှေစည်းခုံဘုရားအထွေထွေ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်တွင် စနစ်တကျ ဆောင်ရွက် နိုင်ရေး ဘက်စုံလွှမ်းခြုံသော အစီအစဉ် Master Plan ရေးဆွဲရေးနှင့်ပတ်သက်၍ အကောင်းဆုံး အကြံပြုခြင်းဆောင်ရွက်ပေးရန်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သယံဇာတ ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က Master Plan ရေးဆွဲရေးနှင့်ပတ်သက်၍ ပူးပေါင်းပါဝင်၍ လိုအပ်သည်များ အားဖြည့် ဆောင်ရွက်မည့်အခြေအနေကို လည်းကောင်း၊  ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊  မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အဆောက်အဦဦးစီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊   မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာသမိုင်းအဖွဲ့၊ ရွှေတိဂုံဘုရားကြီး၏ ဥပသကာဂေါပကအဖွဲ့၊ ရွှေစည်းခုံ ဘုရားဂေါပကအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များ၊ မန္တလေးမဟာမြတ်မုနိဘုရား ဂေါပကအဖွဲ့တို့အနေဖြင့်  ပညာရှင်များ ပူးပေါင်း၍ Master Plan ရေးဆွဲနိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးလိုအပ်သည့် အကြံပြုတင်ပြချက်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။

          နိဂုံးချုပ်အနေဖြင့်  ပြည်ထောင်စုဝန်ကြီးက ရှေးမူမပျက်စေရန် ရှေးဟောင်း အဆောက်အအုံ များ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလပုံစံ အတိုင်း ပြုပြင်ထိန်းသိမ်းနိုင်ရန်  မူလအလှူရှင်များ၏ဆွေမျိုးများကို ဆက်သွယ်ရန်၊ ဘုရားဖူးများ လွယ်ကူစွာ ဖူးမြော်နိုင်ရန်၊ UNESCO ၏ အကြံပြုချက်များကို လက်ခံ၍ ထိန်းသိမ်းရေးပညာရှင်များ ဝိုင်းဝန်းဆွေးနွေးရန်၊ ရွှေစည်းခုံဘုရား Master Plan အား အပြည့်စုံဆုံးနှင့် အကောင်းဆုံး ဖြစ်စေရေး မူကြမ်းများ အဆင့်ဆင့်ပြုစု၍ ဝိုင်းဝန်းရေးဆွဲပြုစုပေးရန်၊ နယ်ပယ်အသီးသီးမှ ပညာရှင်များ ပါဝင်သော ရွှေစည်းခုံစေတီတော် အထွေထွေပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ရေရှည်စနစ်တကျ ဆောင်ရွက်နိုင်ရန် Master Plan ရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်တို့ကို မှာကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အစည်းအဝေးကို ၁၇:၀၀ နာရီအချိန်တွင် ရုပ်သိမ်းပြီးနောက် ရွှေစည်းခုံစေတီတော်ကြီး အား ဖူးမြော်ကြည်ညို၍ လှည့်လည်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။