သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော် အထွေထွေပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများစနစ်တကျ ဆောင်ရွက်နိုင်ရေးဘက်စုံလွှမ်းခြုံသော အစီအစဉ် Master Plan ရေးဆွဲရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း နှင့် ရှေးဟောင်းသာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုအခြေအနေလှည့်လည်စစ်ဆေး နေပြည်တော်၊ စက်တင်ဘာ  ၃၀

 သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုဂံကမ္ဘာ့အမွေအနှစ် ဒေသရှိ ရွှေစည်းခုံစေတီတော်၌ ယနေ့ (၀၈:၀၀) နာရီအချိန်တွင် ဒုတိယနေ့အဖြစ် ဆက်လက် ကျင်းပပြုလုပ်သည့် နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ ရွှေစည်းခုံဘုရားအထွေထွေ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်တွင် စနစ်တကျ ဆောင်ရွက်နိုင်ရေး ဘက်စုံလွှမ်းခြုံသော အစီအစဉ် Master Plan ရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့   တက်ရောက်ပါသည်။

           ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေး စတင်ခဲ့ပြီး  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ရွှေစည်းခုံဘုရားအထွေထွေ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်တွင် စနစ်တကျ ဆောင်ရွက် နိုင်ရေး ဘက်စုံလွှမ်းခြုံသော အစီအစဉ် Master Plan ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ထိရောက်စေရန် ဒုတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးသည့် အစီအစဉ်ဖြစ်ပါကြောင်း၊ Master Plan ရေးဆွဲရေးလုပ်ငန်းသည် အလွန်အရေးကြီးသောကြောင့် ဘက်စုံထောင့်စုံ ပြီးပြည့်စုံအောင် ဆွေးနွေးမှုများ အကြိမ်ကြိမ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် Master Plan ရေးဆွဲပြီးစီးရမည်ဖြစ်သောကြောင့်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် Final ပြီးစီးနေရမည်ဖြစ်ပါကြောင်း၊ ယမန်နေ့ အစည်းအဝေးဆွေးနွေးချက် ရလဒ်များအပေါ်မူတည်၍ ဆက်လက်ဆွေးနွေး အကြံပြုပေးရန် ဖြစ်ပါကြောင်း၊ ရွှေစည်းခုံစေတီတော်ကြီး Master Plan ရေးဆွဲ၍ ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိခြင်းသည်ပင်လျင် အခွင့်အရေးကောင်း ရရှိခြင်းဖြစ် ပါကြောင်း၊ ယခုရေးဆွဲမည့်  Master Plan ကို ပြည့်ပြည့်စုံစုံ မြန်မြန်ဆန်ဆန် ရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် ပြောကြားသည်။   

          ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ရွှေစည်းခုံစေတီတော် အထွေထွေပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်တွင် စနစ်တကျ ဆောင်ရွက်နိုင်ရေး ဘက်စုံ လွှမ်းခြုံသော အစီအစဉ် Master Plan ရေးဆွဲရေးနှင့်ပတ်သက်ပြီး ပူးပေါင်းပါဝင်၍ လိုအပ်သည်များ အားဖြည့် ဆောင်ရွက်မည့်အခြေအနေကို ဆွေးနွေးပြောကြားပါသည်။ ထို့နောက် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက ဘက်စုံလွှမ်းခြုံသော အစီအစဉ် Master Plan ရေးဆွဲရေးနှင့်ပတ်သက်၍လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဘက်စုံလွှမ်းခြုံသော အစီအစဉ် Master Plan ရေးဆွဲနိုင်ရေး ပထမနေ့ရက် အစည်းအဝေး ဆွေးနွေးခဲ့မှုအခြေအနေနှင့် အချက်အလက်များအား လည်းကောင်း ဆွေးနွေးတင်ပြခဲ့ ပါသည်။

          ၎င်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ဥက္ကဋ္ဌ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက်‌ ဆွေးနွေးကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရွှေစည်းခုံစေတီတော် Master Plan အား အပြည့်စုံဆုံးနှင့် အကောင်းဆုံးဖြစ်စေရေး သက်ဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ နယ်ပယ်အလိုက် ပညာရှင် များက ဆွေးနွေးညှိနှိုင်းပူးပေါင်း  ဝိုင်းဝန်းရေးဆွဲပြုစုပေးရန်၊ သက်ဆိုင်ရာနယ်ပယ် အသီးသီးမှ ပညာရှင်များ ပါဝင်သော ရွှေစည်းခုံစေတီတော် အထွေထွေပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ရေရှည်စနစ်တကျ ဆောင်ရွက်နိုင်ရန် Master Plan ရေးဆွဲရေးအဖွဲ့ဖြင့် အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်ရန်  မှာကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အစည်းအဝေးကို    (၁၀:၃၅)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

          ၎င်းနောက် ရှေးဟောင်းအဆောက်အအုံအမှတ်-၂၃၅(သိကြားပုန်းဘုရား)အား အိန္ဒိယနိုင်ငံ Archaeological servey in India (ASI) အဖွဲ့က ဆောင်ရွက်ထားသည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ ဘုရားဝန်းကျင်ရှိ ကားရပ်နားရန် မြေသားနေရာအား ချဲ့ထွင်ဆောင်ရွက်နေမှုနှင့် ကားရပ် ထားရန်နေရာနှင့် မလွတ်ကင်းသည့် စည်းကမ်းချက်ဆိုင်းဘုတ်များအား အနောက်ဘက် (သာသနာ့ဗိမာန်)သို့ ရွှေ့ပြောင်းရန် လမ်းညွှန်ချက်အပေါ် ဆောင်ရွက်ထားရှိမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့သို့ ကြည့်ရှုစစ်ဆေးပြီးနောက် ယာဉ်ရပ်နားမှုအဆင်ပြေစေရေးနှင့် မြေသားများ ကြံ့ခိုင်စေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက် အင်ချောင်းကျေးရွာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ အကူအညီဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် စက်ရေတွင်း (၃)တွင်း တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် နယ်စပ်ရေးရာ ဝန်ကြီးဌာန အကူအညီဖြင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အင်တောကျေးရွာ စက်ရေတွင်း(၂) တွင်းအား တူးဖော်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံများ သောက်သုံးရေ ရှားပါးမှု အဆင်ပြေစေရေး ဆောင်ရွက်ပေးခြင်းဖြစ်ရာ ဒေသခံများအနေဖြင့်လည်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးရန်   မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ကျောက်ပန်းတောင်းမြို့၊ သီရိမင်္ဂလာရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ဌာန ဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံ၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောက်ပန်း တောင်းမြို့နယ် ရေရရှိရေးနှင့် ပုပ္ပါးဒေသသာယာလှပရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ညှိနှိုင်းပြီးဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက   ဒေသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကို ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ က ရေရရှိရေးနှင့် ရေပေးဝေနိုင်မှု ဦးစားပေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက မြို့မိမြို့ဖများအနေဖြင့် မိမိတို့တတ်အားသရွေ့ ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။