“ရှေးဟောင်းမြန်မာ့သမိုင်းအထောက်အထားများကိုပုံဖော်ခြင်း (ကုန်းဘောင်ခေတ်)” သုတေသနစာတမ်းဖတ်ပွဲကျင်းပ (နေပြည်တော်)  ၁ – ၁၀ – ၂ဝ၂၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနက ကြီးမှူးကျင်းပသည့် ရှေးဟောင်းမြန်မာ့သမိုင်းအထောက်အထားများကို ပုံဖော်ခြင်း (ကုန်းဘောင်ခေတ်)” သုတေသနစာတမ်းဖတ်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀)နာရီ တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပခဲ့ရာ ဖွင့်ပွဲ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ မြန်မာသမိုင်းအဖွဲ့ပညာရှင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာတမ်းရှင်များ တက်ရောက်ခဲ့ကြပြီး သီးခြားဖိတ်ကြားထားသော ဧည့်သည်တော်များ အဖြစ် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်သော် နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တို့ တက်ရောက်ခဲ့ကြကာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

          အဖွင့်အမှာစကား ပြောကြားရာတွင် ရှည်လျားလှသော မြန်မာ့သမိုင်းကြောင်းကို ခြေရာ ကောက်ကြည့်မည်ဆိုပါကကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှ စတင်လာသည်ကို တွေ့ရ မည်ဖြစ်ပြီး စာပေ စတင်ပေါ်ထွန်းလာသော ပျူခေတ်ရောက်သည့်အခါ ပဒေသရာဇ်စနစ် စတင် အသက်ဝင် ကျင့်သုံးလာပြီလို့ ဆိုရမှာဖြစ်ပါကြောင်း၊ ထို့နောက် ပုဂံခေတ် ၁ဝ၄၄ ခုနှစ် အနော်ရထာမင်း စတင်တည်ထောင်လာခဲ့သည့် ပထမမြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်းလာသည် ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ တစ်ချို့သော သမိုင်းပညာရှင်များက ပျူခေတ် သရေခေတ္တရာကို ပထမမြန်မာနိုင်ငံတော်ကြီးလို့ ယူဆနိုင်သည်ဟု ရေးသားပြောဆိုခဲ့သည်ကို သိရှိရပါကြောင်း၊ ထို့နောက် တောင်ငူခေတ် ဘုရင့်နောင်၏ ဒုတိယမြန်မာနိုင်ငံတော်ကို ဖြတ်သန်းလာခဲ့ပြီး ၁၇၅၂ ခုနှစ်ရောက်သည့်အခါ ကုန်းဘောင်ခေတ်ကို အစပြုခဲ့သော အလောင်းမင်းတရားကြီး၏ တတိယမြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်းလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ကုန်းဘောင်ခေတ် တွင် အင်္ဂလိပ်-မြန်မာစစ်ပွဲ (၃)ကြိမ်ဖြစ်ပွားပြီး ပဒေသရာဇ်စနစ် ချုပ်ငြိမ်းခဲ့ရပြီး မြန်မာ့အချုပ် အခြာအာဏာသည်လည်း ဆုံးရှုံးခဲ့ရပါကြောင်း၊ ထို့နောက် ကိုလိုနီဘဝမှ လွတ်မြောက်အောင် နှလုံးရည်၊ လက်ရုံးရည်စွမ်းအားနှင့် ကြိုးစားခဲ့ရာ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ စတင်သည့် ၁၈၂၄ ခုနှစ်မှစပြီး ရေတွက်မည်ဆိုပါက ၁၂၄ နှစ်ခန့်နှင့် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့သည့် ၁၈၈၅ ခုနှစ်မှ ရေတွက်မည်ဆိုပါက ၆၃ နှစ်ခန့် ကြာမြင့်ခဲ့ပြီး  ၄ ဇန်နဝါရီ ၁၉၄၈ ခုနှစ်ရောက်မှ လွတ်လပ်ရေးရရှိခဲ့တာဖြစ်ပါကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးကို တန်ဖိုးထားစေချင်ပါကြောင်း၊ ၁၇၅၂ ခုနှစ်မှ စတင်ခဲ့သော ကုန်းဘောင်ခေတ်သည် ၁၈၈၅ ခုနှစ်အထိ တည်တံ့လာခဲ့ပြီး ထိုခေတ် မြန်မာနိုင်ငံ၏အခြေအနေကို ပြည်တွင်းပညာရှင်များသာမက ပြည်ပပညာရှင်များ ပြုစု ရေးသားထုတ်ဝေခဲ့သည့် စာအုပ်စာတမ်း အထောက်အထားတွေ အများကြီးရှိပါကြောင်း၊ သို့သော် စာအုပ်စာတမ်းများသည် အများအားဖြင့် တစ်ဆင့်ခံအထောက်အထားများသာဖြစ်ပါ ကြောင်း၊ တစ်ဆင့်ခံအထောက်အထားများထက် မူရင်းအထောက်အထားများကို အသုံးပြုပြီး ရေးသားသော စာအုပ်စာတမ်းများသည် သမိုင်းပိုမိုခိုင်မာပါကြောင်း၊ ပို၍ယုံကြည်စိတ်ချရပါ ကြောင်း၊ ထို့ကြောင့် ယုံကြည်စိတ်ချရသော အထောက်အထားရရှိရန် အလွန်အရေးကြီးပါ ကြောင်း၊ ရှေးဟောင်းမြန်မာ့သမိုင်းကို ရေးသားရာမှာ အထောက်အထားများကို စာအုပ်စာတမ်း များ၊ ကျောက်စာများ၊ ပေ၊ ပုရပိုက် စသည်တို့မှ ရရှိနိုင်မှာဖြစ်ပါကြောင်း၊ ခေတ်ပြိုင်အထောက် အထားများကိုလည်း ကြည့်ရမှာဖြစ်ပါကြောင်း၊ သို့မှသာ ပြီးပြည့်စုံသော စာတမ်း၊ စာအုပ် ဖြစ်လာမည်ဖြစ်ကြောင်း၊ ရရှိလာသော အထောက်အထားသည် ခိုင်မာစိတ်ချ၍ ရ မရ နှင့် မည်သို့ အသုံးချရမည်၊ မည်မျှ အစစ်အမှန်ဖြစ်သည်၊ မည်မျှတန်ဖိုးရှိသည်တို့ကို စစ်ဆေးရမည်ဖြစ်ပြီး ယခု အသုံးပြုခြင်း၊ အသုံးမပြုခြင်းထက် နောင်သုတေသီတို့အတွက် လမ်းဖွင့်ပေးခဲ့ရမည် ဖြစ်ကြောင်း၊ ယနေ့ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက မင်းပေါင်း (၁၁) ဆက်စိုးစံခဲ့တဲ့ ကုန်းဘောင်ခေတ်ကြီးကို ခိုင်မာတဲ့ ရှေးဟောင်းအထောက်အထားများကို အသုံး ပြု၍ ထိုခေတ်၏ သာသနာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး စသည့်အခြေအနေ များကို ပုံဖော်ရန်အတွက် စာတမ်းဖတ်ပွဲကို ကျင်းပခြင်းဖြစ်ပြီး ကုန်းဘောင်ခေတ်နှင့်ပတ်သက်၍ လူအများ ပိုပြီးကျယ်ပြန့်စွာ လေ့လာနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယနေ့ စာတမ်းဖတ်ကြားမည့်သူတွေသည် မိမိတို့ရရှိထားသည့် အထောက်အထားများကို မည်သို့ အသုံး ချမည်၊ မိမိတို့ဆိုလိုချင်သော ရည်ရွယ်ချက်ကို ရောက်အောင် မည်သည့်လမ်းက မည်သည့်နည်း ဖြင့် မည်သို့ရောက်အောင် ဖတ်ကြားတင်ပြကြမည်ကို နားထောင်ကြည့်ရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မြင့်က သုတေသနစာတမ်းဖတ်ပွဲ ကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။

ထို့နောက် နံနက်ပိုင်းစာတမ်းဖတ်ကြားခြင်းအစီအစဉ်တွင် မြန်မာသမိုင်းအဖွဲ့၊ အချိန်ပိုင်း အဖွဲ့ဝင် ဦးကျော်စိုးက “ပုရပိုက်အထောက်အထားများတွင်တွေ့ရသော ရွှေပြည် ရန်အောင် မြင်းမြေ အရှေ့လက် လူမှုစီးပွားရေးသမိုင်း”စာတမ်း၊ ရေနံချောင်းတက္ကသိုလ်၊ ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာချိုချိုမြင့်နှင့် ပါမောက္ခ၊ ဌာနမှူး ဒေါက်တာကျော်ဆွေဦး တို့က “ကုန်းဘောင်ခေတ် ဒုတိယအကြိမ် တရုတ်-မြန်မာ ချစ်ကြည်ရေးသံခင်းတမန်ခင်း”စာတမ်းအား ဖတ်ကြားဆွေးနွေး ခဲ့ပြီး မွန်းလွဲပိုင်းစာတမ်းဖတ်ကြားခြင်းအစီအစဉ်တွင် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလဲ့လဲ့ဝင်းက “ကုန်းဘောင်ခေတ်စစ်တမ်းထဲမှ မုတ္တမမြို့” စာတမ်း၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနှင်းယုခိုင်က “ဟံသာ၀တီ (၃၂)မြို့မှ ကျေးရွာ၊ အိမ်ခြေနှင့် လူဦးရေစာရင်းပါဝင်သော စစ်တမ်းများအား လေ့လာခြင်း” စာတမ်း၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်စန်းက “ရေနံချောင်း စိန်ပန်းကျောင်းတိုက်မှ ပုရပိုက်မှတ်တမ်းများကို ပုံဖော်ခြင်း” စာတမ်းနှင့် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်မာလာလွင်က “စလေရုပ်စုံကျောင်းနှင့် ကိုးဆောင် ကျောင်းရှိ ပုရပိုက်မှတ်တမ်းများကို သမိုင်းအမြင်ဖြင့် ပုံဖော်ခြင်း” စာတမ်းများအား ဖတ်ကြား ဆွေးနွေးခဲ့ကြပြီး မြန်မာသမိုင်းအဖွဲ့ဝင် ဒေါက်တာမြင့်သိန်း၊ ဒေါက်တာစိန်မြင့်နှင့် မြန်မာသမိုင်း အဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင် ဦးတင်ခြုံတို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြကာ စာတမ်း ဖတ်ပွဲသို့ တက်ရောက်လာကြသူများက အကြံပြုလိုသည်များနှင့် သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။

ဖတ်ကြားခဲ့သည့် စာတမ်းများနှင့်ပတ်သက်၍ မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာမြင့်သိန်း က ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ သဘာပတိများနှင့် စာတမ်းရှင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ညနေ (၄:၅ဝ) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။