နိုင်ငံတစ်နိုင်ငံ၏ စာပေယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံအတွင်းစာပေပြန့်ပွား တိုးတက်မှုအပေါ်မှီတည်နေပါသည်။ စာကြည့်တိုက်အမျိုးအစားအမျိုးမျိုးရှိပြီး မြန်မာနိုင်ငံအတွင်းရှိစာကြည့်တိုက်များအနေဖြင့် စာပေအသိပညာဗဟုသုတများပြန့်ပွားရန်၊စာပေဝန်ဆောင်မှုများဆောင်ရွက်ပေးရန်တို့ကို နည်းအမျိုးမျိုးနှင့် ဆောင်ရွက်လျက်ရှိကြပါသည်။
အမျိုးသားစာကြည့်တိုက်သည်လည်း နိုင်ငံကိုကိုယ်စားပြုသည့် နိုင်ငံတော်အဆင့်စာကြည့်တိုက်တစ်ခုအဖြစ်ဖြင့်စာပေအမွေအနှစ်များကိုထိန်းသိမ်းနိုင်ရုံမကဘဲနောင်လာနောင်သားများအတွက်လက်ဆင့်ကမ်းသယ်ဆောင်ပေးလျက်ရှိပါသည်။
ယနေ့ခေတ်တွင်ခေတ်မီသတင်းအချက်အလက်နည်းပညာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ စာကြည့်တိုက်အများစုတွင်လည်း စုဆောင်းထားရှိသည့် စာပေပစ္စည်းအထောက်အထားများကို ဒစ်ဂျစ်တယ်ပုံစံပြောင်းလဲထိန်းသိမ်း၍ ဝန်ဆောင်မှုနှင့် သတင်းအချက်အလက်ဝေမျှမှုများကို ခေတ်မီဒစ်ဂျစ်တယ်စနစ်သုံးစာကြည့်တိုက်များအဖြစ်ပြောင်းလဲဆောင်ရွက်လာကြပါသည်။
မြန်မာနိုင်ငံအမျိုးသားစာကြည့်တိုက်သည်ဘားနတ်စာကြည့်တိုက်မှစာစုကိုအရင်းတည်၍ဖွင့်လှစ်သောစာကြည့်တိုက်ဖြစ်ပါသည်။၁၈၈၃ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်ဝန်ရှင်တော်မင်းကြီးဆာချားအက်ဒွပ်ဘားနတ် (Sir Charles Edward Bernard) နှင့်အောက်မြန်မာပြည်တရားပိုင်မင်းကြီး၊ ပညာရေးဆင်ဒီကိတ်အဖွဲ့ဝင်ဥက္ကဌ ဆာဂျွန်ဂျာဒင်း (Sir John Jardine) တို့ကအမှူးပြု၍”ဘားနတ်အခလွတ်စာကြည့်တိုက်”ကိုဖွင့်လှစ်ခဲ့ပါသည်။
လွတ်လပ်ရေးရပြီးကာလ၁၉၅၂ ခုနှစ် ဇွန်လ (၁)ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ နိုင်ငံတော်စာကြည့်တိုက်၊ ၁၉၆၄ ခုနှစ်တွင် အမျိုးသားစာကြည့်တိုက်ဟူသောအမည်များဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။
အမျိုးသားစာကြည့်တိုက်သည် နေရာအသီးသီး ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါ အများပြည်သူ သွားလာရလွယ်ကူသော နေရာဖြစ်သည့် ရန်ကုန်မြို့လယ် ကုန်သည်လမ်းပေါ်တွင် ရှိသည့် ယခင် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း ရုံးချုပ်အဖြစ် အသုံးပြုခဲ့သည့် နှစ်ပေါင်း (၁၀၀) ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံကို ပြုပြင်မွမ်းမံခဲ့ပါသည်။ ထို့နောက် ခေတ်မီစာကြည့်တိုက်တစ်ခုအဖြစ် ပြောင်းလဲဆောင်ရွက်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ပြီး အများပြည်သူအား ဝန်ဆောင်မှုပေးနိုင်ခြင်းသည်လည်း ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့ပါသည်။ ခေတ်မီအမျိုးသားစာကြည့်တိုက်(ရန်ကုန်) အဆောက်အဦသည် (၄)ထပ် အဆောက်အဦဖြစ်ပြီး မြေညီထပ်တွင် Data Center, CCTV Control Room စာအုပ်စင်ခန်းများ နှင့် Exhibition Hall တို့ဖြင့် ဖွဲ့စည်းထားပါသည်။ Exhibition Hall တွင်လည်း အခမ်းအနားများ၊ ပြပွဲများ၊ ပွဲတော်များ ကျင်းပနိုင်ပါသည်။
ပထမထပ်တွင် Multimedia Room, Audio & Video Room, Digital Library Room နှင့် ညီလာခံခန်းမ (Conference Hall) စသည်တို့ဖြင့် ဖွဲ့စည်းထားပါသည်။
Digital Data Base များကို အများပြည်သူ အသုံးပြုနိုင်စေရန် Multimedia Room တွင် စီစဉ်ထားရှိပါသည်။ Audio &Video Room တွင် မှတ်တမ်းရုပ်ရှင်နှင့် သတင်းကားများ၊ မြန်မာ့ ယဉ်ကျေးမှုဆိုင်ရာ Documentary Film များ စုဆောင်းထားရှိပြီး အပတ်စဉ် စနေနေ့ မွန်းလွဲပိုင်း တွင် မှတ်တမ်းရုပ်ရှင်ပြသခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယင်းပြသမည့် အစီအစဉ်ကို အမျိုးသားစာကြည့်တိုက်(ရန်ကုန်) လူမှုကွန်ယက်စာမျက်နှာ (National Library -Yangon Facebook Page) မှ အပတ်စဉ် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါသည်။
Digital Library Room တွင် အမျိုးသားစာကြည့်တိုက်ပိုင် စုဆောင်းထားသည့် စာပေ ပစ္စည်းများ၊ အခြား Electronic Form ဆောင်ရွက်ပြီးဖြစ်သည့် Digital စာစုများကို စာဖတ်သူများ အနေဖြင့် စာကြည့်တိုက်တွင် လာရောက်အသုံးပြုနိုင်သကဲ့သို့ Online မှ မည်သူမဆို အခမဲ့ဖတ်ရှု နိုင်ပါသည်။
အွန်လိုင်းမှ အသုံးပြုရှာဖွေသူများအနေဖြင့် စာကြည့်တိုက်ပိုင် စာပေပစ္စည်းများ၏ အွန်လိုင်းကက်တလောက် အချက်အလက်များကို အမျိုးသားစာကြည့်တိုက် website www.nlm.gov.mm တွင် ဝင်ရောက်၍ Online Public Access Catalogue (OPAC) တွင် စာအုပ် ကက်တလောက်ပေါင်း တစ်သိန်းကျော်ကို ရှာဖွေနိုင်မည်ဖြစ်ပါသည်။ အမျိုးသားစာကြည့်တိုက်ပိုင် စုဆောင်းထားသည့် ဒီဂျစ်တယ် စာစုများဖြစ်သည့် စာအုပ်၊ စာနယ်ဇင်း၊ ပေ၊ ပုရပိုက်၊ ပညာရေး ဆိုင်ရာ အစီရင်ခံစာများ၊ ရှေးဟောင်းသုတေသနဆိုင်ရာ စာစုများ၊ ဗုဒ္ဓစာပေဆိုင်ရာ စာအုပ်များ၊ စွယ်စုံကျမ်းများ၊ ကလေးစာပေဆိုင်ရာ စသည့် e-Resources ပေါင်း (၂၀,၀၀၀) ကျော်အား ချိတ်ဆက်ဆောင်ရွက်ထားပြီး စာကြည့်တိုက်အသုံးပြုသူများအနေဖြင့် အမျိုးသားစာကြည့်တိုက် Website ရှိ NL e-Resources နှင့် Quick Links တို့တွင် ဝင်ရောက်ရှာဖွေအသုံးပြုနိုင်ပါသည်။
အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ရှိ E-resources များ (၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ) | ||
စဉ် | Library Website www.nlm.gov.mm နှင့်စာကြည့်တိုက်တို့တွင် အသုံးပြုနိုင်သည့် E-resources များ | e-resources အရေအတွက် |
၁။ | စာအုပ်၊ စာနယ်ဇင်း၊ ပေ၊ ပုရပိုက်၊ ပညာရေးဆိုင်ရာအစီရင်ခံစာများ၊ ရှေးဟောင်းသုတေသနဆိုင်ရာစာစုများ၊ဗုဒ္ဓစာပေဆိုင်ရာစာအုပ်များ၊ စွယ်စုံကျမ်းများ၊ ကလေးစာပေ | ၂၀,၁၁၈ |
၂။ | IG Publishing E-Books Database (အာရှဒေသတွင်းနိုင်ငံများ ဆိုင်ရာစာအုပ်များ)(ကလေးစာပေဆိုင်ရာ Audio နှင့် e-Books) | ၃၁,၇၃၁ |
၃။ | အွန်လိုင်းကက်တလာက် (OPAC Catalogue) | ၁၀၈,၁၂၆ |
စဉ် | စာကြည့်တိုက်တွင်သာ လာရောက်အသုံးပြုဖတ်ရှုနိုင်သည့် Digital Databases | e-resources အရေအတွက် |
၁။ | E-Tekkaatho Digital Database (ပညာရေးဆိုင်ရာ ဆောင်းပါး၊ သင်ရိုး၊ သင်ခန်းစာ၊ စာအုပ်) | ၇,၀၀၀ |
၂။ | Research 4Life Database | ၂၂,၀၄,၀၆၇ |
National Library (Yangon) Website www.nlm.gov.mm
Library Homepage ရှိ Quick Links မှလည်းE-resources များကို အသုံးပြုရှာဖွေနိုင်ပါသည်။IG Publishing e-books များကို ဖတ်ရှုနည်းနှင့် mobile phone ဖြင့်လည်း ငှားရမ်းဖတ်ရှုနိုင်သည့်User manual ကို Library Homepage တွင်ဖော်ပြထားပါသည်။ |
ထို့ပြင် IG Publishing Database ကိုလည်း National Library Website တွင် အများပြည်သူ အသုံးပြုဖတ်ရှုနိုင်ရန် ဆောင်ရွက်ထားရှိပါသည်။ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) Website www.nlm.gov.mm တွင် OPAC Catalogue နှင့် e-resources များအား ဝင်ရောက်အသုံးပြုသူများအနေဖြင့် User Name နှင့် Password များ အသုံးပြုရန်မလိုဘဲ Library Home Page ရှိ Resources မှတစ်ဆင့် အခမဲ့အလွယ်တကူ အသုံးပြုနိုင်ပါသည်။
ပထမထပ်ရှိ ညီလာခံခန်းမ (Conference Hall) သည် လူဦးရေ (၂၅၀)ဆန့် ခန်းမတစ်ခု ဖြစ်ပြီး စာကြည့်တိုက်ပညာရပ်ဆိုင်ရာနှင့် သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပလေ့ရှိပါသည်။
ဒုတိယထပ်တွင် ရည်ညွှန်းစာဖတ်ခန်း၊ အထွေထွေစာဖတ်ခန်းနှင့် ပေ၊ ပုရပိုက်နှင့် ရှားပါး စာစုများ စာဖတ်ခန်းတို့ထားရှိပါသည်။ ရည်ညွှန်းစာဖတ်ခန်းတွင် ရည်ညွှန်းအမျိုးအစားအလိုက် စာအုပ်များကို စီစဉ်ထားရှိ၍ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာစာအုပ်များ၊ အာဆီယံနှင့် ကုလ သမဂ္ဂဆိုင်ရာ စာအုပ်များနှင့် လတ်တလောအသစ်ထွက်ရှိသည့် စာအုပ်၊ စာနယ်ဇင်းများကို ဖတ်ရှု နိုင်ရန် စီစဉ်ထားရှိပါသည်။
အထွေထွေစာဖတ်ခန်းတွင်လည်း စာအုပ်၊ စာနယ်ဇင်းများကို ထားရှိပြီး ပညာရပ်အလိုက် စင်တင်ထားရှိ၍ ဖတ်ရှုလိုသည့် စာအုပ်များကို စာဖတ်သူကိုယ်တိုင် ရွေးချယ်ရယူနိုင်ပြီး ယင်းစာဖတ်ခန်းရှိ စာအုပ်များအား ငှားရမ်းဖတ်ရှုလိုပါက အသင်းဝင်ကတ်ပြုလုပ်၍ စာငှားစည်းမျည်းသတ် မှတ်ချက်အတိုင်း ငှားရမ်းနိုင်မည်လည်း ဖြစ်ပါသည်။
ရှားပါးစာနယ်ဇင်းနှင့် ပေ၊ ပုရပိုက်များကို ဒုတိယထပ်တွင် သီးခြားစာဖတ်ခန်းထားရှိ၍ သုတေသီများ၊ ပညာရှင်များနှင့် အများပြည်သူဖတ်ရှုလေ့လာနိုင်စေရန်အတွက် သီးခြား စာဖတ်ခန်းဖြင့် ဝန်ဆောင်မှုပေးလျက် ရှိပါသည်။
တတိယထပ်တွင်မူ ကလေးစာကြည့်တိုက်စာဖတ်ခန်းနှင့် ပုံပြောခန်း၊ မသန်စွမ်းသူများ စာဖတ်ခန်း၊ အထူးစာဖတ်ခန်းများ စီစဉ်ထားရှိပါသည်။
ကလေးစာကြည့်တိုက်တွင် ကလေးများအတွက် ပြည်တွင်း၊ ပြည်ပမှ ထုတ်ဝေသည့် ကလေးစာပေဆိုင်ရာ စာအုပ်၊ ဂျာနယ်၊ ကာတွန်းရုပ်ပြနှင့် သင်ကြားရေးအထောက်အကူပြု စာအုပ်၊ စာစောင်များကို စီစဉ်ထားရှိပြီး အပတ်စဉ် စနေနေ့ မွန်းလွဲပိုင်းတွင် ပုံပြောခြင်းနှင့် စာဖတ်ခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိပြီး ကလေးစာကြည့်တိုက် အသင်းဝင်များ အနေဖြင့်လည်း ဖတ်ရှုလိုသည့်စာအုပ်များကို အသင်းဝင်ကတ်ဖြင့် ငှားရမ်းဖတ်ရှုနိုင်ပါသည်။
မသန်စွမ်းသူများ စာဖတ်ခန်းတွင် အမြင်အာရုံချို့ယွင်းသူများ ဖတ်ရှုနိုင်ရန် မျက်မမြင်စာ ဖြင့် ရေးသားထားသည့် စာအုပ်များ၊ Audio Book များ၊ MP3 Player နှင့် DVD Player များ ထားရှိပြီး စာကြည့်တိုက်မှူးများနှင့်အတူ စာဖတ်ခြင်းအစီစဉ်များ သတ်မှတ်ဆောင်ရွက် ပေးလျက် ရှိပါသည်။
စာကြည့်တိုက်ဖွင့်ချိန်မှာ- နေ့စဉ် အင်္ဂါနေ့မှ စနေနေ့အထိ (နံနက် ၀၉:၃၀ နာရီမှ ညနေ ၁၆:၃၀ နာရီထိ) ဖွင့်လှစ်ပေးလျက်ရှိပြီး တနင်္ဂနွေနေ့၊ တနင်္လာနေ့နှင့် အစိုးရပြန်တမ်းဝင် ရုံးပိတ်ရက်များမှာ စာကြည့်တိုက်ပိတ်ရက်ဖြစ်ပါသည်။
အမျိုးသားစာကြည့်တိုက်(ရန်ကုန်) တွင် ဆောင်ရွက်ထားရှိသည့် Digital Database (၄)ခု အနက် (၂)ခုဖြစ်သည့် အမျိုးသားစာကြည့်တိုက်ပိုင် e-resources ပေါင်း (၂၀၀,၀၀၀) ကျော်နှင့် IG Publishing Database ၏ E-Books ပေါင်း(၃၀၀,၀၀၀)ကျော်ဖြစ်သည့် Asian Literature Collection၊ Rare Books On Asian Literature၊ Children’s Literature Collection၊ Children’s Literature Collection-Audio စသည့်တို့ကို website တွင်ဖြစ်စေ၊ စာကြည့်တိုက်တွင် လာရောက်၍ ဖြစ်စေ နှစ်နေရာစလုံးတွင် ရယူအသုံးပြုနိုင်ပါသည်။
သို့သော် အခြား Digital Library Database (၂) ဖြစ်သည့် eTekkatho MyLibrary နှင့် Research 4Life Database တို့ကိုမူ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အနေဖြင့် သီးသန့် အသုံးပြုခွင့် User-Name၊ Password တို့ဖြင့် ခွင့်ပြုချက်ရရှိ ဆောင်ရွက်ထားပါသဖြင့် စာဖတ်သူများအနေဖြင့် ယင်း Digital Data Base များကိုမူ စာကြည့်တိုက်တွင်သာ လာရောက် အသုံးပြုနိုင် မည်ဖြစ်ပါသည်။
eTekkatho MyLibrary သည် အဓိကအားဖြင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ မူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးများအတွက် ပညာရေး ဆိုင်ရာ အချက်အလက်အကြောင်းအရာများ၊ အင်္ဂလိပ်ဘာသာစကားများကို ရှာဖွေလေ့လာ ဖတ်ရှုနိုင်သည့် Database တစ်ခုဖြစ်ပါသည်။ eTekkatho MyLibrary တွင် ပညာရပ်ပေါင်း ၁၇၀၀ ကျော်ရှိပြီး Full text ဖတ်ရှုနိုင်သည့်အပြင် Download ပြုလုပ်နိုင်ပါသည်။
Research 4 Life သည် WHO, FAO, UNEP, ILO အစရှိသည့် ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် Microsoft ကဲ့သို့ ကုမ္ပဏီများ၊ နိုင်ငံတကာတက္ကသိုလ်များနှင့် နိုင်ငံတကာအဖွဲ့အစည်း များ ပေါင်းစည်းထားသော အစီအစဉ်တစ်ခုဖြစ်ပါသည်။ ဆေးပညာဆိုင်ရာများ၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ အစားအစာ၊ ပတ်ဝန်းကျင်နှင့် လူမှုရေးသိပ္ပံအကြောင်းအရာများ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ရူပဗေဒ၊ ဓာတုဗေဒကဲ့သို့သော သိပ္ပံပညာရပ်ဆိုင်ရာများ၊ ဖန်တီးမှု၊ ဆန်းသစ် တီထွင်မှုဆိုင်ရာများကို ကာကွယ်ပေးထားသည့် အကြောင်းအရာများ၊ ဥပဒေနှင့် လူမှုရေး သိပ္ပံဆိုင်ရာ ပညာရပ်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ ဒဿနိကဗေဒ၊ သမိုင်းနှင့် အခြားသော ပညာရပ်ဆိုင်ရာ ထုတ်ဝေသူများ၏ သုတေသနဆောင်းပါးများ စသည့် အကြောင်းအရာ၊ ပညာရပ်ပေါင်းများစွာ၏ နှစ်စဉ်တွေ့ရှိချက်များ နှင့်ပတ်သက်၍ ထုတ်ဝေသည့်စာအုပ်၊ စာနယ်ဇင်းပေါင်းများစွာကို လေ့လာသိရှိနိုင်ပါသည်။
ထို့ပြင် အမျိုးသားစာကြည့်တိုက်ရှိ e-resource အသွင်ဆောင်ရွက်ပြီး ပေ၊ ပုရပိုက်နှင့် ရှားပါးစာအုပ်၊ စာနယ်ဇင်းများ၏ URL Link များကိုလည်း ASEAN Digital Library Portal သို့ ပေးပို့ချိတ်ဆက်ခြင်းဖြင့် မြန်မာ့စာပေအမွေအနှစ်များအား နိုင်ငံတကာမှ လေ့လာသိရှိနိုင်စေရန် ဆောင်ရွက်လျက်ရှိပါသည်။
စာပေပစ္စည်းများ စုဆောင်းထိန်းသိမ်းခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ သတင်းအချက်အလက် မျှဝေခြင်း၊ စာကြည့်တိုက်လှုပ်ရှားဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ စာကြည့်တိုက်များနှင့် ချိတ်ဆက်၍ စာကြည့်တိုက်ပညာရပ်ဆိုင်ရာ လှုပ်ရှားများကို ပူးပေါင်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်းအသီးသီးကို နည်းပညာပံ့ပိုးမှုများနှင့်အတူ ပိုမို ထိရောက်စွာ မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခဲ့သည့်အတိုင်း ခေတ်မီဒစ်ဂျစ်တယ် စာကြည့်တိုက်တစ်ခုအဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။
အမျိုးသားစာကြည့်တိုက်(ရန်ကုန်) မွမ်းမံပြင်ဆင်ပြီး Digital Library အဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့သည့် ၂၀၂၁ -၂၀၂၄ ဩဂုတ်လအထိ စာကြည့်တိုက်အသုံးပြုမှု
ခုနှစ် | Website မှ ဖတ်ရှုသူ(ဦးရေ) | စာကြည့်တိုက်တွင်လာရောက် ဖတ်ရှုသူ(ဦးရေ) | စုစုပေါင်း (ဦးရေ) | |
၂၀၂၁ | ၈၅,၉၄၅ | ၉၄၁ | ၈၆,၈၈၆ | |
၂၀၂၂ | ၂၉,၃၀၉ | ၇,၅၇၀ | ၃၆,၈၇၉ | |
၂၀၂၃ | ၂,၂၁,၀၁၃ | ၁၄,၉၂၄ | ၂၃၅,၉၃၇ | |
၂၀၂၄ | ၁၆၈,၇၀၆ | လာရောက်ဖတ်ရှုသူ | ၁၀,၈၃၇ | ၁၈၀,၃၅၁ |
အသင်းဝင်ကတ်ဖြင့်ငှားရမ်းသူ | ၈၀၈ |
အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အနေဖြင့် စာကြည့်တိုက်အသင်းဝင်များ ဖိတ်ခေါ်၍ စာငှားဝန်ဆောင်မှုကို ၂၀၂၃ ခုနှစ်မှ မေလမှ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ အသင်းဝင်ပေါင်းအမျိုးသားစာကြည့်တိုက်အသင်းဝင် (၁၆၀) ဦးနှင့် ကလေးစာကြည့်တိုက် အသင်းဝင် (၂၅)ဦး၊ စုစုပေါင်း( ၁၈၅ )ဦး ရှိပြီဖြစ်ပါသည်။
ထို့ပြင် စာဖတ်သူအလိုရှိသည့် စာပေပစ္စည်းများ၏ အချက်အလက်များကို အွန်လိုင်းမှ ပေးပို့သည့် Document Delivery Service ကိုလည်း ဆောင်ရွက်ပေးလျှက်ရှိပါသည်။ အွန်လိုင်း ဝန်ဆောင်မှုတစ်ခုဖြစ်သည့် ရည်ညွန်းမေးခွန်းများနှင့် စာဖတ်သူသိရှိလိုသည်များကို Library Website ရှိ Ask a Librarian တွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။
မေးမြန်းလိုသူများအနေဖြင့် ဦးစွာမေးမြန်းစုံစမ်းခြင်းကို စာကြည့်တိုက် website ရှိ Query Form (သို့) မေးမြန်းစုံစမ်းလွှာပုံစံကို အသုံးပြု၍ မေးခွန်းများကို တင်ပြမေးမြန်းနိုင်သည်။ မေးမြန်း လာသည်များကို ပုံမှန်အားဖြင့်(၁)ပတ်အတွင်း nlm.reference@gmail.com မှ ပြန်လည်ဖြေကြား ခြင်းကို ဆောင်ရွက်ပေးနေပါသည်။
ယခုကဲ့သို့သော စာကြည့်တိုက်ဝန်ဆောင်မှုများအား အများပြည်သူအတွက် ပိုမိုတိုးမြှင့် ဆောင်ရွက်ပေးနိုင်ရန် အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိသည့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ၏ ဆောင်ရွက်ထားရှိမှုများအား ပြည်သူများသိရှိအသုံးပြုနိုင်စေရန်အလို့ငှာ အသိပေးရေးသား လိုက်ရပါသည်။ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အမှတ် ၆၀၄/၆၀၈၊ ကုန်သည်လမ်း၊ ပန်းပဲတန်း မြို့နယ်၊ ရန်ကုန်။ www.nlm.gov.mm / ၀၁ ၈၃၇၇၃၅၂