(၇)ကြိမ်မြောက် မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (MKCF) အစီအစဉ်ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)က ကြီးမှူးဆောင်ရွက်သည့် Mekong Creative Film Festival (Traditional Games and Foods) မဲခေါင်ဒေသတွင်းဖန်တီးမှု ရုပ်ရှင်ပွဲတော်(ရိုးရာအားကစားများနှင့်အစားအစာများ)စီမံကိန်း၏ ပထမလုပ်ငန်းစဉ်ဖြစ်သည့် “မှတ်တမ်းရုပ်ရှင်လူငယ်များအားပျိုးထောင်ခြင်း အကြိုအလုပ်ရုံဆွေးနွေးပွဲ” Pre-DocumentaryFilm Incubator Workshop ကို ၁၆-၉-၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ် မြို့နယ်၊ ပြည်လမ်းရှိ Novotel Yangon Max Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒုတိယလုပ်ငန်းစဉ်ဖြစ်သည့် “မှတ်တမ်းရုပ်ရှင်ဖန်တီးသူ လူငယ်များအား ပျိုးထောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” Documentary Film Incubator Workshop ကို မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင် ၁၃-၁၀-၂၀၂၄ ရက်နေ့မှ ၃-၁၁-၂၀၂၄ ရက်နေ့အထိ နိုင်ငံအလိုက် ကျင်းပလျက်ရှိပါသည်။
၁၄.၁၀.၂၀၂၄ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ “မှတ်တမ်းရုပ်ရှင်ဖန်တီးသူ လူငယ်များအား ပျိုးထောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” Documentary Film Incubator Workshop ကိုကျင်းပရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခ၊ ဌာနမှူး(စာပေ) ဒေါ်ကေသီ ဦးဆောင်သည့် စီမံကိန်းအဖွဲ့ဝင် ဆရာမ (၃)ဦး၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး၊ စုစုပေါင်း အဖွဲ့ဝင် (၁၄) ဦး တက်ရောက်ခဲ့ကြပါသည်။