ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပုဂံဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(BAGAN COM) ဆဋ္ဌမအကြိမ်အစည်းအဝေးသို့တက်ရောက်နေပြည်တော်၊ နိုဝင်ဘာ ၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅) လောကနတ်ခန်းမ၌ ယနေ့ပြုလုပ်သော ဆဋ္ဌမအကြိမ် ပုဂံဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BAGAN COM)အစည်းအဝေး သို့ တက်ရောက်အမှာစကားပြောကြားပါသည်။

အဆိုပါ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ပုဂံဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BAGAN COM) အဖွဲ့ဝင်များ ဖြစ်ကြသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

              အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဦးတင်ဦးလွင်က ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးသည် မြန်မာနိုင်ငံသားများ၏ အမျိုးသားရေးတာဝန် တစ်ရပ် ဖြစ်ပါကြောင်းနှင့်  ပြည်သူ/ ပြည်သားများက ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးကို သိရှိနားလည် သဘောပေါက်ပြီး   အမွေအနှစ်ကာကွယ်ထိန်းသိမ်းရေးတွင်     ပူးပေါင်းပါဝင်လာခြင်းဖြင့် ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးဆုံးရှုံးမှု လျော့ကျစေနိုင်မည်  ဖြစ်ပါကြောင်း၊ အမွေအနှစ်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်းသည် လူမျိုးနှင့် နိုင်ငံကိုစောင့်ရှောက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ အမွေအနှစ်များကို နောက်လာမည့် မျိုးဆက်သစ်များ လက်ဝယ်ထည့်ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ သို့ဖြစ်၍လည်း မြန်မာ့ယဉ်ကျေးမှု ဒြပ်ရှိ၊ ဒြပ်မဲ့ အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီက အမြင့်ဆုံးစီမံခန့်ခွဲလျက်ရှိကြောင်း၊ ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများက မပြီးဆုံးသေးသည့်အတွက် ဆက်လက် ဆောင်ရွက်စရာများ ရှိပါကြောင်းနှင့်  အစည်းအဝေး တက်ရောက်လာသည့် တာဝန်ရှိသူအသီးသီးက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

              ဆက်လက်၍ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ State of Conservation Report ကို ကမ္ဘာ့ အမွေအနှစ်ကော်မတီသို့ အချိန်မီတင်ပြနိုင်ရေးအတွက် Bagan Com အဖွဲ့ဝင်များ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဆက်စပ်ဝန်ကြီးဌာနအသီးသီးက ဝန်ထမ်းများက အချိန်မီပြီးစီးအောင် တိတိကျကျနှင့် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသဖြင့် အသိအမှတ်ပြုပါကြောင်း၊ ပုဂံရှေးဟောင်းအမွေအနှစ်ဒေသတွင် ရှေးဟောင်းအဆောက်အအုံပေါင်း ၃၈၃၇ ခု ရှိပါကြောင်း၊ ပုဂံခေတ်တစ်ခေတ်ထဲသာမက ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင် စသည့် ခေတ်အဆက်ဆက် အမွေအနှစ်တွေပေါကြွယ်ဝပြီး နိုင်ငံသူ၊ နိုင်ငံသားတိုင်း ဂုဏ်ယူလေးစား တန်ဖိုးထားစရာ ဒေသတစ်ခု ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်ဆိုသည်မှာ လူမျိုးတစ်မျိုး၏ မွေးဖွားချိန်မှ သေဆုံးချိန်ထိ သုံးစွဲခဲ့သော အသုံးအဆောင်ပစ္စည်း၊ ဝတ်စားဆင်ယင်မှု၊ ဘာသာစကား၊ အသက်မွေးဝမ်းကျောင်းမှု၊ လူမှုဆက်ဆံရေး၊ ကိုးကွယ် ယုံကြည်မှု၊ ရိုးရာဓလေ့ထုံးစံများ၊ လက်မှုအနုပညာ၊ သုခုမအနုပညာတို့ ပေါင်းစပ်ထားခြင်း ဖြစ်ပါကြောင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မိမိတို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာမက နိုင်ငံသူ၊ နိုင်ငံသား အားလုံးက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရမည်  ဖြစ်ပါကြောင်း၊

              ပုဂံကမ္ဘာ့အမွေအနှစ်ဒေသနှင့် ပတ်သက်သည့် State of Conservation Report ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီ    ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြနိုင်ရေးနှင့်  တိုးပွားလာသည့် လူဦးရေ အတွက် မပြီးပြတ်သေးသည့် Conceptual Regional Plan ကိုလည်း ပြီးပြတ်အောင် ဆက်လက် ရေးဆွဲရန် ယခုအစည်းအဝေး တက်ရောက်လာသူများက ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးမျိုးအောင်က  ပုဂံဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီကို  ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ် ဦးဆောင်၍ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းတာဝန် ၁၁ ချက်ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သွားသည့်အတွက် နိုင်ငံတကာသို့ ပြသခွင့်ရသည့်အပြင် ယဉ်ကျေးမှု အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာမှာ နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်သလို ဒေသခံပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာခဲ့ပါကြောင်း၊  ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ အကြံပြုချက်များကို ဆက်လက်ဆောင်ရွက် ရန်များစွာရှိပါကြောင်း၊ ပုဂံဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေး ကို ၂၀၂၁ခုနှစ်တွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်များကို ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ပြည်ထောင်စု ဝန်ကြီးဦးဆောင်၍ ဆောင်ရွက်ခဲ့သည့်အတွက် များစွာတိုးတက်မှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ ရွှေစည်းခုံစေတီတော် Master Plan ရေးဆွဲနိုင်ရန် အတွက်လည်း ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဌအဖြစ် ဦးဆောင်၍ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရှေ့ဆက်ရမည့် လုပ်ငန်းများကို အကြံပြုချက် များရယူဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

              ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်က  ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသ၏ State of Conservation Report ကို  ကမ္ဘာ့အမွေအနှစ်ကော်မတီကို အချိန်မီ တင်ပြနိုင်ရန် ဝိုင်းဝန်းဆွေးနွေး ပေးစေလိုပါကြောင်း၊ ပုဂံဒေသသည် အမျိုးသားယဉ်ကျေးမှုအဆင့်က ကျော်လွန်ပြီး လူသားအားလုံး အသိအမှတ်ပြုနိုင်သည့် တန်ဖိုးများနှင့် ပြည့်စုံနေသည့်အတွက် ယခုနှင့် နောင်အနာဂတ် မျိုးဆက်သစ်များအတွက် အရေးပါသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသတစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့၏ မကွေးတိုင်းဒေသကြီးအတွင်းမှာ ရှိသည့် ဗိဿနိုးမြို့ဟောင်းကို ၂၀၁၄ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့နှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ရက်နေ့မှာ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရခြင်းသည် မိမိတို့ တိုင်းဒေသကြီး၏ အမျိုးသားအဆင့် အမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်အဖြစ် တက်လှမ်းနိုင်ခဲ့ခြင်းကြောင့် များစွာဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး များပြားလာသည့် ပြည်တွင်းခရီးသွား ဧည့်သည်များကြောင့် ဒေသခံများ ဝင်ငွေပိုမိုရရှိလာပါကြောင်း၊ ဒေသခံပြည်သူများအတွက် စီးပွားရေး အခွင့်အလမ်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမှုများ၊ လမ်းပန်းဆက်သွယ်ရေးအပါအဝင် အခြေခံအဆောက်အအုံ များ ဖွံ့ဖြိုးတိုးတက်လာမှုများ၊ အမွေအနှစ်ဒေသများ စနစ်တကျ ဘက်စုံဖွံ့ဖြိုးတိုးတက်လာမှုများ၊ ဘုရားဖူးပြည်သူများ၊ သုတေသနပြု လေ့လာလိုသူများ တိုးပွားလာမှုများ၊ နိုင်ငံတကာ၏ စိတ်ဝင်စားမှု ပိုမိုရရှိလာပြီး၊ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်ရောက်မှု ပိုမိုများပြားလာမှုတွေကို တွေ့ရှိရပါကြောင်း၊ ထူးခြားထင်ရှားပြီး တန်ဖိုးမဖြတ်နိုင်သည့် ပုဂံ၏ယဉ်ကျေးမှုအမွေအနှစ် ပြယုဂ် များကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမည့် လုပ်ငန်းစဉ်များတွင် အားလုံးပေါင်းစပ်ညှိနှိုင်း သွားကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

              ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးက BAGAN COM ပဉ္စမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက် ၁၉ ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုများ တင်ပြခဲ့ ပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် က အစည်းအဝေး အမှာစာများ၊ ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေးတက်ရောက် လာသူများက ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေ မှုများကို ဆွေးနွေးတင်ပြကြပါသည်။

              ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ၅ကြိမ်သာဆောင်ရွက်ခဲ့ပါကြောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသအနေဖြင့် ဆောင်ရွက်သင့်သည်များကို ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်း၊ သို့သော် ရှေးဟောင်းဒေသဖြစ်သည့်အပြင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသလည်း ဖြစ်သည့်အတွက် ကမ္ဘာ့အမွေအနှစ်ကော်မတီ၏  သတ်မှတ်ချက်များနှင့်အညီ အကျုံးဝင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများကလည်း ပူးပေါင်းဆောင်ရွက်မှသာ အကျုံးဝင်မည်ဖြစ်သလို သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီး၏ လိုအပ်ချက်များကိုလည်း သတ်မှတ်ထားသည့် မူဘောင်အတွင်းမှ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များပေါ်မူတည်၍ BAGANCOM အစည်းအဝေးများကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း ပုဂံဒေသကို ဖွံ့ဖြိုးတိုးတက် ကောင်းမွန်အောင် အမြဲမပြတ် လမ်းညွှန်ချက်မှာကြားလျက်ရှိရာ လမ်းညွှန်ချက်များ အောင်မြင်ပြီး မြောက်အောင် ဝန်ကြီးဌာနများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ကမ္ဘာ့အမွေအနှစ်က သတ်မှတ်ထားသည့် စံနှုန်းများနှင့် အကျုံးဝင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခင် မိုခါမုန်တိုင်းဒဏ်ကြောင့် ပုဂံဒေသတွင် ရေကြီးရေဝပ်မှုကြောင့် ဘုရား ၃၉ဆူပျက်စီးခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပုဂံဒေသ ရှေးဟောင်းရေလမ်းကြောင်းများနှင့် ရှေးဟောင်းရေကန်များဖော်ထုတ်၍ ရေကြီးရေဝပ်မှုကာကွယ်ရန်အတွက် ရေကန်ပေါင်း ၉၁ကန်ကို တူးဖော်ထိန်းသိမ်းရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ မူလရှေးဟောင်းရေလမ်းကြောင်းများကိုလည်း ဖော်ထုတ်ခဲ့ပါကြောင်း၊ ထို့ကြောင့် ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးရေဝပ်မှုများမဖြစ်ပွားတော့ဘဲ ပုဂံဒေသရှိ ဘုရား၊ စေတီပုထိုး၊ အဆောက်အအုံ(၁၂)ဆူသာ အသေးအဖွဲပျက်စီးမှုများရှိခဲ့ပါကြောင်း၊  

              သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက်ပေးခဲ့သော နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ကို အသိအမှတ်ပြုပါကြောင်း၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအမွေအနှစ် ဘုရား၊ စေတီပုထိုး၊ သာသနိကအဆောက်အအုံများကို သတ်မှတ်စံနှုန်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင် ရွက်ရေးကော်မတီ (Bagan National Coordinating Committee – BAGAN COM)အဖွဲ့ဝင်များအနေ ဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။