အမျိုးသားယဉ် ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၂၀၂၃−၂၀၂၄)ပညာသင်နှစ်၊ (၂၇)ကြိမ်မြောက် ပန်းချီ၊ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊သဘင်၊ရုပ်ရှင်နှင့်ပြဇာတ် စင်တင် တင်ဆက်ပွဲ အခမ်းအနားကို ဩဂုတ်(၂၇)ရက်နေ့က အစဉ်အလာမပျက် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ လာမည့် နိုဝင်ဘာလ စာသင်နှစ်အစအတွက် ကျောင်းသားသစ်များကိုလည်း(၇-၇-၂၀၂၄)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခေါ်ယူထားပြီးဖြစ်သည်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အနုသုခုမ ပညာရပ်များနှင့် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာရပ်တို့ကို စိတ်ပါဝင်စားသူများ အနေဖြင့် ဤတက္ကသိုလ်တွင် လာရောက်လျှောက်ထားနိုင်ကြပါသည်။
ဘယ်သူေတွေလာက်ထားတက်ေရာက်ိုင််သလဲ
တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုမည်သည့်ဘာသာတွဲဖြင့်မဆိုအောင်မြင်သူ၊ သက်ဆိုင်ရာအထူးပြု ဘာသာရပ်နှင့်ကိုက်ညီသော ကိုယ်လက်အင်္ဂါကျန်းမာသန်စွမ်းသူ၊ အနုပညာဝါသနာပါသူ၊ နိုင်ငံသားစိစစ် ရေးကတ်(နိုင်/ပြု/ဧည့်) ကိုင်ဆောင်ထားသူတိုင်း လျှောက်ထားနိုင်ပါသည်။
ဘာေတွသင်ေပးသလဲ
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ဆောင်ပုဒ်ဖြစ်သော”စိတ္တံ ဒန္တံ သုခါ ဝဟံ” (ယဉ်ကျေးသောစိတ်သည် ချမ်းသာခြင်းကိုဆောင်၏)ဟူသော လမ်းညွှန်မှုနှင့် တက္ကသိုလ်၏ ရည်မှန်းချက်များဖြစ်သည့်
– မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးနှင့် တိုးတက်ပြန့်ပွားရေးတို့ကို ဆောင်ရွက်ရန်၊
– မြန်မာ့သုခုမအနုပညာ တိုးတက်ပြန့်ပွားရေးနှင့် ထူးချွန်သောအနုပညာရှင်များ ပေါ်ထွန်းလာ ရေးတို့အတွက်သုတေသနနှင့် လေ့ကျင့်ပျိုးထောင်ပေးရေး လုပ်ငန်းများဆောင်ရွက်ရန်၊
– ပြည်ထောင်စုတိုင်းရင်းသားများ၏ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့်အထက်တန်း၊အလယ်တန်းကျောင်းများတွင်သင်ကြားပို့ချနိုင်ရေးအတွက်ဆောင်ရွက်ရန်၊
– ပြည်ထောင်စုစိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သော အနုပညာရှင်ကောင်းများ မွေးထုတ်ရန်ဟူသောရည်မှန်းချက်များနှင့်အညီ အမျိုးသားယဉ် ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)မှ စာပေပညာ၊ ဂီတပညာ၊ သဘင်ပညာ၊ ပန်းချီပညာ၊ ပန်းပုပညာ၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာ၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာရပ်များကို သင်ကြားပေးပါသည်။
စာပေပညာတွင် မြန်မာစာ၊ အင်္ဂလိပ်စာ ၊ မြန်မာ့ယဉ်ကျေးမှုသမိုင်းဘာသာရပ်များ တို့ကို ကျောင်းသား၊ကျောင်းသူများအားလုံး မဖြစ်မနေသင်ယူကြရပါသည်။ ဂီတပညာတွင် ဂီတဗေဒ၊ ဂီတသင်္ကေတ၊ အဆိုဂီတ၊ တိုင်းရင်းသားရိုးရာဂီတ၊ တူရိယာများ လက်တွေ့တီးခတ်ခြင်း(စောင်း၊ ပတ္တလား ၊ ဆိုင်းဝိုင်း၊ နှဲ၊ ပလွေ၊ စရား၊ တယော)နှင့်သုတေသနနည်းပညာတို့ကို သင်ကြားပေးပါသည်။ သဘင်ပညာတွင် ရိုးရာအကနှင့် အကဗေဒ(ရိုးရာအကဘာသာရပ်၊ တိုင်းရင်းသားရိုးရာအကဘာသာရပ်)၊ ဇာတ်ပို့တေးဂီတ၊ မြန်မာ့ရိုးရာ ဇာတ်ကြီးပညာ၊ မြန်မာ့ရိုးရာရုပ်သေးပညာ၊ ဇာတ်စင်ညွှန်ကြားမှုပညာ၊ ဇာတ်ညွှန်းရေးပညာ၊ ဇာတ်သဘင်ဆိုင်ရာစာပေ၊ အနုပညာရပ်ဆိုင်ရာစီမံခန့်ခွဲမှု၊ အကခ္ဓာဗေဒ၊ ဝတ်စုံဒီဇိုင်းနှင့်အရောင်ခွဲခြားမှု၊ မိတ်ကပ်နှင့်အထူးပြုလုပ်ချက်နှင့် သုတေသနနည်းပညာစသည့် ဘာသာရပ်များကို သင်ကြားပေးပါသည်။
ပန်းချီပညာတွင် ရသပညာ၊ အနုပညာသမိုင်း၊ အခြေခံပုံဆွဲပညာ၊ ပန်းချီနည်းပညာ၊ မြန်မာ့ရိုးရာ ပန်းချီပညာ၊ ဒီဇိုင်းပညာ၊ ရသပန်းချီနှင့် သုတေသနနည်းပညာဘာသာရပ်များကို သင်ကြားပေးပါသည်။ ပန်းပုပညာတွင် မြန်မာ့ရိုးရာပန်းပုပညာ၊ အခြေခံပုံဆွဲပညာ၊ ခ္ဓာဗေဒနှင့်ပန်းပုနည်းပညာ၊ ပန်းပုအနုပညာသမိုင်း၊ ပုံသွန်းလောင်းခြင်းနှင့်နည်းပညာ၊ ခေတ်ပြိုင်ပန်းပုပညာနှင့် သုတေသန နည်းပညာ ဘာသာရပ်များကို သင်ကြားပေးပါသည်။ ရုပ်ရှင်နှင့်ပြဇာတ်ပညာရပ်တွင် ဇာတ်ညွှန်းပညာ၊ စီစဉ်ညွှန်ကြားမှုပညာ (ဒါရိုက်တာပညာ)၊ ရုပ်ရှင်ဓာတ်ပုံပညာ၊ သရုပ်ဆောင်ပညာ၊ တည်းဖြတ်ပညာ၊ ပြဇာတ်ပညာ၊ ထုတ်လုပ်မှုစီမံခန့်ခွဲမှုပညာနှင့် သုတေသနနည်းပညာ ဘာသာရပ်များကို သင်ကြားပေး ပါသည်။
ယဉ်ကျေးမှုအမွေွအနှစ်စီမံခန့်ခွဲမှုပညာတွင် ပြတိုက်ပညာ၊ ယဉ်ကျေးမှုသမိုင်းစဉ်၊ ယဉ်ကျေးမှု အမွေွအနှစ်စီမံခန့်ခွဲမှုပညာ၊ စဉ်ဆက်မပြတ် ယဉ်ကျေးမှုအမွေွအနှစ် စီမံခန့်ခွဲမှုပညာ၊ ယဉ်ကျေးမှု အမွေွအနှစ်ဉပဒေပညာ၊ ကမ္ဘာ့အမွေအနှစ်လေ့လာမှုပညာ၊ မြို့ပြတည်ထောင်ခြင်းလေ့လာမှုပညာ၊ သုတေသနနည်းပညာ ဘာသာရပ်များကို သင်ကြားပေးပါသည်။
ဘာဘွဲ့တွေအပ်နှင်းသလဲ
မိမိရွေးချယ်သင်ယူသည့် အထူးပြုအနုပညာဘာသာရပ်အလိုက် ဝိဇ္ဇာဘွဲ့(ဂီတ)၊ (သဘင်)၊ (ပန်းချီ)၊ (ပန်းပု)၊ (ရုပ်ရှင်နှင့်ပြဇာတ်)၊ (ယဉ်ကျေးမှုအမွေွအနှစ်စီမံခန့်ခွဲမှု)ဘွဲ့များ ချီးမြှင့်ပါသည်။ အရည်အချင်း အဆင့်မီပါက မဟာတန်းနှင့်ပါရဂူတန်းများသို့ ဆက်လက်တက်ရောက် သင်ကြားခွင့်ရပြီး မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့များ အပ်နှင်းပါသည်။ ယင်းအပြင် ဒီပလိုမာသင်တန်းများ အနေဖြင့် ဘွဲ့လွန် ပြတိုက်ပညာဒီပလိုမာ၊ ဘွဲ့လွန်အသုံးချရှေးဟောင်းသုတေသနပညာဒီပလိုမာများကို စာတွေ့၊လက်တွေ့ (၁)နှစ် တက်ရောက်ခြင်းဖြင့်လည်းကောင်း၊ ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ ဒီပလိုမာနှင့် ဘွဲ့လွန် မြန်မာပြက္ခဒိန်ပညာဒီပလိုမာတို့ကိုစာတွေ့၊လက်တွေ့(၁)နှစ်(၆)လ တက်ရောက်ခြင်းဖြင့်လည်းကောင်း၊ ဘွဲ့လွန်အနုပညာဒီပလိုမာ (ဂီတ၊ သဘင်၊ ပန်းချီ၊ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်၊ ယဉ်ကျေးမှုအမွေွအနှစ် စီမံခန့်ခွဲမှု)၊ ဘွဲ့ကြိုအနုပညာဒီပလိုမာ (ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်၊ ယဉ်ကျေးမှုအမွေွ အနှစ်စီမံခန့်ခွဲမှု)နှင့် ဘွဲ့ကြိုရှေးဟောင်းသုတေသနပညာဒီပလိုမာများကို (၁)နှစ် တက်ရောက်ခြင်းဖြင့် လည်းကောင်း ဘွဲ့လွန်အချိန်ပိုင်းဒီပလိုမာဘွဲ့နှင့် အောင်လက်မှတ်များ အပ်နှင်းပါသည်။
သင်တန်းကာလ
သင်တန်းကာလများမှာ ဝိဇ္ဇာဘွဲ့(၄)နှစ်၊ မဟာ ဝိဇ္ဇာဘွဲ့ (၂)နှစ်၊ ပါရဂူဘွဲ့ (၃)နှစ်၊ ဒီပလိုမာ(၁)နှစ် နှင့်(၁)နှစ်(၆)လ ဖြစ်သည်။ စာသင်နှစ်ကို နှစ်စဉ်နိုဝင်ဘာလတတိယပတ်မှ စတင်ပါသည်။
အနုပညာကိုသင်ကြားခြင်း
နိုင်ငံတကာအနုပညာတက္ကသိုလ်များ၊ အနုပညာကောလိပ်များ၊ အနုပညာအကယ်ဒမီကျောင်း များတွင် သင်ကြားသည့်ဘာသာရပ် စုဖွဲ့ပုံ၊ ခွဲထားပုံ၊ ခရက်ဒစ်ပေးပုံများ ကွာခြားသော်လည်း အနုပညာကို သင်ကြားရာ၌ သက်ဆိုင်ရာအနုပညာဘာသာရပ်၏သမိုင်းကို ဉီးစွာသင်ကြားပေးခြင်း၊ ယင်းနောက် ထိုအနုပညာရပ်အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာပုံ၊ သီအိုရီနှင့်သဘောတရားများ သင်ကြားခြင်း၊ နှောင်းခေတ်နှင့်မျက်မှောက်ခေတ်၏ အနုပညာလက်ရာကွဲပြားခြားနားလာဟန်များ၊ ဖန်တီးမှုနည်းစနစ်များ၊ လက်တွေ့ဖန်တီးပုံများ၊ တီထွင်ဆန်းသစ်နိုင်ပုံများ၊ လေ့ကျင့်မှုများကို အဆင့်ဆင့် သင်ကြားပေးခြင်းတို့မှာ အတူတူပင်ဖြစ်ပါသည်။
အမျိုးသားယဉ် ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)အနေဖြင့်လည်းဤနည်းစနစ်အတိုင်းပင် နိုင်ငံတကာအဆင့်မီသင်ရိုးညွန်းတမ်းများ ရေးဆွဲပြဌာန်းကာ သဘောတရားနှင့် လက်တွ့ကို အခြေခံမှ အဆင့်မြင့်ထိ တတ်ကျွမ်းစေရန် သင်ကြားလေ့ကျင့်ပေးပါသည်။ ကျောင်းသားတစ်ဦးချင်းစီ တတ်စေ၊ တော်စေရုံမျှမက နိုင်ငံနှင့်လူမျိုးအတွက် ယဉ်ကျေးမှုနှင့်အညီ မြတ်စေ၊ ကျော်စေရန် သင်ကြား ပေးသော ကျောင်းတော်ကြီးဖြစ်ပါသည်။ ဝါရင့်အနုပညာရှင်ကြီးများကလည်း ပြင်ပပညာရှင်များ အဖြစ်လာရောက်အားဖြည့်သင်ကြားခြင်း၊ သုတေသနစာတမ်းများ၊ သုတေသနကျမ်းများကြီးကြပ် ပေးခြင်းကိုပါ ဆောင်ရွက်ပေးကြပါသည်။
မြန်မာ့ပညာရေးအသိုက်အဝန်းနှင့်အညီ
တက္ကသိုလ်များအားလုံးအတွက် မြန်မာ့ပညာရေး၏ ရည်ရွယ်ချက်ဖြစ်သော တိုင်းချစ် ပြည်ချစ် စိတ်ရှိသော လူငယ်များ ပေါ်ထွန်းလာစေရန်၊ အရည်အသေွး ပြည့်ဝသော ပညာတတ်လူငယ်များ မေွးထုတ်ပေးရန်၊ အရည်အသွေးကိုစဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်စေရန်ဟူသည့်ရည်ရွယ်ချက်များနှင့်အညီ အမျိုးသားယဉ် ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)သည်လည်းဆောင်ရွက်လျက်ရှိပါသည်။ သင်ကြားပေးလိုက်သော အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အနုပညာရပ်များသည် ကျောင်းသားတစ်ဉီးချင်းစီအတွက် စဉ်းစားတွေးခေါ်သုံးသပ်တတ်မှု၊ တီထွင်ဖန်တီးမှု၊ ဆန်းစစ်အကဲဖြတ်မှု၊ ပိုင်းခြားစိတ်ဖြာသုံးသပ်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ဦးဆောင်တတ်မှု ဟူသော ဘက်စုံပညာအရည်အသေွးများကို ရရှိစေမည်ဖြစ်သည်။
အမျိုးသားယဉ် ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ သုခုမအနုပညာနှင့် ယဉ်ကျေးမှုတို့ ဘက်စုံတတ်မြောက်သည့် ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးခဲ့ရာ နှစ်(၃၀)ကေျာ် ကာလ အလွန် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်အထိ ဝိဇ္ဇာဘွဲ့ (၂၆၀၁)ဉီး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ (၃၈၆)ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၁၂၀)ဦး၊ ဘွဲ့လွန်ဒီပလိုမာ (၈၈၄)ဉီး၊ အချိန်ပိုင်းအနုပညာကွန်ပျူတာ ဒီပလိုမာဘွဲ့ (၂၈၁၄)ဉီး၊ ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့(၆၅)ဦး၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့(၁၉)ဦး၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (၂၁)ဉီးတို့ကို ချီးမြှင့်အပ်နှင်းပေးနိုင်ခဲ့ပါသည်။ ကေျာင်းဆင်းလူငယ်များသည် ပညာရေး၊ ယဉ်ကျေးမှု အနုပညာနယ်ပယ်အသီးသီးတွင် နိုင်ငံဝန်ထမ်းများအဖြစ်လည်းကောင်း၊ ပရော်ဖက်ရှင်နယ်ပညာရှင် များအဖြစ်လည်းကောင်း အောင်မြင်စွာ ရပ်တည်လျက်ရှိကြောင်း တွေ့မြင်နိုင်ပေသည်။
ယဉ်ကျေးမှုဂုဏ်ရည် ထိန်းသိမ်းမြှင့်တင်
သမိုင်းမတင်မီခေတ် ပြဒါးလင်းဂူမှ စတင်ခဲ့သည့် မြန်မာ့ပန်းချီ၊ တကောင်းခေတ်မှစတင်ခဲ့သည့် ပန်းပဲ၊ ပန်းပု၊ ပျူခေတ်သရေခေတ္တရာမှ စတင်ခဲ့သည့် မြန်မာ့ဂီတ၊ အက၊ ပုဂံခေတ်မှ စတင်ခဲ့သည့် မြန်မာ့စာပေ၊ ကိုလိုနီခေတ်ဉီးမှစတင်ခဲ့သည့် မြန်မာ့ရုပ်ရှင်သုခုမအနုပညာများတို့သည် မြန်မာ့လူ့အဖွဲ့ အစည်းထဲတွင် သေးငယ်သောရေစီးကြောင်းလေးအဖြစ်မှ ချောင်းငယ် မြစ်မ ပင်လယ်တမျှမှသည်…. မဟာသမုဒ္ဒရာအသွင်သို့တသွင်သွင်စီးဆင်းလာခဲ့သည်မှာနှစ်ပေါင်းထောင်ချီကြာခဲ့ပေပြီ။ နိုင်ငံတိုင်းသည် မိမိတိုင်းပြည်နှင့်လူမျိုး၏ သမိုင်းအစဉ်အလာနှင့်ဂုဏ်သိက္ခာအတွက်ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို အမြတ်တနိုး တန်ဘိုးထားကာ ထိန်းသိမ်းစောင့်ရေှာက်ထားကြလေ့ရှိပါသည်။
အထူးသဖြင့် အနုသုခုမ နယ်ပယ်တွင် စာပေ၊ ဂီတ၊ အက၊ ပန်းချီ၊ ပန်းပုတို့က လူမျိုးတစ်မျိုးစီ၏ ယဉ်ကေျးမှု အဆင့်အတန်းကို ပြဆိုနိုင်သည်ဖြစ်ရာ လူမျိုးတိုင်းက မိမိတို့တွင် ရှိနှင့်ပြီးသော သုခုမပညာရပ်များကို မီဒီယာမျိုးစုံမှ ပုံစံမျိုးစုံဖြင့် ဖေါ်ထုတ်ပြသနေကြပါသည်။ ထိန်းသိမ်းမြှင့်တင် စောင့်ရေှာက်နေကြပါသည်။ တီထွင် ဆန်းသစ်ကာ ထွန်းကားပြန့်ပွားအောင် ကြိုးပမ်းနေကြပါသည်။ ဘိုးဘွားဘီဘင်တို့ လက်ထက်မှ လက်ဆင့်ကမ်းလာသော အမျိုးသားယဉ်ကေျးမှုအမေွအနှစ်များကို မျိုးဆက်သစ်များက လက်ဆင့်ကမ်း အမွေခံယူနိုင်ကြစေရန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့မှ သင်ကြား လေ့ကျင့်ပေးလျက်ရှိပါသည်။
မျိုးဆက်သစ်လူငယ်များအနေဖြင့် ဘိုးဘွားအမွေွအနှစ်များကို မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စွာဖြင့် သင်ယူလေ့ကျင့်နိုင်ရန် ဖိတ်ခေါ်ပါသည်။ တစ်မျိုးသားလုံး၏ ယဉ်ကျေးမှုဂုဏ်ရည်ကို ထိန်းသိမ်းမြှင့်တင်ရန်တိုက်တွန်းအပ်ပါသည်။ ဘိုးဘွားတို့၏ စိတ်ကူးစိတ်သန်း ဆန်းကြယ်လှပသော အနုသုခုမလက်ရာများသည် ဤရေမြေ၏ ဂုဏ်သိက္ခာရှိသောသမိုင်း၊ ဤလူသားတို့၏ ပညာဉာဏ် ပြည့်ဝသော ယဉ်ကျေးမှုအဆင့်အတန်းကို ပြဆိုနေသည်ဖြစ်ရာ ယင်းတို့ကို ဖော်ညွှန်းအစဉ် မော်ကွန်းတင်ရန်မှာ မျိုးဆက်သစ်များနှင့်တကွ ကျွန်ုပ်တို့အားလုံး၏ အမျိုးသားရေး တာဝန်ပင် ဖြစ်ပါသည်။ ။
သက်ဦးမောင်
စာမူပေးပို့သူ
ဦးသက်ဦး (သက်ဦးမောင်)
၈/ပဖန(နိုင်) ၀၂၁၅၅၉
ကထိက၊ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန၊ အမျိုးသားယဉ် ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)။
***********
ဆောင်းပါးဓာတ်ပုံအဖြစ် အောက်ပါ
(က)ပထမနှစ်ဝင်ခွင့်လျှောက်လွှာ သတင်းစာဖြတ်ပိုင်းပုံနှင့်
(ခ)တက္ကသိုလ်၏ပုံကိုထည့်ပေးစေလိုပါသည်။