သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ယဉ်ကျေးမှု)၊ ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် မိုးကြိုးလွှဲတပ်ဆင်ဆောင်ရွက်ခြင်းတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှေးဟောင်းအဆောက်အအုံအမှတ် (၂၀၇) တိဿဘုရားနှင့် ရှေးဟောင်းအဆောက်အအုံအမှတ် (၂၁၁) တို့သို့ ဘုရားဖူးဧည့်သည်များ လွယ်ကူစွာ ဖူးမြော်နိုင်ရေး ဘုရားဖူးဝင်လမ်း၊ထွက်လမ်း လမ်းဖောက်မည့်အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက ဘုရားဖူးဧည့်သည်များ လွယ်ကူစွာ ဖူးမြော်နိုင်ရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာတို့နှင့် ညှိနှိုင်း၍ ရေရှည်အဆင်ပြေစေရေး စနစ်တကျ စီမံဆောင်ရွက်ရန် မှာကြားပါသည်။
ဆက်လက်၍ ယာဂိမုန်တိုင်းကာလတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်မှုရှိခဲ့သော ဝတ္ထနတောဘုရားစုရှိ ရှေးဟောင်းအဆောက်အအုံအမှတ် (၃၄၅) ပြန်လည်ပြုပြင် ထိန်းသိမ်းထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ယာဂိမုန်တိုင်းကာလတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံ (၁၁) ဆူတို့တွင် ထိခိုက်မှု အနည်းငယ် ဖြစ်ပေါ်ခဲ့ ပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံအမှတ် ၃၄၅ သည် အေဒီ ၁၃ ရာစုလက်ရာ နှစ်ထပ်စေတီ တစ်ဆူ ဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနောက်တောင်ထောင့် နှင့် အနောက်ဘက် အောက်ခြေခုံတို့ ပဲ့ကျခဲ့ရာ မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအဆောက်အအုံများ ဖြစ်သဖြင့် ဘုရားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းကို ရှေးဟောင်းလက်ရာ၊ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ရေး၊ ရှေးဟောင်းအမွေအနှစ်လက်ရာများ ထိခိုက်မှုမရှိစေရေးနှင့် ရေရှည်ကြံ့ခိုင်စေရေး တို့ကို အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ရှေးဟောင်းအဆောက်အအုံအမှတ် (၃၇၄) အလိုတော်ပြည့်ဘုရားသို့ ဖူးမြော် ကြည်ညို၍ မိုးကြိုးလွှဲတပ်ဆင်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူက ပုဂံကမ္ဘာ့အမွေအနှစ် ဒေသအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများအား မိုးကြိုးစက်ကွင်း ထိမှန်ခြင်းမှ ကာကွယ်နိုင်ရန် ရှေးဟောင်း လက်ရာ ထူးခြား ကျန်ရှိမှုအဆင့်နှင့် ဉာဏ်တော်မြင့်မားသည့် ဘုရား(၁၁)ဆူ တို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတို့အတွင်း မိုးကြိုးလွှဲတပ်ဆင်ခြင်းကို ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ ဆက်လက်၍ ၂၀၂၄ ခုနှစ် ဩဂုတ်လမှစ၍ ရှေးဟောင်း အဆောက် အအုံ (၉) ဆူတွင် မိုးကြိုးလွှဲတပ်ဆင်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ဘုရား (၄) ဆူတွင် မိုးကြိုးလွှဲတပ်ဆင်ပြီးဖြစ်ပါကြောင်းနှင့် ဘုရား(၅)ဆူတွင် မိုးကြိုးလွှဲတပ်ဆင် ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်းရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မိုးကြိုးလွှဲများတပ်ဆင်ခြင်းဖြင့် စေတီဘုရားများ ထိခိုက်မှုမရှိစေရေး စဉ်ဆက်မပြတ် စောင့်ကြည့် စစ်ဆေးသွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
၎င်းနောက် ဧရိယာ D ရှိ ဘုရားအပေါ်ပိုင်းနှင့် ဘေးပတ်လည် ဘုရားလိုဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူက ပုဂံဒေသသည် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဒေသတစ်ခုဖြစ်သည့်အတွက် အမြဲသန့်ရှင်းသပ်ရပ်မှုရှိစေရန် နှစ်ပတ်လည် ပုံမှန်ဆောင်ရွက်မည့် စီမံချက်ရေးဆွဲပြီး ဧရိယာ (၁၁)ပိုင်း သတ်မှတ်၍ ဦးစားပေးအလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ အထိ ဧရိယာ (၁၁)ပိုင်းရှိ ရှေးဟောင်း အဆောက် အအုံ (၃၈၂၂) ဆူကို ၁၀၀ % ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှစ၍ ယခင် သန့်ရှင်းရေးဆောင်ရွက်မှုများအပြင် ကန္တာရပင်ငုတ်၊ အခြားသစ်ငုတ်များကို အမြစ်မှ တူးထုတ် ဖယ်ရှားခြင်းအား ဧရိယာအပိုင်း(၁၁)ပိုင်း သတ်မှတ်၍ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လမ်းဘေးဝဲယာရှိ ဘုရားများတွင် ဦးစားပေး ဆောင်ရွက်ရန်၊ ကျန်ဧရိယာအပိုင်းများကိုပါ ပေါင်းမြက်များရှင်းလင်း သန့်ရှင်းရေးဆောင်ရွက်ရင်း အပင်ငုတ်များ အမြစ်မှ တူးထုတ် ဖယ်ရှားခြင်းကိုပါ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ ရှေးဟောင်းအဆောက်အအုံအမှတ် (၂၃၅) သိကြားပုန်းဘုရားသို့ ရောက်ရှိ ခဲ့ရာ ဘုရားလိုဏ်အတွင်းရှိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီးနောက် ကားရပ်နားရန် နေရာအား မြေသားနေရာ ထပ်မံတိုးချဲ့ခြင်း လုပ်ငန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်မည့် သိကြားပုန်းဘုရား ချဉ်းကပ်လမ်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ ရှင်းလင်းတင်ပြပါသည်။ ဒုတိယဝန်ကြီးက သိကြားပုန်းဘုရားလိုဏ်အတွင်းရှိ ဗုဒ္ဓဆင်းတုတော် နှစ်ထပ် တည်ရှိနေမှုကို ရှင်းလင်းချက်စာသား ရေးသားပြသထားရန် မှာကြား၍ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသမှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိပါသည်။