“ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရေကြီးရေလျှံမှုများ ထပ်မံ မဖြစ် ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး”အတွက် ရေလမ်းကြောင်းများဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် (၉၁) ကန်အား ပြန်လည်တူးဖော်ထိန်းသိမ်း ကန်ဆယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ဝန်ကြီးဌာနများနှင့် ရေကန် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ ဝန်ဇင်းမင်းရာဇာခန်းမတွင် ၁၉.၁၁.၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဒုတိယ ဝန်ကြီးများနှင့် ရေကန်အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အမှာစကား ပြောကြားရာတွင် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်၍ မိုးရေကြီးမှုဖြစ်ပွားခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၁၅-၅-၂၀၂၃ ရက်နေ့မှ ၁၆-၅-၂၀၂၃ ရက်နေ့ထိ ပုဂံဒေသခရီးစဉ်အတွင်း “ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆက်စပ်ဌာန ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့ကို ဖွဲ့စည်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်” လမ်းညွှန် မှာကြားခဲ့ပါကြောင်း၊ ပုဂံဒေသသည် ၂၀၁၉ ခုနှစ်က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ် ခံရပြီး ကမ္ဘာ့အမွေအနှစ်ကော်မတီ (WHC) က “ရှေးခေတ်ပုဂံကာလ ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် သုတေသနလုပ်ငန်းနှင့် မှတ်တမ်းပြုစုခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခြင်းနှင့်အတူ ယင်းအထောက် အထားများကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ရန်” ဆိုသည့်အချက်အား ဆက်လက်ဆောင်ရွက်ရန် အကြံပြုခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်၊ UNESCO ၏ အကြံပြုချက်တို့ကို အကောင်အထည်ဖော်ရန်အတွက် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်းရေကန် (၁၀၆)ကန်အနက် ပြန်လည်တူးဖော် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သော ရေကန် (၉၁)ကန်အား ကွင်းဆင်းလေ့လာခဲ့ပါကြောင်း၊ ရှေးဟောင်းရေကန်များသည် ပုဂံခေတ်ကာလ ကတည်းက ရှေးမင်းကောင်းမင်းမြတ်များ တူးဖော်ထားခဲ့သည် နှင့်အညီ နှစ်ပေါင်းရာထောင်ကာလ သဲနုန်းအနည်များ ပို့ချမှုကြောင့် တိမ်ကောနေသည့်အတွက် ပြန်လည်တူးဖော်ကန်ဆယ် ပေးရန်အတွက် ယဉ်ကျေးမှုအမွေအနှစ်အပေါ် ထိခိုက်မှုရှိ-မရှိ ဆန်းစစ်ခြင်း အပါအဝင် သုတေသန လုပ်ငန်းများ ဆောင်ရွက်ပြီး ရေကန် (၈၄)ကန် တူးဖော်ရန် ဦးစားပေးအလိုက် ပြန်လည်တူးဖော် ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့အချိန်အထိ ၁၀၀% ဆောင်ရွက် ပြီးစီးသော ရေကန် (၄၅) ကန်နှင့် ဆောင်ရွက်ဆဲ ရေကန် (၅) ကန်ရှိပြီ ဖြစ်ပါကြောင်း၊ ဆက်လက်၍ ရေကန်(၃၄)ကန်ကို ကန်ဆယ်တူးဖော်သွားမည် ဖြစ်ပါကြောင်း၊ ပုဂံခေတ်ရှေးဟောင်း ရေလမ်းကြောင်း အဓိက(၃)ကြောင်းကိုလည်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနတို့၏ ပူးပေါင်းကူညီမှုဖြင့် ပြန်လည်ဖော်ထုတ် ပြုပြင်ခဲ့ပါကြောင်း၊ ဤကဲ့သို့ ရှေးဟောင်းရေလမ်းကြောင်းများနှင့် ရှေးဟောင်းရေကန်များကို စနစ်တကျ လေ့လာ အချိန်ယူ၍ ကန်ဆယ်ခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်း ရလဒ်ကြောင့် ပြီးခဲ့သည့် စက်တင်ဘာလက ရာဂိမုန်တိုင်း တိုက်ခတ်မှုကြောင့် နိုင်ငံအနှံ့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ပုဂံဒေသတွင်လည်း (၂)ရက်တည်း မိုးရေချိန် (၁၀.၇၀) လက်မ ရွာသွန်းခဲ့သော်လည်း ရှေးဟောင်း၊ ရေစီးလမ်းကြောင်း များနှင့် ရှေးဟောင်းရေကန်များ ကောင်းစွာ လည်ပတ် အလုပ်လုပ်သောကြောင့် ရေကြီးရေလျှံမှု မဖြစ်ပွားခဲ့သည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ မိုးရေချိန် (၁၆.၁၄)လက်မ ရွာသွန်းခဲ့သည့် မိုခါမုန်တိုင်း ကြောင့် ရှေးဟောင်းအဆောက်အအုံ (၆၀)ကျော် အနည်းနှင့်အများ ထိခိုက်ပျက်စီးခဲ့သော်လည်း ယခုနှစ် ရာဂိမုန်တိုင်းကြောင့် ရှေးဟောင်းအဆောက်အအုံ (၁၂)ခုသာ အနည်းငယ် ထိခိုက်ပျက်စီး ခဲ့သည်မှာ ရှေးဟောင်းရေကန်များနှင့် ရေစီးလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်း အကျိုး ကျေးဇူးဟု ဆိုနိုင်ပါကြောင်း၊ ရေကန်များအား ပြုပြင်ထိန်းသိမ်း တူးဖော်ကန်ဆယ်ခြင်းနှင့် ရှေးဟောင်းရေလမ်းကြောင်းများ ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ တို့အား ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် ရေကန်များအား ပြုပြင်ထိန်းသိမ်း တူးဖော် ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းပေးသော အလှူရှင် များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရေလမ်းကြောင်းများဖော်ထုတ်နေမှုအခြေအနေနှင့် ရေကန်များအား ပြုပြင်ထိန်းသိမ်းတူးဖော် ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေ အနေ၊ ဆောင်ရွက်ဆဲအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို Power Point ၊ Video Short Clip များဖြင့် အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က ပုဂံဒေသရှိ ရှေးဟောင်း ရေကန်များ ပြန်လည် တူးဖော်ရန် ရေကန်တစ်ကန်ချင်း လှူဒါန်းခဲ့သည့် အလှူရှင် (၃၂)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆောင်ရွက်ပြီးစီးမှုမှတ်တမ်းဓာတ်ပုံနှင့် ရေကန်ဆိုင်ရာ အချက်အလက်များကို ပေးအပ်ပါသည်။ အလှူရှင်များကိုယ်စား သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း)၊ သူရဦးမြင့်မောင်က ရေကန်များလှူဒါန်းရခြင်းအကြောင်းနှင့် ရေကန်များ လှူဒါန်းရသဖြင့် ကောင်းကျိုး ကုသိုလ်ကံများ ရရှိသဖြင့် ဝမ်းမြောက်သဒ္ဓါပွားများရပါကြောင်း စသည်ဖြင့် ကျေးဇူးတင် စကား ပြန်လည်ပြောကြား ပါသည်။
ဆက်လက်၍ နိုင်ငံတော် မဟာနာယက ဆရာတော်ကြီးများ၊ ပရိယတ္တိဝန်ဆောင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ဩဝါဒနှင့်အညီ ဆဋ္ဌသင်္ဂါယနာတင် အဋ္ဌကထာကျမ်းစာအုပ် (၅၁) အုပ်အား ကွန်ပျူတာစာမူဖြင့် ပုံနှိပ်ထုတ်ဝေရေးဆောင်ရွက်နေမှု၊ အဋ္ဌကထာကျမ်းစာအုပ် (၅၁)အုပ်အနက် (၁၅)အုပ် ပုံနှိပ်ထုတ်ဝေပြီးဖြစ်ကြောင်း၊ ပုံနှိပ်တိုက်တွင် စက်တင်ရန် (၉)အုပ် ပရိယတ္တိ တက္ကသိုလ်၊ စာသင်တိုက်များက စိစစ်ဆဲ (၂၀)အုပ်၊ ကွန်ပျူတာ စာမူစိစစ်ဆဲ (၅)အုပ်၊ စိစစ်ရန်ကျန် (၂)အုပ်တို့ဖြစ်ပါကြောင်း၊ ပိဋကတ်သုံးပုံ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ တိပိဋကပါဠိ မြန်မာအဘိဓာန်အား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အန္တရာယ်ကင်း ပရိတ်တော်များ ပုံနှိပ်ထုတ်ဝေနေမှုများကို ပြည်ထောင်စု ဝန်ကြီးက Video မှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ရှင်းလင်းပြောကြားခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသော အလှူရှင် များအား ခင်းကျင်းပြသထားသည့် အဋ္ဌကထာစာအုပ်များ၊ ပိဋကတ်သုံးပုံ အင်္ဂလိပ်ဘာသာပြန် စာအုပ်များ၊ အဘိဓာန်စာအုပ်များ၊ အန္တရာယ်ကင်းပရိတ်တော်စာအုပ်များကို ရှင်းလင်းပြသပါသည်။ ထို့နောက် အခမ်းအနား ကို နံနက် (၁၁:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။