ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရေလမ်းကြောင်းများဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် (၉၁) ကန်အား ပြန်လည်တူးဖော်ထိန်းသိမ်း ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လှူဒါန်းပေးခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရေကြီးရေလျှံမှုများ ထပ်မံမဖြစ် ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး” အတွက် ရေလမ်းကြောင်းများဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် (၉၁) ကန်အား ပြန်လည်တူးဖော်ထိန်းသိမ်း ကန်ဆယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ဝန်ကြီးဌာနများနှင့် ရေကန် အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံခန်းမတွင် ၂၁.၁၁.၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရေကန်အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေလမ်းကြောင်းများနှင့် ရှေးဟောင်းရေကန် များအား တူးဖော်ကန်ဆယ်ခြင်း လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသော ဝန်ကြီးဌာန များနှင့် ရေကန်များ တူးဖော်ကန်ဆယ် ပြုပြင်ထိန်းသိမ်းရန်အတွက် အလှူငွေ လှူဒါန်းပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည့် အခမ်းအနားများကို နေပြည်တော်နဲ့ အမျိုးသား ပြတိုက်(ရန်ကုန်)မှာ ကျင်းပတာဖြစ်ပါကြောင်း၊ ၁၉.၁၁.၂၀၂၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပ ခဲ့သည့် အခမ်းအနားတွင် လုပ်အားဒါန၊ ငွေအားဒါနတို့ဖြင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့သော ဝန်ကြီး ဌာနများနှင့် ရေကန်တစ်ကန်ချင်းစီအလှူရှင် (၃၂) ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး၊ ယနေ့ ပြုလုပ်တဲ့ အခမ်းအနားတွင် ပူးပေါင်းဆောင်ရွက်ပေးသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရေကန်တစ်ကန်ချင်းစီအလှူရှင် (၂၁) ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မှာဖြစ်ပါကြောင်း၊ ရေကန်များ တူးဖော်ကန်ဆယ်ရန်အတွက် နဝကမ္မအဖြစ် သဒ္ဓါတတ်အားသ၍ လှူဒါန်းထားသော အလှူရှင်များထံ သို့လည်း ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးပို့သွားမှာဖြစ်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်၍ မိုးရေကြီးမှုဖြစ်ပွားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ ၁၅-၅-၂၀၂၃ ရက်နေ့မှ ၁၆-၅-၂၀၂၃ ရက်နေ့ထိ ပုဂံ ဒေသခရီးစဉ်အတွင်း “ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရေကြီး ရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့စသည့် ဌာနများ ပါဝင်သောအဖွဲ့ကိုဖွဲ့စည်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်” လမ်းညွှန်မှာကြား ခဲ့ပါကြောင်း၊ ပုဂံဒေသသည် ၂၀၁၉ ခုနှစ်က ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ခံရပြီး ကမ္ဘာ့အမွေအနှစ်ကော်မတီ (WHC) က အကြံပြုချက် ၁၉ ချက် ပေးပို့ခဲ့ရာတွင် ရှေးခေတ်ပုဂံကာလ ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် သုတေသနလုပ်ငန်းနှင့် မှတ်တမ်း ပြုစုခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခြင်းနှင့်အတူ ယင်းအထောက်အထားများကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ရန်” ဆိုသည့် အကြံပြုချက်နှင့် နိုင်ငံတော် အကြီးအကဲ၏လမ်းညွှန်ချက်တို့ကို အကောင် အထည်ဖော်ရန်အတွက် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်းရေကန်(၉၁)ကန်အား စီမံချက်များရေးဆွဲ၍ ဦးစားပေးအလိုက် ပြန်လည်တူးဖော် ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့အချိန် အထိ ၁၀၀% ဆောင်ရွက်ပြီးစီးသော ရေကန် (၄၅) ကန်နှင့် ဆောင်ရွက်ဆဲ ရေကန် (၅) ကန်ရှိပြီဖြစ် ပါကြောင်း၊ ဆက်လက်၍ မတူးဖော်ရသေးသော ရေကန် (၃၄)ကန်ကို ကန်ဆယ်တူးဖော်သွားမည် ဖြစ်ပါကြောင်း၊ ပုဂံခေတ်ရှေးဟောင်း ရေလမ်းကြောင်း အဓိက(၃) ကြောင်းကိုလည်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့၏ ပူးပေါင်းကူညီမှုဖြင့် ပြန်လည်ဖော်ထုတ် ပြုပြင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (HIA) နှင့်အညီ ရှေးဟောင်းရေကန်များကို တူးဖော်ရာ တွင် ပုဂံခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ ရေကန်ဘောင်ပတ်ပတ်လည် အုတ်စီ တည်ဆောက်ထားတဲ့ ရှေးဟောင်းအုတ်ရေကန် (၃) ကန် ကို တွေ့ရှိခဲ့ပါကြောင်း၊ ၎င်းရေကန်များမှာ ရေတော်မုနိကန်၊ ဆုတောင်းပြည့် အုတ်ကန်နှင့် ရွာဟောင်းကြီးကန်များဖြစ်ပါကြောင်း၊ ၎င်းကန်များတွင် တွေ့ရှိရသော ပုဂံခေတ်ကတည်းက အုတ်ရိုးစီ တည်ဆောက်ထားသည့် အထောက်အထားများက ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ ရှေးခေတ်ရေစီမံခန့်ခွဲမှုသုတေသနဆိုင်ရာ အရေးပါသော တွေ့ရှိချက်အထောက်အထားအသစ်များ ဖြစ်သဖြင့် လွန်စွာ တန်ဖိုးမဖြတ်နိုင် ပါကြောင်း၊ ဤကဲ့သို့ ရှေးဟောင်းရေလမ်းကြောင်းများနှင့် ရှေးဟောင်း ရေကန်များကို စနစ်တကျ လေ့လာအချိန်ယူ၍ ကန်ဆယ်ခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်း ရလဒ်ကြောင့် ပြီးခဲ့သည့် စက်တင်ဘာ လက ရာဂိမုန်တိုင်း တိုက်ခတ်မှုကြောင့် နိုင်ငံအနှံ့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ပုဂံဒေသတွင်လည်း (၂)ရက်တည်း မိုးရေချိန် (၁၀.၇၀) လက်မ ရွာသွန်းခဲ့သော်လည်း ရှေးဟောင်း၊ ရေစီးလမ်းကြောင်း များနှင့် ရှေးဟောင်းရေကန်များ ကောင်းစွာလည်ပတ် အလုပ်လုပ်သောကြောင့် ပုဂံဒေသတွင် ရေကြီးရေလျှံမှု မဖြစ်ပွားခဲ့သည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ မိုခါ မုန်တိုင်းကြောင့် ရှေးဟောင်း အဆောက်အအုံ (၆၀)ကျော်အနည်းနှင့်အများ ထိခိုက်ပျက်စီးခဲ့သော်လည်း ယခုနှစ် ရာဂိမုန်တိုင်း ကြောင့် ရှေးဟောင်းအဆောက်အအုံ (၁၂)ခုသာ အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်မှာ ရှေးဟောင်း ရေကန်များနှင့် ရေစီးလမ်းကြောင်းများ ပြန်လည် ဖော်ထုတ်ခြင်း အကျိုးကျေးဇူးဟု ဆိုနိုင် ပါကြောင်း၊ ရေကန်များအား ပြုပြင်ထိန်းသိမ်း တူးဖော်ကန်ဆယ်ခြင်းနှင့် ရှေးဟောင်း ရေလမ်းကြောင်းများ ဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့အား ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် ရေကန်များအား ပြုပြင်ထိန်းသိမ်း တူးဖော်ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းပေးသော အလှူရှင်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြား ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရေလမ်းကြောင်းများဖော်ထုတ်နေမှုအခြေအနေနှင့် ရေကန်များအား ပြုပြင်ထိန်းသိမ်းတူးဖော် ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေ အနေ၊ ဆောင်ရွက်ဆဲအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို Power Point ၊ Video Short Clip များဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တူးဖော်ရန် ရေကန်တစ်ကန်ချင်း လှူဒါန်းခဲ့ သည့် အလှူရှင်(၂၁)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းဓာတ်ပုံ နှင့် ရေကန်ဆိုင်ရာအချက်အလက်များကို ပေးအပ်ခဲ့ရာ အလှူရှင်များကိုယ်စား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက ရေကန်များလှူဒါန်းရခြင်း အကြောင်းနှင့် ရေကန်များ လှူဒါန်းရသဖြင့် ကောင်းကျိုးကုသိုလ်ကံများ ရရှိသဖြင့် ဝမ်းမြောက်သဒ္ဓါပွားများ ရပါကြောင်း စသည်ဖြင့် ကျေးဇူးတင် စကား ပြန်လည်ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော် မဟာနာယက ဆရာတော်ကြီးများ၊ ပရိယတ္တိဝန်ဆောင် ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများ၏ဩဝါဒနှင့်အညီ ဆဋ္ဌသင်္ဂါယနာတင် အဋ္ဌကထာကျမ်းစာအုပ် (၅၁) အုပ် အား ကွန်ပျူတာစာမူဖြင့် ပုံနှိပ်ထုတ်ဝေရေးဆောင်ရွက်နေမှု၊ အဋ္ဌကထာကျမ်းစာအုပ် (၅၁)အုပ် အနက် (၁၅)အုပ် ပုံနှိပ်ထုတ်ဝေပြီးဖြစ်ကြောင်း၊ ပုံနှိပ်တိုက်တွင် စက်တင်ရန် (၉)အုပ် ပရိယတ္တိ တက္ကသိုလ်၊ စာသင်တိုက်များက စိစစ်ဆဲ (၂၀)အုပ်၊ ကွန်ပျူတာ စာမူစိစစ်ဆဲ (၅)အုပ်၊ စိစစ်ရန်ကျန် (၂)အုပ်တို့ဖြစ်ပါကြောင်း၊ ပိဋကတ်သုံးပုံ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ တိပိဋကပါဠိ မြန်မာအဘိဓာန်အား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အန္တရာယ်ကင်း ပရိတ်တော်များ ပုံနှိပ်ထုတ်ဝေနေမှုများကို ပြည်ထောင်စုဝန်ကြီးက Video မှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို နေ့လယ် (၁၂ ၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။