ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ညနေ ၁၆:၂၀ နာရီအချိန်က နေပြည်တော် အမှတ်(၃) စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ ရွာတော်သို့ ရောက်ရှိလာ ပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၏ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်တင်ဆက်မည့် “ခေတ် ၆ ခေတ်”ယိမ်း အကလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားခဲ့ပါသည်။ အဆိုပါ “ခေတ် ၆ ခေတ်”ယိမ်းအကကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အနုပညာဦးစီးဌာနမှ အနုပညာရှင် ၇၅ ဦး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ၁၀၀ ဦး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှ ၅၀ ဦး၊ အနုပညာ အထက်တန်းကျောင်း (ရန်ကုန်)မှ ၂၅ ဦး၊ အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ ၂၅ ဦးနှင့် ကရင်ပြည်နယ်မှ ကျောင်းသူ ၂၅ ဦး စုစုပေါင်း အင်အား ၃၀၀ ဦးဖြင့် တင်ဆက်ကပြသွားရန် ဇာတ်တိုက်လေ့ကျင့်လျက်ရှိပါသည်။ အဆိုပါ “ခေတ် ၆ ခေတ်” ယိမ်းအကတွင် ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်နှင့် မျက်မှောက်ခေတ်တို့ပါဝင်ပြီး တစ်ခေတ်စီ၏ ကကြိုးကကွက်နှင့် တီးလုံးအပြင် အဆိုပါခေတ်၏ သင်္ကေတပုံဖော်မှု ဒီဇိုင်းများ ပါဝင်ပါသည်။ ဇာတ်တိုက်လေ့ကျင့်မှုများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ဒုတိယ ပါမောက္ခချုပ်(သင်ကြား) ဒေါ်အေးစန္ဒာအောင်က ကြီးကြပ် တာဝန်ယူသင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။