သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ (ASCC)ရုံးအဖွဲ့နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် အာဆီယံစီမံကိန်း ရေးဆွဲရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (ASEAN Project Development Training for Myanmar) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၀၉:၀၀)နာရီတွင် မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ Programme Cooperation and Project Management Division မှ သင်တန်းဆရာ၊ ဆရာမများ၊ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်အောက်ရှိ လုပ်ငန်းအစုအဖွဲ့များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ သင်တန်းသား၊ သင်တန်းသူများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် အာဆီယံစီမံကိန်းရေးဆွဲရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသည် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်အောက်ရှိ လုပ်ငန်းအစုအဖွဲ့များမှ အာဆီယံ စီမံကိန်းရေးဆွဲရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နားလည်မှု မြှင့်တင်ရန်နှင့် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများကို ကိုင်တွယ်ဖြေရှင်းရာ၌ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏အရေးပါမှုကို အသိပေးဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် ထိရောက်သော စီမံကိန်းများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ပြီးစီးမှုအစီရင်ခံစာတင်ပြခြင်းတို့ကို အဓိကထားပြီး အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ကိုလည်း ဦးတည်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်ဖြစ်လာသည့် ၁၉၉၇ ခုနှစ်မှစ၍ အာဆီယံ ယဉ်ကျေးမှုနှင့် သတင်းပြန်ကြားရေးကော်မတီ(COCI)၏ တာဝန်ခံဝန်ကြီးဌာနအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခင်စီမံကိန်းအဆိုပြုလွှာများ ဆောင်ရွက်မှု၏ အတွေ့အကြုံများအရ ယခု စီမံကိန်းသည် ပိုမိုစနစ်တကျ ဆောင်ရွက်နိုင်ရေး အလေးပေးဆောင်ရွက်ထားသည်ကို တွေ့ရှိရ မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာ၌ တာဝန်ခံမှုနှင့် ရေရှည်တည်တံ့မှုကို အလေးပေးသည့် ရလဒ်-အခြေခံစီမံခန့်ခွဲမှုအပေါ် ဗဟိုပြုပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများသည် ဒေသတွင်းလိုအပ်ချက်များကို ဖြေရှင်းရာ၌ အကျိုး သက်ရောက်မှုရှိသော ရလဒ်များကို ဆောင်ရွက်ရာတွင် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည့် အာဆီယံပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အဆိုပြုလွှာပုံစံများအား လေ့လာရမည်ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းမှ ရရှိသည့် ဗဟုသုတများနှင့် အတွေ့အကြုံများသည် မြန်မာနိုင်ငံ တွင် ဆောင်ရွက်မည့် စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်စေရုံသာမက အာဆီယံအသိုက်အဝန်းကို လည်း ပိုမိုကျယ်ပြန့်စွာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါကြောင်း၊ သင်တန်းသူ၊ သင်တန်းသား အားလုံးသည် သင်တန်းကာလတစ်လျှောက်လုံးတွင် လက်တွေ့ဆောင်ရွက်မည့် လေ့ကျင့်ခန်း များနှင့် ဆွေးနွေးမှုများတွင် တက်ကြွစွာပါဝင်ရန် တိုက်တွန်းလိုပါကြောင်း၊ ယခုလို အရေးပါသည့် သင်တန်းကို ညှိနှိုင်းကူညီဆောင်ရွက်ပေးသည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အသိပညာ ဗဟုသုတ တိုးပွားစေမည့် သုံးရက်တာအစီအစဉ်တွင် ပါဝင်တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများ အားလုံးအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းအား ၁၀.၁၂.၂၀၂၄ ရက်နေ့မှ ၁၂.၁၂.၂၀၂၄ ရက်နေ့အထိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ Programme Cooperation and Project Management Division မှ သင်တန်းဆရာ၊ ဆရာမများက လာရောက်ပို့ချပေးခြင်းဖြစ်ပြီး အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက် အဝန်းမဏ္ဍိုင်အောက်ရှိ လုပ်ငန်းအစုအဖွဲ့များနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ သင်တန်းသား၊ သင်တန်းသူ (၄၃)ဦး တက်ရောက် လျက်ရှိပါကြောင်း သတင်းရရှိသည်။