သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်နှင့် ရှေးဟောင်းအဆောက်အအုံများ ကြည့်ရှုစစ်ဆေးခြင်း၊ ရွှေစည်းခုံစေတီတော်ကြီး ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် (Master Plan) ရေးဆွဲရန် ပညာရှင်များပါဝင်သောအဖွဲ့ဖြင့် ကြိုတင်ညှိနှိုင်းခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း ပုဂံ ၊ ဒီဇင်ဘာ ၁၂

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ တူးဖော်ဆယ်ယူပြီးသော ရှေးဟောင်းရေကန်ဖြစ်သည့် မင်္ဂလာကန်(၃)သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနလေ့လာဆန်းစစ်ရေးအဖွဲ့(ASI) အဖွဲ့ပြုပြင် ထိန်းသိမ်းခဲ့သည့်  ရှေးဟောင်းအဆောက်အအုံအမှတ် – ၁၇၉၁ (ရွာဟောင်းကြီးဘုရား)နှင့်     ရှေးဟောင်းအဆောက်အအုံအမှတ် – ၂၃၅ (သိကြားပုန်းဘုရား)သို့ ကြည့်ရှုစစ်ဆေးသည်။ 

ဆက်လက်၍ ရွှေစည်းခုံစေတီတော်ကြီး ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ဘက်စုံ လွှမ်းခြုံသောအစီအစဉ် (Master Plan) ရေးဆွဲနိုင်ရေး ပညာရှင်များနှင့် ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့များဖြင့် ကြိုတင်ညှိနှိုင်းအစည်းအဝေးတက်ရောက်သည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ရောက်ရှိစဉ် လမ်းညွှန်ချက်ဖြစ်သော ရွှေစည်းခုံစေတီတော်ကြီး ပြုပြင်ထိန်းသိမ်း ရေးအတွက် ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် (Master Plan)အား ၆ လ အတွင်း အပြီး ရေးဆွဲနိုင်ရေး ကဏ္ဍအလိုက် ဆောင်ရွက်နိုင်ရန်အတွက် မြေပြင်အခြေအနေ အသေးစိတ်ကြည့်ရှု၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဦးစီးကော်မတီသို့ တင်ပြနိုင်ရေးအတွက် အဖွဲ့လိုက်တင်ပြကြရန် ပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံဗိသုကာ ကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်ကလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ပြတိုက်များ)ကလည်းကောင်း၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လည်းကောင်း ဆောင်ရွက်နေမှုများကို အသီးသီးတင်ပြဆွေးနွေးကြပြီး လုပ်ငန်းအဖွဲ့(၄)ဖွဲ့က ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြကြပါသည်။ ပညာရှင်များနှင့် အဖွဲ့များ၏ ဆွေးနွေးမှု များအပေါ် ဒုတိယဝန်ကြီး(ယဉ်ကျေးမှု)က ပေါင်းစပ်ဆွေးနွေးပေးပြီး ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရွှေစည်းခုံပရဝဏ်အတွင်းရှိ တံတိုင်းအခြေစမ်းသပ်တူးဖော်ထားသည့် နေရာများကို ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။