တရုတ်သံရုံးမှ သံမှူးနှင့်အဖွဲ့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ လာရောက်ခြင်း
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်သံမှူး Mr. Li Qianguo နှင့်အဖွဲ့သည် ၁၁-၁၂-၂၀၂၄ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ လာရောက်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဌာနတာဝန်ခံ ဆရာမများနှင့် တွေ့ဆုံခဲ့ပါသည်။
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် တရုတ်သံရုံးမှ တရုတ်သံမှူး Mr. Li Qianguo နှင့်အဖွဲ့က တစ်ဦးချင်း မိတ်ဆက် စကားပြောကြားခြင်းခဲ့ကြပါ သည်။
ဆက်လက်ပြီး ပါမောက္ခချုပ်က အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) အကြောင်းကို Video Clip ဖြင့် ပြသရှင်းလင်းခဲ့ပါသည်။ ထို့နောက် တရုတ်သံမှူးက မြန်မာနိုင်ငံ၏ သင်္ကြန်ပွဲတော်နှင့် တရုတ်နိုင်ငံ၏ နွေဦးပွဲတော်တို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့က UNESCO က ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် ထည့်သွင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် UNESCO က အသိအမှတ်ပြုသည့် ဒြပ်မဲ့ယဉ်ကျေးမှု ၄၄ ခု အနက် တရုတ်အော်ပရာ၊ အရိပ်ရုပ်သေးအနုပညာ၊ လက်ဖက်ရည်အလေ့အထ အစရှိသည် တို့နှင့် တရုတ်နိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေများ အကြောင်းကို PowerPoint ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
တရုတ်သံရုံးမှ ပထမအတွင်းဝန် Me. Zhang Zhongming က တရုတ်-မြန်မာ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကောင်းများ ဆက်လက်၍ တိုးမြှင့်ဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ China Media Group မှ Ms. Mo Xiaoxin က တရုတ်နိုင်ငံတွင် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို မျိုးဆက်သစ်များတန်ဖိုးထားတတ်စေရန် လက်ဆင့်ကမ်း ထိန်းသိမ်းပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပူးပေါင်းဖလှယ်ရေး အစီအစဉ်ကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် ဆောင်ရွက်ခဲ့ကြောင်း၊ ဆိုင်းဝိုင်းကြီးတီးခတ်မှုလေ့လာခြင်း အစီအစဉ်ကို ရိုက်ကူးခဲ့ပြီး တရုတ်မီဒီယာများတွင် ဖော်ပြခဲ့ ကြောင်း၊ တက္ကသိုလ်၏ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ရှိပါကြောင်း၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် မီဒီယာ၏တာဝန်ဖြစ်ပါကြောင်း၊ ဆန်းသစ်သည့် တင်ဆက်ပြသမှုပုံစံကို ပိုမိုဆန်း သစ်စေရန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ China Media Group တွင် Ms. Mo Xiaoxin ပါဝင်ရိုက်ကူးခဲ့သည့် “တပြည်သူလေး ဖွေရှာ မြန်မာ့ရိုးရာ၊ ဆိုင်းဝိုင်းကြီးတီးခတ်မှု လေ့လာခြင်း” Video Clip ကို ပြသခဲ့ပါသည်။
ဆက်လက်၍ ပါမောက္ခချုပ်က မြန်မာနိုင်ငံ၏ သင်္ကြန်ပွဲတော်နှင့် တရုတ်နိုင်ငံ၏ နွေဦး ပွဲတော်တို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့က UNESCO က ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် ထည့်သွင်းခဲ့ကြောင်း၊ တစ်နှစ်ထဲတွင် အတူတစ်ကွရရှိခဲ့သည့်အတွက် ထူးခြားသောနှစ်ဟု ဆိုနိုင်ပါကြောင်း၊ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ဆိုင်ရာ စာတမ်းဖတ်ပွဲကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် တက္ကသိုလ်၏ စာပေပညာဌာနနှင့် အနုပညာဌာနများဖြစ်သော ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနများမှ ဆရာ၊ ဆရာမများက ၂၀၂၃ ခုနှစ်တွင် ဖတ်ကြားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော သင်္ကြန်ဆိုင်ရာစာတမ်းဖတ်ပွဲဖြစ်ခဲ့ပါကြောင်း၊ စာတမ်းများပါအချက်အလက်များသည် ICH တင်သည့်အခါ များစွာအထောက်အကူဖြစ်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ မျိုးဆက်သစ်လူငယ်များ အကြား ယဉ်ကျေးမှုထိမ်းသိမ်းခြင်း၊ မြှင့်တင်ခြင်း၊ မျှဝေခြင်းတို့ကို နှစ်နိုင်ငံ ပိုမိုပူးပေါင်း ဆောင်ရွက် လိုပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်သံမှူး Mr. Li Qianguo နှင့်အဖွဲ့သည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ သင်ကြားရေးဌာနများကို လှည့်လည် လေ့လာခဲ့ကြပါသည်။