သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပုဂံ ညောင်ဦးမြို့ရှိ ရွှေစည်းခုံစေတီတော် ဂေါပကရုံး၌ ကျင်းပသည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ကြီးပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာမှာ ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan) ရေးဆွဲနိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် သည်။
ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan) ရေးဆွဲနိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အကြီးအကဲ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ လာရောက်ခဲ့သည့် ခရီးစဉ်တွင် ရွှေစည်းခုံစေတီတော် မြတ်ကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် (Master Plan)အား အမြန်ပြီးစီးအောင် ရေးဆွဲနိုင်ရေး လမ်းညွှန်မှာကြားချက်အား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးကို မည်သည့် နေရာမှကြည့်ကြည့် မြင်ကွင်းတင့်တယ်သပ္ပာယ်စေရေးအတွက် အဆောက်အဦများကို စနစ်တကျ ဖြစ်စေရန်၊ နောင်ရေရှည်တွင် စနစ်တကျပြုပြင်ထိန်းသိမ်းမွမ်းမံမှုများ ဆောင်ရွက်နိုင်စေရန်၊ ဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော်ရာမှာ အဆင်ပြေစေရန်အတွက် (Master Plan) အောင်မြင်စွာ ရေးဆွဲ သွားရန် လမ်းညွှန်ခဲ့ပါကြောင်း၊ ဆောင်ရွက်မည့်အချိန်ဇယား(Time Frame)၊ Master Plan ရေးဆွဲရေး ဦးဆောင်ကော်မတီ၊ (Master Plan)ရေးဆွဲရေး လုပ်ငန်းကော်မတီနှင့် အထောက်အကူပြု ကော်မတီ များလည်း ဖွဲ့စည်းပြီး အစည်းအဝေး(၃)ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ Zoom ဖြင့် Review Meeting များ ဆောင်ရွက်ခဲ့ကြောင်း၊ ကဏ္ဍအလိုက် အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်း၍ ကွင်းဆင်းလေ့လာခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ အစည်းအဝေးများမှ ရရှိလာသော ဆုံးဖြတ်ချက်များ၊ အကြံပြုချက်များကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာတွင် အတိုင်းအတာတစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များကို ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များ ထပ်မံဖြည့်စွက်ပြီး Master Plan ကို သတ်မှတ်ကာလအတွင်း ရေးဆွဲပြီးစီးနိုင်ရေးအတွက် မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဆက်စပ်ဌာနဆိုင်ရာများက ရွှေစည်းခုံစေတီတော်မြတ်ကြီးအတွက် Master Plan ကို အကောင်းဆုံး ဖြစ်အောင် ကူညီရေးဆွဲပေးကြပါရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။
၎င်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးကိုယ်စား လူမှုရေးရာဝန်ကြီးက ရွှေစည်းခုံစေတီတော်မြတ်ကြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်တွင် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် Master Plan ရေးဆွဲ ရာတွင် လိုအပ်ချက်မရှိစေရန် ပူးပေါင်းပါဝင်ကြပ်မတ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် အကြံပြုချက်များကို ပြောကြားပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌက Master Plan ရေးဆွဲရေးနှင့်ပတ်သက်၍ အချက်အလက်များ ကောက်ယူပြီးစီးမှု၊ ရင်ပြင်တော်ရှိ ရှေးဟောင်း အမွေအနှစ်များ ထိခိုက်မှုမရှိအောင် ဆောင်ရွက်ရန် စီစဉ်ထားမှု၊ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ရန် စီစဉ်ထားမှုစသည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးတင်ပြပါသည်။ ထို့အပြင် ကဏ္ဍအလိုက် ဖွဲ့စည်းထားသည့် အဖွဲ့(၄)ဖွဲ့မှလည်း ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် Master Plan ရေးဆွဲရေးနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေတို့ကို ဆွေးနွေးတင်ပြကြသည်။ ဆက်လက်ပြီး အဖွဲ့(၁)က ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များဖြစ်သော ရှေးဟောင်းသုတေသနဆိုင်ရာ စမ်းသပ်တူးဖော်ခြင်း၊ ဗိသုကာ ဆိုင်ရာများ လေ့လာခြင်း၊ သုတေသနပြုခြင်းနှင့် သမိုင်းအထောက်အထားများ ရှာဖွေပြုစုခြင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အဖွဲ့ (၂)က ၎င်းတို့ဆောင်ရွက်ရမည့် HIA ဆန်းစစ်ခြင်း Assessment နှင့် Inventory ကောက်ယူခြင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အဖွဲ့(၃)က စေတီတော်ပရဝဏ် နှင့်ဝတ္တကမြေဧရိယာများ လေ့လာသုတေသနပြုခြင်း၊ မြေယာပိုင်ဆိုင်မှုများ ပြုစုခြင်း ဆောင်ရွက် ထားရှိမှုအခြေအနေ၊ အဖွဲ့(၄)က စေတီတော်ပရဝဏ် အတွင်းရှိ အဆောက်အအုံများအား Grade ခွဲခြားခြင်း၊ အဆောက်အအုံ ပုံစံဒီဇိုင်းများ ပြုစုရေးဆွဲခြင်း၊ ပြုပြင်ထိန်းသိမ်းရေးလက်စွဲ ပြုစု ရေးသားခြင်း၊ ဂေါပကအဖွဲ့တွင် Technician ထည့်သွင်းဖွဲ့စည်းခြင်း ဆောင်ရွက်ထားရှိမှု အခြေအနေများ တင်ပြခြင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား အစည်းအဝေး တက်ရောက်လာကြသူများက အသေးစိတ် ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရွှေစည်းခုံစေတီတော်မြတ်ကြီး ပရဝဏ်အတွင်းရှိ မူလ သမိုင်းဝင်အထောက်အထားများ မပျောက်ပျက်စေရန် အလေးထားစဉ်းစားရေးဆွဲကြရန် အမွေအနှစ် တန်ဖိုးအလိုက် သုံးသပ်၍ ထိခိုက်မှုမရှိစေရန်နှင့် ရေရှည်တည်တံ့အောင် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရန်လျာထားကြရန်၊ နောက်ပိုင်းကာလများတွင် တည်ဆောက်ထားသော မလိုအပ်သည့် အဆောက်အအုံများကို သုံးသပ်ဆွေးနွေး၍ စေတီတော်ကြီး ဥပဓိရုပ် ကောင်းစေရန်နှင့် ဘုရားဖူးများ ကျယ်ကျယ်ပြန့်ပြန့်ကြည်ညိုနိုင်ရေး စီမံရေးဆွဲကြရန်၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အဆင့်လိုက်လျာထားရေးဆွဲရန်၊ ရှေးဟောင်းအမွေအနှစ်များကိုပါ ဖော်ထုတ်ပြသရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် Master Plan အား အပြည့်စုံဆုံးနှင့် အကောင်းဆုံးဖြစ်စေရေး မူကြမ်းများ အဆင့်ဆင့်ပြုစု၍ သတ်မှတ်အချိန်တွင် ပြီးစီးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးပါရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ (၁၅:၀၀) အချိန်တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွာဟောင်းကြီးဘုရား၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံ နှစ်နိုင်ငံချစ်ကြည်ရေး နားလည်မှုသဝဏ်လွှာ MoU အရ အိန္ဒိယနိုင်ငံ၊ ရှေးဟောင်းသုတေသနဌာန (ASI) အဖွဲ့က ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုဂံဒေသရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် စီမံကိန်းပထမအဆင့် ရှေးဟောင်းအဆောက် အအုံ(၁၁)ဆူ၏ (လုပ်ငန်း ၂၂ ခု)အား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E.Sh.Abhay Thakur၊ ကောင်စစ်ဝန်ချုပ် Mr. Sundeep Kaushal၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီဖြင့် ပုဂံဒေသရှိငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ရှေးဟောင်း အဆောက်အအုံ (၇၂)ဆူ (လုပ်ငန်းအားဖြင့် ၈၉ ခု)အား ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုဆိုင်ရာ နားလည်မှုသဝဏ်လွှာ (MoU) ကို ၂၀၁၈ ခုနှစ်၊ မေလ (၁၁)ရက်နေ့တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့ပါသည်။
အဆိုပါ ရှေးဟောင်းအဆောက်အအုံ (၇၂)ဆူကို Phase-1, Phase-2, Phase-3 (၃)ပိုင်းခွဲ၍ (၁၀)နှစ်စီမံကိန်းဖြင့် အဆောက်အအုံပိုင်းနှင့် အနုလက်ရာပိုင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသည်။ Phase-1 တွင် ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း (၁၂)ဆူ (လုပ်ငန်းအားဖြင့် ၂၄ ခု)၊ Phase-2 တွင် ရှေးဟောင်းအဆောက်အအုံစုစုပေါင်း (၂၇)ဆူ (လုပ်ငန်းအားဖြင့် ၃၂ ခု)နှင့် Phase-3 တွင် ရှေးဟောင်းအဆောက်အအုံစုစုပေါင်း (၃၃)ဆူ (လုပ်ငန်းအားဖြင့် ၃၃ ခု) စုစုပေါင်း ရှေးဟောင်းအဆောက်အအုံစုစုပေါင်း (၇၂)ဆူ (လုပ်ငန်းအားဖြင့် ၈၉ ခု) အား အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ ပညာရှင်များ ကြီးကြပ်၍ ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂၀၂၀ ခုနှစ်မှ စတင်၍ Phase-1 အဖြစ် ရှေးဟောင်းအဆောက်အအုံစုစုပေါင်း (၁၂)ဆူ၏ အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် နံရံပန်းချီနှင့် အင်္ဂတေပန်းကြံ့ခိုင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို အိန္ဒိယသမ္မတနိုင်ငံအစိုးရ အကူအညီဖြင့် အိန္ဒိယနိုင်ငံ ရှေးဟောင်း သုတေသနဌာနမှ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ရှေးဟောင်းအဆောက်အအုံစုစုပေါင်း (၁၂)ဆူအနက် ရှေးဟောင်းအဆောက်အအုံ (၁၁) ဆူ၏ (လုပ်ငန်း ၂၂ ခု)အား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ခဲ့ပြီး ဖြစ်သဖြင့် လုပ်ငန်းပြီးစီးမှုကို လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပါသည်။
လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်တို့က အမှာစကားများ အသီးသီးပြောကြားကြပြီး လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းကျောက်စာအား ပြည်ထောင်စု ဝန်ကြီးနှင့် သံအမတ်ကြီးတို့က ဖဲကြိုးဖြတ်၍ လိုက်ကာကြိုးဆွဲဖွင့်လှစ်ပေးခဲ့ကြပါသည်။ ထို့နောက် ရှေးဟောင်းအဆောက်အအုံ(၁၁)ဆူတို့၏ အဆောက်အအုံပိုင်းဆိုင်ရာနှင့် နံရံဆေးရေးပန်းချီ၊ အင်္ဂတေပန်းစသည့် အနုလက်ရာပိုင်းဆိုင်ရာများ ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် ဧည့်သည်တော် များသည် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ ပြုပြင်ထိန်းသိမ်းပြီးစီးခဲ့သည့် နတ်လျောင် ကျောင်းနှင့် သိကြားပုန်းဘုရားများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ရာ အိန္ဒိယပညာရှင်များက အသေးစိတ် ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုဂံမြို့၊ Aureum Palace Hotel တွင် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တာဝန်ရှိသူများနှင့် အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။