ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ ကန်ဆယ်တူးဖော်ထိန်းသိမ်းခဲ့ခြင်းများ အတွက် လှူဒါန်းမှုအလှူရေစက်ချမင်္ဂလာအခမ်းအနားနှင့်  ရှေးဟောင်းရေလမ်းကြောင်းများနှင့် ရှေးဟောင်းရေကန် (၉၁) ကန်နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးများ တက်ရောက် နေပြည်တော်၊ ဒီဇင်ဘာ ၁၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နယ်စပ် ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လူမှုရေး ဝန်ကြီး ဦးအောင်ကျော်မိုးတို့နှင့်အတူ (၁၄-၁၂-၂၀၂၄)ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် ညောင်ဦး ခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်တော်များ ကန်ဆယ် တူးဖော် ပြုပြင်ထိန်းသိမ်းလှူဒါန်းခြင်း ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို တက်ရောက် ခဲ့ပါသည်။ နိုင်ငံတော်ဩဝါဒါစရိယ၊ ရုပ်စုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ အရှင်သူမြတ်ထံမှ (၅)ပါးသီလခံယူဆောက်တည်ကာ ပြည်ထောင်စုဝန်ကြီးက ဆရာတော် အရှင်သူမြတ်များထံ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရေကန်များ၏မူလအလှူရှင်များ ခေတ် အဆက်ဆက် ကန်ဆယ်ယူခဲ့သော အလှူရှင်များကို တရားနာဖိတ်ကြားပေးပါရန်နှင့် ပြုပြင်မွမ်းမံရာ၌ မှားယွင်းမှုများ ရှိပါကသည်းခံခွင့်လွတ်နိုင်ပါရန်၊ ရေစက်ချတရားနာယူပြီးပါက မူလအလှူရှင်များနှင့် ခေတ်အဆက်ဆက် ကန်ဆယ်ယူခဲ့သော အလှူရှင်များကို အမျှအတမ်း ပေးဝေပေးနိုင်ပါရန်တို့ကို ဆရာတော် ဘုရားကြီးများထံ တင်ပြလျှောက်ထားခဲ့ပါသည်။ ဆရာတော်ဘုရားကြီးများ ချီးမြှင့်တော် မူသော မေတ္တာသုတ်ပရိတ် တရားတော်များ နာယူကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရား နာယူကြည်ညို ခဲ့ပြီး ရေစက်သွန်းချ အမျှအတမ်းပေးဝေ ခဲ့ကြပါသည်။ ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီး အမှူးပြုသော ဆရာတော်များက ရေကန်အလှူရှင်ကမ္ဗည်းကျောက်စာကို အောင်သပြေခက်များဖြင့် ပတ်ဖြန်းပေးပြီး ဆရာတော်ကြီးများက ရေကန်တော်၏ ရေဝင်ရောက်မှု အခြေအနေနှင့် ထိန်းသိမ်းထားရှိမှုအခြေအနေကို လှည့်လည် ကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီးက ရေကန်တော်ဆယ်ယူခဲ့မှုအခြေအနေများအား ရှင်းလင်း လျှောက်ထားခဲ့ပါသည်။

ထို့နောက် ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမ၌  ရှေးဟောင်းရေလမ်း ကြောင်းများနှင့် ရှေးဟောင်းရေကန် (၉၁)ကန်အနက် တူးဖော်ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိသောရေကန်များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြား ရာတွင် ရေကန် များ တူးဖော်ကန်ဆယ်ခြင်းနှင့်ပတ်သက်၍ တူးဖော်ကန်ဆယ်ခြင်း လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသော ဝန်ကြီးဌာနများနှင့် ရေကန်များ တူးဖော်ကန်ဆယ်ပြုပြင် ထိန်းသိမ်းရန် အတွက် အလှူငွေ လှူဒါန်းပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည့် အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် နေပြည်တော်၌ တစ်ကြိမ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်၌ တစ်ကြိမ် စုစုပေါင်း (၂) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနားများတွင်လည်း လုပ်အားဒါန၊ ငွေအားဒါနတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေး ခဲ့သော ဝန်ကြီးဌာနများနှင့် ရေကန်တစ်ကန်ချင်းစီ အလှူရှင် (၅၃)ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရေကန်များ တူးဖော်ကန်ဆယ်ရန်အတွက် နဝကမ္မအဖြစ် သဒ္ဓါ တတ်အားသ၍ လှူဒါန်းထားသော အလှူရှင်များထံသို့လည်း ဂုဏ်ပြုမှတ်တမ်းလွှာများကို ဆက်လက် ပေးပို့သွားမှာ ဖြစ်ပါကြောင်း၊

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရှေးဟောင်းရေကန် (၉၁)ကန်အား ပထမအဆင့် (၄၆) ကန်နှင့် ဒုတိယအဆင့် (၄၅)ကန်လို့ ခွဲခြားသတ်မှတ်ပြီး ပြန်လည် တူးဖော်ကန်ဆယ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ ၁၀၀ % ဆောင်ရွက်ပြီး ရေကန် ၄၇ ကန်၊ ဆောင်ရွက်ဆဲရေကန် ၁၁ ကန် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန် ကျန်ရှိသည့် ရေကန် (၂၆)ကန်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပါအဝင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနများသို့ ကန်ဆယ် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ပါရန် တာဝန်ခွဲဝေကူညီဆောင်ရွက် ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ ရေကန်များကိုသာ ကန်ဆယ်ခြင်းမျိုးမဟုတ်ဘဲ ရေစီးရေလာကောင်းမွန်စေရေး၊ ရေဝပ်မှုများ မဖြစ်ပေါ်စေရေးအတွက် အဓိကကျသော ရေလမ်းကြောင်း  (၃) ကြောင်းအား ပြန်လည်ဖော်ထုတ်ခြင်း လုပ်ငန်းကိုလည်း ဆက်လက်သွားရမည်ဖြစ်ပါကြောင်း၊ ရှေးဟောင်းရေကန်များ၊ ရေစီးလမ်းကြောင်း ဟောင်းများအား ကန်ဆယ်တူးဖော်ရာမှာ ကနဦးလုပ်ငန်းဖြစ်သည့် Topographic Map ရေးဆွဲနိုင်ရန်အတွက် မြေပြင်ကွင်းဆင်း တိုင်းတာခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊  ရေလမ်းကြောင်း အမှတ် (၁)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လည်းကောင်း၊ ရေလမ်းကြောင်းအမှတ်(၂)ကို နယ်စပ်ရေးရာဝန်ကြီးဌာနက လည်းကောင်း၊ ရေလမ်းကြောင်း အမှတ် (၃)ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်းကောင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရေလမ်းကြောင်းအမှတ် (၁)၏ မင်းနန်သူ ကျေးရွာမှ ညောင်လက်ဖက်ကန်၊ ဖိုးသူတော်ကန်၊ ဆွေတော်မျိုးတော်ကန်မှ ပုဂံမြို့ဟောင်းကျုံးအထိ ရေလမ်းကြောင်းအစိတ်အပိုင်း အချို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ပြန်လည် ဖော်ထုတ်ပေးခဲ့ပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်ရမည့် ရေလမ်း ကြောင်း အမှတ်(၃)ဆိုင်ရာ ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ သူဌေးကန် အနီးရေကျော်နေရာမှ မြောက်ဘက် ရှေးဟောင်း အဆောက်အအုံအမှတ်-၂၅၅၅ အနီးအထိ (ပေ ၃၈၀၀)အား  ဖော်ထုတ် ခြင်းလုပ်ငန်းကို အလှူရှင်၏ ပံ့ပိုးမှုဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကြီးကြပ်၍ ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ရေလမ်းကြောင်းအမှတ်-၃ အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် ဆောင်ရွက်ရန် လျာထားပါကြောင်း၊ ရေလမ်းကြောင်းအမှတ် (၁) နှင့် အမှတ်(၂) ကို တာဝန်ယူ ဆောင်ရွက်မည့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ အနေဖြင့်လည်း ရှေးဟောင်း ရေကန်များကို သာမက ရှေးဟောင်း ရေလမ်းကြောင်းများကိုလည်း ပြန်လည်ဖော်ထုတ်ပေးရန် မေတ္တာရပ်ခံပါကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက  ပထမအကြိမ် (၁၇) ကန်ကို ၁၀၀% ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကန်ရှည်လျားကန် စတင်တူးဖော်ထိန်းသိမ်းခြင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကန်ရှည်လျားကန်အပါအဝင် (၁၀) ကန်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဂျင်းကျောက်လမ်း (၁၃) လမ်း ဆောင်ရွက်ခဲ့ပြီး ပထမအဆင့် (၃)လမ်း၊ ဒုတိယအဆင့် (၄) လမ်းနှင့် တတိယအဆင့် (၆) လမ်းစုစုပေါင်း (၁၃) လမ်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေလမ်းကြောင်းအမှတ်(၂) ကို ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်း တင်ပြခဲ့ပါသည်။

           ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက မန္တလေးတိုင်း ဒေသကြီး အစိုးရရန်ပုံငွေဖြင့် အလံပြကန်(အလံပုဂံ)၊ မရိုးကန် (အလယ်ကန်)၊ ညောင်လက်ဖက်ကန် များကို ကန်ဘောင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် HIA အကြံပြုချက် နှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း တင်ပြခဲ့ပါသည်။

          ၎င်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူက ပထမ အကြိမ်တွင် (၆) ကန်တူးဖော်ပြီး (၁) ကန်ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် (၃) ကန်တွင် (၁) ကန်ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ရေလမ်းကြောင်း အမှတ်(၁) ကိုလည်း ဆောင်ရွက်နေပါကြောင်း၊ ရေလမ်းကြောင်း အမှတ်(၁) မှ ကျုံးအတွင်း၊ ကျုံးအတွင်းမှ ဧရာဝတီမြစ်အတွင်း လမ်းကြောင်းဖော်ထုတ် ဆောင်ရွက်နေပါကြောင်း စသည်ဖြင့် တင်ပြခဲ့ပါသည်။

          ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပထမအကြိမ် ရေကန်(၁၂)ကန်ကို ၁၀၀% တူးဖော်ထိန်းသိမ်းပြီးခဲ့ပါကြောင်း၊ ဒုတိယအကြိမ် ရေကန် (၈) ကန် အနက် (၄) ကန် တူးဖော်ထိန်းသိမ်းလျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် အပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြခဲ့ပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရေကန်တူးဖော် ကန်ဆယ်ပြီးနောက် ရေဝင်ရောက်မှုအခြေအနေ၊ ရေနေမည့်အခြေအနေ၊ ရေထိန်းသိမ်းနိုင်မှု အခြေ အနေ စသည်တို့ကို စောင့်ကြည့်ထိန်းသိမ်းသွားရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် ရေလမ်းကြောင်း အမှတ်(၁)၊ (၂) နှင့် (၃) တို့ကို မိုးမကျမီအပြီး ဆောင်ရွက်သွားစေလို ပါကြောင်း၊ တူးဖော်ထိန်းသိမ်းပြီး ရေကန်များ၊ ရေလမ်းကြောင်းများ ပျက်စီးမှုမရှိစေရေးကိုလည်း အထူးအလေးထားဂရုပြု စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပုဂံရှေးဟောင်းဒေသ ရေကန်များ တူးဖော်ဆယ်ယူထိန်းသိမ်းခြင်းအားဖြင့် မုန်တိုင်းတိုက်ခတ်မှုကြောင့်၊ ရေကြီးရေလျှံမှု ကြောင့် ပုဂံရှိ ဘုရားစေတီ သာသနိက အဆောက်အအုံများ ပျက်စီးမှု အနည်းဆုံးဖြစ်စေပါကြောင်း၊ လူ၊ တိရိစ္ဆာန်၊ ကျွဲ၊ နွား၊ ငှက်များ သောက်ရေသုံးရေ ရရှိပါကြောင်း၊ ပတ်ဝန်းကျင် သစ်ပင်များ စိမ်းလန်းစိုပြည်မှုရှိပါကြောင်း၊ ရေကန်များတွင် ရေများပြည့်လျှံထိန်းသိမ်းထားမှုကြောင့် ကျေးရွာ များအတွင်းရှိ သောက်သုံးသောရေတွင်းများမှာ ရေဝင်ရောက်မှုမြင့်တက်လာခြင်း၊ ရေတွင်းရေများ ငံနေရာမှ ရေချိုအဖြစ် ပြောင်းလဲလာခြင်း၊ ကျေးရွာများမှ ကျွဲ၊ နွား၊ တိရိစ္ဆာန်များ အိပ်တန်းဝင်ရန် ရွာအဝင်တွင် ရေ ဝဝလင်လင် သောက်သုံးလာနိုင်ကြခြင်းစသည့် အကျိုးကျေးဇူးများ ရရှိကြောင်း၊ ကောင်းမွန်သည့် လုပ်ငန်းကြီးဖြစ်သောကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နေ့လယ်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် သရပါတံခါးအနီးမှ အနော်ရထာလမ်းအတွင်း မြေလမ်းအား  ဂျင်းကျောက်မြေနီခင်းသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုကာ ရှေးဟောင်းအမွေအနှစ်များကို မထိခိုက်စေဘဲ ချောမွေ့စွာ သွားလာနိုင်ရန်နှင့် အရည်အသွေးကောင်းကောင်း ဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။

ထို့နောက် စူဠာမဏိဂူဘုရားသို့ သွားရောက်၍  နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် ဖြစ်သော နံရံဆေးရေးပန်းချီများ သန့်စင်ခြင်းနှင့် Tempered Glass မှန်ဖြင့် ကာရံခြင်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ပုဂံခေတ် ရှေးအုတ်အရွယ်ဖြင့် ဘုရားတံတိုင်း နှင့် ဘုရားအကြား လျှောက်လမ်း အကျယ် ၉ ပေ ၆ လက်မ၊ အရှည် ၁၂၈၂ ပေ ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လှူဒါန်းထားသော ဘုရားအမှတ် (၇၅၂) ကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တူးဖော်ကန်ဆယ်ထားသည့် ကန်သစ်ကန် (ပြဿဒ်ကန်) ကိုလည်းကောင်း ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လှူဒါန်း ထားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက  တူးဖော် ကန်ဆယ်ထားသည့် အာမနာကန်ကို လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက  တူးဖော်ကန်ဆယ် ထားသည့် မြေနဲလေးကန် – ၃ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကန်များ ရေရှည်တည်တံ့ စေရေးနှင့် ရေဝင်လမ်းကြောင်းများကိုလည်း သေချာဖောက်လုပ်ပေးရန် ၊ အထူးသဖြင့် ကျွဲ၊ နွားများ နှင့် ကျေးရွာ များမှ  ဒေသခံ ပြည်သူများ အတွက် သောက်ရေ၊ သုံးရေ၊ စိုက်ပျိုးရေများ  အသုံးပြုလျက် ရှိသဖြင့် ရေကန်အတွင်း ရေထိန်းနိုင်ရေးအတွက်ကိုပါ တတ်နိုင်သရွေ့ ထိန်းသိမ်းနိုင်ရေး စီမံ ဆောင်ရွက်ပေး ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလိုတော်ပြည့်ဘုရားသို့ သွားရောက်၍ မိုးကြိုးလွှဲ တပ်ဆင်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ၂၀၂၄ ခုနှစ် ၊ နှစ်ဆန်းပိုင်းက ပုဂံဒေသရှိ တန်ခိုးကြီးဘုရား (၁၁) ဆူတွင် မိုးကြိုးလွှဲတပ်ဆင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဘုရား (၉) ဆူတွင် မိုးကြိုးလွှဲ တပ်ဆင်ခြင်းလုပ်ငန်းများကို အဆောက်အဦဦးစီးဌာနသို့ လုပ်ငန်းအပ်နှံဆောင်ရွက် ခဲ့ရာ စုစုပေါင်း တန်ခိုးကြီးဘုရား အဆူ (၂၀) တွင် မိုးကြိုးလွှဲတပ်ဆင်ပြီးစီးခဲ့ပြီဖြစ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား Area (၁၁) ပိုင်း သတ်မှတ်၍ ဘုရားများ ရင်ပြင်တော်မှ ပေ(၂၀)အကွာ ပတ်ဝန်းကျင်ပေါင်းမြက် ချုံနွယ်များ ရှင်းလင်းခြင်း၊ ဘုရားများအပေါ်ပိုင်းတွင် ‌ပေါက်‌ရောက်နေသော ပေါင်းမြက်နှင့်ညောင်ပင်များအား ရှင်းလင်းဆောင်ရွက်ခြင်းနှင့် ဆင်းတုတော်ရှိသော လိုဏ်ဘုရားများအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ လိုဏ်ပတ်လမ်းများတွင် ခိုချေးများ၊ ဖုန်မှုန့်များ၊ အမှိုက်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် လမ်းဘေးဝဲယာ ပေါင်းပင်၊ မြက်ပင်များ သန့်ရှင်းရေးဆောင်ရွက် ထားမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ စတင် ဆောင်ရွက်ခဲ့ရာ Area (၁၁) ပိုင်း အနက် Area C နှင့် E တို့တွင် သန့်ရှင်းရေးဆောင်ရွက်ပြီးစီးပြီ ဖြစ်ပြီး Area D နှင့် F တို့တွင် ၇၀ % ခန့်ဆောင်ရွက်ပြီးဖြစ်ပါသည်။ ဘုရားပေါ်တွင် ပေါက်ရောက် နေသည့် ညောင်ပင်နှင့် ပေါင်းပင်များကိုသာမက ဘုရားပတ်ဝန်းကျင်နှင့် လမ်းဘေး ဝဲယာတို့ရှိ မြင်ကွင်း ပိတ်ဆို့နေသည့်အပင်များကို သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ သစ်ပင်ကြီးများ အောက်ခြေ အလင်းဖွင့် ခြင်း၊ ကန္တာရပင်များခုတ်ထွင်၍ ကန္တာရငုတ်များကိုပါ တူးထုတ်ခြင်း လုပ်ငန်းများကို အချိန်ယူ စနစ်တကျ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပုဂံဒေသသည် စေတီပုထိုးများပေါ်ရှိ ချုံနွယ်များ ရှင်းလင်း၍ ဘုရားဖူးများအနေဖြင့် ပတ်ဝန်းကျင်ရှေးဟောင်းဘုရားများအား ကောင်းစွာကြည်ညို နိုင်သည့် အနေအထားကို တွေ့မြင်နိုင်ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပုဂံဒေသတစ်ခုလုံး၏ ရှေးဟောင်းမြင်ကွင်းကြီးပေါ်လွင်လာစေရန်၊ စေတီ ပုထိုးများ ဥပဓိရုပ် ကောင်းမွန်သပ္ပါယ်စေရန် စေတနာထား ဆောင်ရွက်ပေးရန်နှင့် ဘုရား၊ ပုထိုးများအား ထိခိုက်နိုင်သည့် ညောင်ပင်၊ သစ်ပင်များကို ဓာတုဗေဒဆေးဖြင့် ရှင်းလင်းရန်၊ ဘုရားဖူးများ ကြည်ညိုသဒ္ဓါပွားနိုင်ရန် ဘုရားပုထိုးများ အတွင်း၊ အပြင်သာမက ပတ်ဝန်းကျင်ကိုပါ ရှင်းနိုင်သ၍ ရှင်းလင်းပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။