သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ၊ ရှေးဟောင်းသိကြားပုန်းဘုရား ပြုပြင်ထိန်းသိမ်းခြင်းအတွက် လှူဒါန်းမှု အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားတက်ရောက်ခြင်း၊ ရှေးဟောင်းဘုရားစေတီများ နှင့် ရှေးဟောင်းရေကန်များ ပြုပြင်ထိန်းသိမ်းမှုများ  သွားရောက်စစ်ဆေးကြည့်ရှုခြင်း ညောင်ဦး၊ ဒီဇင်ဘာ ၁၅

ယနေ့နံနက်ပိုင်းတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရားအမှတ်-၂၃၅ (သိကြားပုန်းဘုရား)၌ ကျင်းပပြုလုပ်သည့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို နိုင်ငံတော်ဩဝါဒစရိယ၊ မြစ်ကြည့်တိုက် ရုပ်စုံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ အရှင်သူမြတ် အမှူးပြု၍ ပင့်သံဃာဆရာတော်ကြီး(၉)ပါး ကြွရောက်၍ ဗုဒ္ဓဘိသေက အနေကဇာတင်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်ဩဝါဒစရိယ၊ မြစ်ကြည့်တိုက် ရုပ်စုံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသအရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ကြီးများ ချီးမြှင့်သော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါ ရှေးဟောင်းဘုရား အမှတ်- ၂၃၅ (သိကြားပုန်းဘုရား) ပြုပြင်ထိန်းသိမ်းမှုများကို ခေတ်အဆက်ဆက် ပြုပြင်လှူဒါန်း ခဲ့သည့်အလှူရှင်များနှင့် အဆိုပါလှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော်ဩဝါဒစရိယ၊ မြစ်ကြည့်တိုက် ရုပ်စုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ အရှင်သူမြတ်ထံမှ အနုမောဓနာ တရားနာယူ၍ ရေစက်သွန်းလောင်း အမျှဝေပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၂၀.၉.၂၀၂၄) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခြင်း နှင့်မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် တောင်ဘီကျေးရွာအနောက်ဘက်၊ နတ်ထောင့်ကျောင်း တိုက်အနီးရှိ ရှေးဟောင်းဘုရားအမှတ် – ၁၉၈၃ (ဆုတောင်းပြည့်ဘုရား)၏ တိုက်မမြောက်ဘက် နံရံနှင့် တိုက်မအထက်ရှိ ကွမ်းတောင်နှင့် အထွဋ်စေတီတို့ ထိခိုက်ပျက်စီးခဲ့ရာ ကနဦးပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းအနေဖြင့် သဲခဲများရှင်းလင်းခြင်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေး ခဲ့ပြီး မြန်မာနိုင်ငံငလျင်အသင်းနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီထံသို့ အကြံပြုချက်များရယူ၍ စနစ်တကျဆောင်ရွက်သွားနိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်  အရည် အသွေးကောင်းမွန် အောင်ဆောင်ရွက်သွားရေးတို့ကို လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွာဟောင်းကြီးဘုရားအနီးရှိ ရွာဟောင်းကြီးရေကန်အား ကြည့်ရှုစစ်ဆေးပြီး ရှေးမူမပျက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။