အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၃၁) ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်မိတ်ဆက် အခမ်းအနားကို ၂၇-၁၂-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)နှင့် ဌာနမှူး(သင်တန်းရေးရာ)တို့က မောင်မယ်သစ်လွင်များအား ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စာကြည့်တိုက်မှူးက စာကြည့်တိုက် ဆိုင်ရာများအား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဂီတပညာဌာနမှ ဆိုင်းအဖွဲ့က မြန်မာ့မူမှန်သီချင်းဖြင့်လည်းကောင်း၊ သဘင်ပညာဌာနက “ပျော်ပွဲဒိုး” နတ်ချင်းယိမ်းဖြင့်လည်းကောင်း၊ ပန်းချီပညာဌာနက “ရဟယ်ရှင်” ယိမ်းအကဖြင့် လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနက “ရုံးတော်လွှတ်တော်” သီချင်းအား တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ ရုပ်ရှင်နှင့်ပြဇာတ် ပညာဌာနက “ဗိုလ်အောင်ဒင်နှင့် ဖလန်းဖလန်းအချစ်များ” တစ်ခန်းရပ်ပြဇာတ်ဖြင့် လည်းကောင်း၊ ဂီတပညာဌာနက “တိုင်းရင်းသား မျိုးနွယ်ချစ်ကြိုးသွယ်” သီချင်း ဖြင့်လည်းကောင်း၊ သဘင်ပညာဌာနက ရှမ်းရိုးရာ ရုပ်သေး တင်ဆက် မှုဖြင့်လည်းကောင်း၊ ယဉ်ကျေးမှုအမွေ အနှစ်စီမံခန့်ခွဲမှုပညာဌာနက “ရောင်စုံခေတ်” တေးသီချင်း အား တေးသရုပ်ဖော်ဖြင့် လည်းကောင်း၊ ပန်းချီပညာဌာနက “သျှောင်ပေစူး” ယိမ်းအကဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
ထို့နောက်နေ့လယ်ပိုင်းတွင် တက္ကသိုလ်မောင်မယ်ရွေးချယ်ခြင်း၊ ကုမုဒြာအငြိမ့်ဖြင့် တင်ဆက်ခြင်း၊ တက္ကသိုလ်မောင်မယ်များအား ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဆုချီးမြှင့်ခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနား ကို ညနေ ၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။