(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပပြီးစီးမှုနှင့်ပတ်သက်သည့်  ဦးစီးကော်မတီလုပ်ငန်းသုံးသပ်အစည်းအဝေး သတင်း၆.၁.၂၀၂၅ နေပြည်တော်

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့်ပတ်သက်သည့်  လုပ်ငန်းသုံးသပ်အစည်းအဝေးကို ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်၍ယနေ့ ၁၄:၀၀ နာရီအချိန်တွင် ရုံးအမှတ်(၃၅) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ဦးစီးကော်မတီ အတွင်းရေးမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော် ကောင်စီ အဖွဲ့ဝင်(၃) ဦးမြင့်စိုး၊ ဆပ်ကော်မတီများမှဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယခုနှစ်ပြိုင်ပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ်   ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုနှင့် အညီ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဦးဆောင်မှုဖြင့် ဝန်ကြီးဌာနများမှ ဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ညှိနှိုင်း ပေါင်းစပ်မှု၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့၏ ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ စိတ်ပါဝင်စားစွာ ကြိုးပမ်းအားထုတ်မှုများကြောင့် အောင်မြင် ခမ်းနားစွာ ပြီးမြောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအတွက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီတို့ကို စတင်ဖွဲ့စည်းပေးချိန်မှစ၍ (၃)လကျော်ကာလအတွင်း ဦးစီးကော် မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂)ကြိမ်နှင့် ဆက်စပ်ညှိနှိုင်းအစည်းအဝေးများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ပြိုင်ပွဲစတင်ခြင်း မပြုမီကာလမှ ပြိုင်ပွဲပြီးဆုံးချိန်ကာလအထိ အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူများ၊ အထောက် အကူပြုရုံးအဖွဲ့များနှင့် ပရိသတ်များအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ကိုလည်း အပြည့်အဝပေးနိုင်ခဲ့ပါကြောင်း၊ ၎င်းအပြင် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအတွက် အစားအသောက်များကို ဟိုတယ်မှ မှာယူကျွေးမွေးနိုင်ခဲ့သည့်အတွက်  ကျန်းမာရေးနှင့်အညီ  အာဟာရ ပြည့်ဝစွာ ကျွေးမွေးဆောင်ရွက်မှု ပြုနိုင်ခဲ့ပါကြောင်း၊ တည်းခိုနေထိုင်ရေးအနေဖြင့်လည်း အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ရိပ်သာတွင် အကဲဖြတ်ပညာရှင်များကို ထားရှိခဲ့သည့် အတွက်  အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်ခွင့် ရရှိခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင်အင်အား အနေဖြင့် ယခင်နှစ်(၂၄)ကြိမ်မြောက် ပြိုင်ပွဲတွင်  ပြိုင်ပွဲဝင်ဦးရေ ၂၃၀၆ ဦး ယှဉ်ပြိုင်ခဲ့ပြီး ယခု(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၂၅၄၀ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြသဖြင့်   ပြိုင်ပွဲဝင်အင်အား ပိုမို တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ယခုနှစ်(၂၅)ကြိမ်မြောက်ပြိုင်ပွဲတွင် အချို့သော ဘာသာရပ် များ၌ ဆုအရေအတွက် ပိုမိုချီးမြှင့်ပေးခဲ့သဖြင့် ပြိုင်ပွဲဝင်များ၏ စိတ်ဓာတ်ခွန်အားကို ဖြစ်စေခဲ့ ပါကြောင်း၊ ပြိုင်ပွဲဝင်များအတွက် ရွှေ၊ ငွေ၊ ကြေးနှင့်ဒိုင်းတံဆိပ်ဆု စုစုပေါင်းပေါင်း ၅၅၀ ဆုကို ချီးမြှင့် ပေးအပ်နိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားရိုးရာအကပြိုင်ပွဲအဖြစ်  “ချင်းတိုင်းရင်းသားရိုးရာအက” ကို တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံးက စိတ်အားတက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်ကိုလည်း ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်ရပါကြောင်း၊ ရှေ့လာမယ့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ “တနင်္သာရီတိုင်းဒေသကြီးရဲ့ရိုးရာအက”ကို ယှဉ်ပြိုင်ကြ ရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားရိုးရာအကများကို ပါဝင်ယှဉ်ပြိုင်ကြခြင်းအားဖြင့် တိုင်းရင်းသား ရိုးရာ အဆို၊ အက၊ အတီးပညာရပ်များကို အချင်းချင်းချစ်ကြည်ရင်းနှီးစွာဖလှယ်ခွင့်ရရှိကြပြီး တစ်ဦး၏ ရိုးရာဓလေ့ထုံးစံနှင့် အနုသုခုမပညာရပ်များကို တစ်ဦးကလေးစားမှုများ ပိုမိုတိုးပွားလာစေသည့်အပြင် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ ပိုမိုပျံ့နှံ့ထွန်းကားစေမည်ဖြစ်ပါကြောင်း၊ ငွေရတုပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင်လည်းတိုင်းရင်းသားတို့၏ ရိုးရာတူရိယာများနှင့်စုပေါင်းတီးခတ်ထားသည့်တေးဂီတ များဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်နိုင်ခဲ့ခြင်းသည် ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားအားလုံး၏ ရိုးရာအနုပညာ အမွေအနှစ်တန်ဖိုးများကို ဖော်ထုတ်ပြသနိုင်ရုံသာမကဘဲ သွေးစည်းညီညွတ်မှုကိုပါ အနုပညာနှင့်သက်သေပြုတင်ဆက်ပြသခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်က အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် အလေးထားကာ နှစ်စဉ်ကျင်းပပြုလုပ်ပေးခဲ့သည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီး နောင်နှစ်ပေါင်းများစွာ ရှင်သန်ဖွံ့ဖြိုး တိုးတက်နေစေရေးအတွက် ယနေ့သုံးသပ်အစည်းအဝေးသို့ တက်ရောက် လာသူများအားလုံးက ပြိုင်ပွဲကြီး၏ အားသာချက်၊ အားနည်းချက်များကို အလေး ဂရုပြုပြီး ဝိုင်းဝန်းသုံးသပ်ဆွေးနွေးပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြိုင်ပွဲကျင်းပပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး တက် ရောက်လာသော လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ပြိုင်ပွဲ ကျင်းပပြီးစီးမှုနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်၊ အကြံပြုသုံးသပ်ချက်များကို တင်ပြကြပါ သည်။ ထို့နောက် ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် အထူးအစီအစဉ် အနေဖြင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်က (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏  ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသားတို့၏ ရိုးရာတူရိယာများကို စုပေါင်းတီးခတ် ဖျော်ဖြေနိုင်ရန်အတွက်  ဦးဆောင်ကြိုးပမ်းဖန်တီးပုံဖော်ဆောင်ရွက်ခဲ့သော  သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဝင်းမောင်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ကာ အစည်းအဝေးကို ၁၅:၄၅  နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။