
“မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar) နှင့် ပတ်သက်၍ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည့် အချက်အလက်များနှင့် စပ်လျဉ်း၍ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ပညာရှင်အဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးသည့် အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ Virtual Online System ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စိစစ်ရေး ပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာတိုးလှ၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန်၊ မန္တလေးတို့မှ တာဝန်ရှိသူများနှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ “မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့”(Practice of Thanakha Culture in Myanmar)ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းရာတွင် ဘက်စုံထောင့်စုံ ပြည့်ပြည့်စုံစုံဖြင့် ဟာကွက်မရှိအောင် ရေးသားပြုစုပြီး တင်သွင်းသွားရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို တိုင်းရင်းသား ပြည်သူပြည်သားများက ယခင်ကထက် ပိုမိုအလေးထား ထိန်းသိမ်း စောင့်ရှောက်ရန်၊ မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းတတ်စေရန်နှင့် အတူယှဉ်တွဲ လုပ်ကိုင်စေရန်၊ ပြင်ပအဖွဲ့အစည်းများ အနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးလက်တွဲ ဆောင်ရွက်ပေးကြရန်၊ မိမိတို့ နိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားလူမျိုးနွယ်စုများ စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ ဒေသ အသီးသီးက တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မများ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် လွန်ခဲ့သည့့်နှစ်ပေါင်း ရာထောင်မကသည့် ကာလများစွာကပင် ပေါကြွယ်ဝစွာတည်ရှိခဲ့ပါကြောင်း၊ ကမ္ဘာ့ရွာကြီးဟု တင်စားရသည့် Globalization ခေတ်ကြီးတွင် တိုင်းတစ်ပါးနိုင်ငံများ၏ ယဉ်ကျေးမှု များ လွှမ်းမိုးကူးစက်မှုကို မိမိတို့ရဲ့အသိစိတ်ဖြင့် ကာကွယ်ရမှာဖြစ်ကြောင်း၊ ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ရှေးဟောင်းအဆောက်အအုံတွေ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ရေရှည်တည်တံ့ အောင် နည်းပညာများဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်သော်လည်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် များကိုမူ မိမိတို့ကိုယ်တိုင် အလေးထားရမည့်အပြင် လူငယ်တွေကိုပါ လက်ဆင့်ကမ်းတန်ဖိုးထား တတ်စေမှသာလျှင် ရေရှည်တည်တံ့မှာဖြစ်ကြောင်း၊ ထိုသို့ ထိန်းသိမ်းရန်မှာ နိုင်ငံသားတိုင်း၏ သမိုင်းပေးတာဝန်ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသူ နိုင်ငံသားများ နှစ်သက်ခုံမင်စွာနဲ့ ရှေးနှစ်ပေါင်း များစွာကတည်းက အစဉ်အဆက် သုံးစွဲလာခဲ့တဲ့ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ၂၀၂၅ ခုနှစ် မှာ UNESCO တင်သွင်းမှာဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းသားများ သာမက မြန်မာနိုင်ငံမှာ မှီတင်း နေထိုင်ကြတဲ့ အခြားလူမျိုးများပါ သနပ်ခါးကို နှစ်ခြိုက်စွာ အသုံးပြု ကြပါကြောင်း၊ နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းတဲ့ အနေနဲ့ နိုင်ငံတော်အစိုးရ ကလည်း နှစ်စဉ်တပို့တွဲ လပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့”အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ဒါ့ကြောင့်၂၀၂၅ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီ ယူနက်စကိုအဖွဲ့သို့ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းမည့် “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar)ကိုလည်း မြန်မာ့ရိုးရာ အတာသင်္ကြန်ကဲ့သို့ အောင်မြင်စွာနဲ့ တင်သွင်းနိုင် အောင်၊ လစ်ဟာမှုမရှိရအောင် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြား ပါသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အဆင့်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်ဖြစ်နိုင်ရေး အတွက် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၄ ခုနှစ်မှာ လက်မှတ်ရေးထိုးပြီးနောက်မှာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်နဲ့ ပတ်သက်ပြီး စနစ်တကျ ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ထပ်မံ၍ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ပညာရှင်အဖွဲ့၊ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှာ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ကော်မတီတွေကို ဖွဲ့စည်းပြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အကြောင်းအရာ တွေကို စာရင်းကောက်ယူခြင်း၊ ယူနက်စကိုက သတ်မှတ်ထားတဲ့ နယ်ပယ်အသီးသီးမှာ စာရင်း ရေးသွင်းခြင်း၊ ဗဟိုကော်မတီအစည်းအဝေးနှင့် ပညာရှင်အဖွဲ့ အစည်းအဝေးများကျင်းပခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ကောက်ယူပုံနည်းစနစ်များကို သင်တန်းများပို့ချခြင်း၊ မှတ်တမ်းတင်ပြီးသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အချက်အလက် များကို စုဆောင်းထိန်းသိမ်းခြင်း၊ နိုင်ငံတကာအသိအမှတ်ပြု စာရင်းဝင်နိုင်ငံ ဖြစ်နိုင်ရေးအတွက် သတ်မှတ်ပုံစံ အချက်အလက်များကို ဖြည့်သွင်း၍ UNESCO သို့ တင်သွင်းခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နဲ့ ပတ်သက်ပြီး လုပ်ငန်းစဉ်များကို အဆင့်လိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့ (၁၀)နှစ်တာကာလ အတွင်းမှာ “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” ကို “ကမ္ဘာ့အမွေအနှစ်”အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီ ဖြစ်ကြောင်း၊ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ် ပြုခံရတဲ့အခါ မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအားလုံး အတိုင်းအဆမရှိ ဝမ်းသာကြည်နူးကြရပါကြောင်း၊ ယခု ၂၀၂၅ ခုနှစ်မှာလဲ ယခင် ၅ နှစ်ခန့်က တင်သွင်းခဲ့ပြီး လိုအပ်ချက်များရှိလို့ ပြန်လည်တင်သွင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ မြန်မာ့သနပ်ခါးလိမ်းခြယ် အသုံးပြုမှုဓလေ့ နဲ့ ပတ်သက်ပြီး UNESCO သို့ အသစ်ပြန်လည် ရေးသားခဲ့ပြီး တင်သွင်းမှာဖြစ်ပါကြောင်း၊ မတ်လ ၃၁ ရက်နေ့မတိုင်မီ စာရင်းတင်သွင်းရမယ့် “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar)ကို အောင်မြင်စွာနဲ့ အသိအမှတ်ပြု တင်သွင်းနိုင်အောင် လိုအပ်တဲ့ အချက်အလက်တွေကို အကြံပြုပေးကြဖို့ ဒီအစည်းအဝေးကို ပြုလုပ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ အတွင်းရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ စုဆောင်းသုတေသနပြုမှုနှင့် လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းမှုများ၊ သနပ်ခါးတင်သွင်းမှုခဲ့မှုနှင့် ယခုဆောင်ရွက်နေမှု အခြေအနေများအား တင်ပြပါသည်။ ၎င်းနောက် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွအနှစ် ပညာရှင်အဖွဲ့ အတွင်းရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြတိုက်များ)က မြန်မာ့သနပ်ခါး၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းကို UNESCO သို့ တင်သွင်းရန် ဆောင်ရွက်နေမှု များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ ထို့နောက်အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ပညာရှင်အဖွဲ့ဝင်များက မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့အား UNESCO ICH တင်သွင်းခြင်းနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြခဲ့ကြပါသည်။
ဆက်လက်၍ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတိုးလှ၊ မြန်မာ့သမိုင်းအဖွဲ့က ရှေးဟောင်းသုတေသနတူးဖော်မှုများမှ သနပ်ခါးနှင့် သက်ဆိုင်သည့် ကျောက်ပျဉ်ကို သရေခေတ္တရာမှ ရရှိသည့်အတွက် ပျူခေတ်ကတည်းက ကျောက်ပျဉ်ဖြင့် သနပ်ခါး သွေးလိမ်းသည့် ယဉ်ကျေးမှုရှိခဲ့နိုင်ကြောင်း၊ သနပ်ခါးကို လူတိုင်းသွေးလိမ်းကြသဖြင့် သနပ်ခါး လိမ်းခြင်းသည် လူတစ်ယောက်ခြင်းအတွက် မဟုတ်သလို လူတိုင်း မိသားစုတိုင်းနှင့် သက်ဆိုင်သော ယဉ်ကျေးမှုဖြစ်ကြောင်း၊ သနပ်ခါးဓလေ့နှင့်ပတ်သက်၍ အင်မတန်ကောင်းတဲ့ဓလေ့တစ်ခုမှာ အညာ ဒေသများ၌ ရွာတစ်ရွာနှင့်တစ်ရွာကြားတွင် ခရီးသွားများ နားခိုရန် ဇရပ်များရှိပြီး၊ ၎င်းဇရပ်များတွင် ကျောက်ပျဉ်များထားရှိကြောင်း၊ တစ်ချို့ဇရပ်များတွင် သနပ်ခါးတုံးပါ ထားရှိပေးထားကြောင်း၊ ခရီးသွားများသည် ဇရပ်ပေါ်၌ ရေအိုးစဉ်မှ ရေအေးများသောက်သုံးခြင်း၊ သနပ်ခါးထူထူလိမ်းခြင်း တို့ဖြင့် အပူဒဏ်သက်သာစွာဖြင့် ခရီးဆက်ကြနိုင်စေရန် ကုသိုလ်ပြုသည့် ဓလေ့ရှိပါကြောင်း အကြံပြုတင်ပြပါသည်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင် က Nominataion Form တွင် ဖြည့်သွင်းထားသော အချက် အလက်များကို အခြေခံ၍ ၁၀ မိနစ်စာ Documentary ရိုက်ကူးခြင်းကို သနပ်ခါး ထုတ်လုပ်သူများ အဖွဲ့၊ မဟာမီဒီယာအဖွဲ့နှင့် ဝိသာခါဖောင်ဒေးရှင်း အဖွဲ့တို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါ ကြောင်း၊ video၊ ဓာတ်ပုံနှင့် Consent Letter များကို မတ်လပထမပတ်အတွင်း ပေးပို့သွား မည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုနေ့ဖြစ်သကဲ့သို့ မြန်မာ့သနပ်ခါးနေ့ လည်း ဖြစ်သောကြောင့် ထို့နေ့တွင် စိမ်းလန်းစိုပြည်ဥယျာဉ်၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့၊ တိုင်းရင်းသားဒီဂရီကောလိပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများဖြင့် သနပ်ခါးနှင့် ပတ်သက်၍ လူထုလှုပ်ရှားမှုပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဆွေးနွေးတင်ပြပါသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသော ပညာရှင်များက “မြန်မာ့သနပ်ခါး ယဉ်ကျေးမှု ဓလေ့” (Practice of Thanakha Culture in Myanmar)နှင့် ပတ်သက်၍ သက်ဆိုင်သည့် အချက်အလက်များအား ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
49 total views , 1 views today