ပြည်တွင်း/ပြည်ပ ပညာရှင်များပါဝင်သည့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

၂၈-၃-၂၀၁၉ ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် ရန်ကုန်မြို့ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ရန်ကုန်ဌာနခွဲရုံး၌ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။ ​အဆိုပါအစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ UNESCO၊ ပြည်တွင်း/ပြည်ပ ကျွမ်းကျင်ပညာရှင်များ၊ ဆပ်ကော်မတီ/ ကော်မတီဝင် ပုဂ္ဂိုလ်များ နှင့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ မြောက်ဦးဒေသခံကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ ​အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက “မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသ” ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ရေး နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များ ညှိနှိုင်းဆွေးနွေးရန် ပြုလုပ်သည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေနဲ့ UNESCOရဲ့ ၁၉၇၂ ကမ္ဘာ့အမွေအနှစ် ကွန်ဗန်းရှင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်တာနဲ့အညီ ကွန်ဗန်းရှင်းပါသတ်မှတ်ချက်များနဲ့အညီ မိမိတို့ရဲ့ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်လျက် ရှိကြောင်း၊ ယခုကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်မှုများ ပြုလုပ်ရာတွင် နိုင်ငံတကာအဆင့် ထိန်းသိမ်း စောင့်ရှောက်မှုများအနေဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းသို့ အမည်စာရင်းတင်သွင်းခြင်းဟာလည်း လုပ်ငန်းတာဝန်တစ်ခုဖြစ်ပြီး ယခု ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အစိုးရ၊ ဒေသခံများ၊ UNESCO၊ ပြည်တွင်း ပညာရှင်များ၊ ပြည်ပပညာရှင်များ၏ ပူးပေါင်းပါဝင်မှု၊ ပံ့ပိုးကူညီမှုကြောင့် လုပ်ငန်းအရှိန်မပျက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ကြိုးပမ်းမှုတွေကြောင့် ကမ္ဘာ့အမွေအနှစ်အဖြစ် ရရှိခဲ့မယ် ဆိုရင် မိမိတို့နိုင်ငံရဲ့ ကောင်းမွန်တဲ့ ပုံရိပ်ကို ကမ္ဘာ့အသိုက်အဝန်းအကြားမှာ ဂုဏ်ယူစွာ ပြသ နိုင်မှာဖြစ်သလို ဒေသရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော် အကြီးအကဲတွေကလည်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် အလေးထား အားပေးကူညီလျက်ရှိကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ၂၂-၂-၂၀၁၉ နေ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာလည်း မြောက်ဦးဒေသဟာ လူသိနည်းပြီး ရှေးရခိုင်မင်းများ၏ ခမ်းနားသည့် ဗိသုကာလက်ရာများဖြင့် အသေးစိတ် ထုံမွှမ်း ထားသည့် ကမ္ဘာတွင် ဖော်ထုတ်ရန် ကျန်နေသေးသည့် ဘာသာရေးဆိုင်ရာဒေသကြီး တစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့ပါကြောင်း၊ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရ ပါက ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသ၏ ယဉ်ကျေးမှုနှင့် အနုသုခုမဆိုင်ရာထွန်းကားမှုနှင့် ခံညားထည်ဝါမှု ပြယုဂ်ကို ကမ္ဘာကသိရှိပြီး ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်ခြင်းဖြင့် ခရီးသွားလုပ်ငန်းလည်း တိုးတက် မြင့်မားလာမည် ဖြစ်ရာ ဒေသအတွက် အကျိုးဖြစ်ထွန်း စေနိုင်ကြောင်း ပြောကြားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ဤသို့ပြောကြားမှုသည် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးကိစ္စအပေါ် နိုင်ငံတော် အကြီးအကဲများအနေဖြင့် မည်မျှအလေးအနက်ထားသည်ကို တွေ့ရှိနိုင်ပါကြောင်း၊ မြောက်ဦး ဒေသရဲ့ ရှေးဟောင်းအမွေအနှစ်တွေဟာ သမိုင်းတန်ဖိုး ကြီးမားတဲ့အပြင်၊ အမွေအနှစ်တွေရဲ့ လက်ရာ၊ ဗိသုကာ တည်ဆောက်ပုံအရ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ အမွေအနှစ်အရင်း အမြစ်တစ်ခု ဖြစ်သည့်နည်းတူ နိုင်ငံ၏ ရှေးအတိတ်သမိုင်းကြောင်း ဖြစ်တည်မှုအတွက် အရေးကြီးသည့် အမွေအနှစ် တစ်စိတ်တစ်ဒေသ ဖြစ်သည့်အတွက် ယခုကဲ့သို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ဆောင်ရွက်မှုသည် မိမိနိုင်ငံ့ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်သည့်အတွက် နိုင်ငံကိုယ်စား အထူးပင် ဂုဏ်ယူကြောင်း၊​ယခုဆွေးနွေးပွဲမှာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြသည့် ပြည်တွင်း/ပြည်ပပညာရှင်များ အနေဖြင့် မိမိတို့ ဆောင်ရွက်ပြီးစီးမှု၊ အခက်အခဲများ၊ လိုအပ်ချက်များကို ဆွေးနွေး ပြောကြားကြပါရန် မေတ္တာရပ်ခံ လိုပါကြောင်းနှင့် အမွေအနှစ်ကို ချစ်ကြသောစိတ်ဖြင့် နည်းစနစ် မှန်ကန်သော ထိန်းသိမ်းမှုလမ်းစဉ်များကို ချမှတ် နိုင်ရန်နဲ့ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးလုပ်ငန်းစဉ်ကို အထောက်အပံ့ ဖြစ်စေမည့်ကိစ္စ များကို ထိထိရောက်ရောက် ညှိနှိုင်းဆွေးနွေးပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြား ပါသည်။
​ဆက်လက်၍ အစီအစဉ်အရ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရန် ကိစ္စများကိုတင်ပြ ဆွေးနွေးခြင်း၊ တက်ရောက် လာကြသည့် ပြည်တွင်း/ပြည်ပပညာရှင်များ၊ ကော်မတီ၊ ဆပ်ကော်မတီဝင်များက မြောက်ဦး ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် လိုအပ်သော နယ်နိမိတ်သတ်မှတ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခြင်း၊ မြောက်ဦးဒေသအတွင်း စီမံခန့်ခွဲရေးအစီအစဉ်များ ရေးဆွဲခြင်းနှင့် အမွေအနှစ်ဒေသအတွင်း စောင့်ကြည့်အကဲခတ်ရေး ဆောင်ရွက်မည့် အစီအစဉ် များနှင့် ပတ်သက်၍ ဆွေးနွေးကြပြီး အစည်းအဝေးကို ၂၉-၃-၂၀၁၉ ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။