WordPress Content Management System User Training သင်တန်းဖွင့်ပွဲအခမ်းအနားကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ (၄-၁၁-၂၀၁၉)ရက်နေ့၊ နံနက်(၁ဝ:ဝဝ) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးကြည်မင်းက အမှာစကားပြောကြားရာ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ကိုလည်း အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရေး အတွက် www.moculture.gov.mm လိပ်စာဖြင့် လွှင့်တင်သွားမည်ဖြစ်ပါကြောင်း၊ website ၏ Home Page တွင် ဝန်ကြီးရုံး ကဏ္ဍများ၊ ဦးစီးဌာန ဆိုင်ရာ ကဏ္ဍများနှင့် တက္ကသိုလ်ဆိုင်ရာ ကဏ္ဍများ၊ ဥပဒေဆိုင်ရာ ကဏ္ဍတွင် ဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေနှင့် ပဋိညာဉ်များ၊ သတင်းကဏ္ဍတွင် ဝန်ကြီးဌာန နှင့် သက်ဆိုင်သော သတင်းများ၊ ဝန်ကြီးဌာနနှင့်သက်ဆိုင်သော ကြော်ငြာကဏ္ဍများဖြင့် ပြည်သူလူထုအား ပိုမိုကောင်းမွန်ပြည့်စုံ သော သတင်းအချက် အလက်များနှင့် ဝန်ဆောင်မှု များအား ပေးအပ်နိုင်ရန် အစဉ်မပြတ်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) Website ကို ပိုမိုပြည့်စုံသော သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက် ယခု သင်တန်းသို့ တက်ရောက်လာကြသော ဝန်ထမ်းများအနေဖြင့် စနစ်တကျနားလည် တတ်မြောက်၍ website တွင် ကိုယ်တိုင် ကျွမ်းကျင်စွာ လွှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် သင်တန်း ကာလအတွင်း ကြိုးစားသင်ယူသွားကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်သို့ ပြန်လည် ရောက်ရှိသည့် အခါတွင် လည်း တာဝန်ထမ်းဆောင်ရင်း မိမိတို့ လုပ်ဖော်ကိုင်ဖက်များကို ပြန်လည် ဝေမျှ သင်ကြား ပေးသွားကြရန်လိုအပ်ကြောင်း ပြောကြားပါသည်။
ယခုဖွင့်လှစ်ပို့ချသည့် WordPress Content Management System User Training သင်တန်းသည် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု)ရှိ ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် တက္ကသိုလ်တို့မှ မိမိတို့ဌာန၏ သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှု များကို ဌာနများအလိုက် လွှင့်တင်သွားနိုင်ရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဌာန(ယဉ်ကျေးမှု)၏ စီစဉ် ကြီးကြပ်မှုဖြင့် MCC ကုမ္ပဏီက သင်တန်းပို့ချပေးခြင်းဖြစ်ပါသည်။
အဆိုပါ သင်တန်းအား(၄.၁၁.၂၀၁၉)ရက်နေ့မှ (၈.၁၁.၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ် သွားမည် ဖြစ်ပြီး ဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူ(၃ဝ)ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)တွင် WordPress Content Management System User Training သင်တန်းဖွင့်လှစ်