သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန မြန်မာသမိုင်းအဖွဲ့လစဉ်ပုံမှန်အစည်းအဝေး ကျင်းပပြီးစီး

မြန်မာသမိုင်းအဖွဲ့ လစဉ်ပုံမှန်အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ သီရိမင်္ဂလာရိပ်သာလမ်းရှိ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၊ ပညာဆောင်၌ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မြန်မာသမိုင်းအဖွဲ့ဝင်များ၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဖိတ်ကြားထားသော ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း (၂၃)ဦးတက်ရောက်ခဲ့ပါသည်။ မြန်မာသမိုင်းအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယဝန်ကြီး ဦးကြည်မင်းက အဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတကာစာတမ်းဖတ်ပွဲကို မြန်မာသမိုင်းပညာရှင် ဆရာကြီးဆရာမကြီးများက ဦးဆောင်၍ ကျင်းပနိုင်ခဲ့သည့်အတွက်ကြောင့် ဂုဏ်ယူပါကြောင်း၊ နိုင်ငံတစ်ကာစာတမ်းဖတ်ပွဲများ ကျင်းပပြုလုပ်ပေး ခြင်းဖြင့် စာတမ်းဖတ်ပွဲမှရရှိသည့် အချက်အလက်များသည် နိုင်ငံသမိုင်းကို အထောက်အကူ ဖြစ်မည်ဖြစ်ပါကြောင်း တစ်နေရာထဲတွင် စာအုပ်ပေါင်းများစွာကိုဖတ်လိုက်ရသကဲ့သို့ ခံစားရပါကြောင်း၊ ယခင်ဘဏ္ဍရေးနှစ်တွင် သုတေသနလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာသမိုင်းသုတေသနစာစောင်၏ အစတွင် မြန်မာသမိုင်းဥက္ကဋ္ဌ၏ ဥယျောဇဉ်ကိုထည့်သွင်းရန်နှင့် စာအုပ်၏နောက်ဆုံးတွင် လူအများမသိသေးသော အထောက်အထား နှစ်မျက်နှာခန့်ကို နောင်ထုတ်မည့် မြန်မာ့သမိုင်းသုတေသနစာစောင်တွင် ထည့်သွင်းသွားမည်ဖြစ်ပါကြောင်း၊ Talk Show ကို ဒေါက်တာကျော်ဝင်း ဦးဆောင်ကျင်းပခဲ့ရာ လူအများစိတ်ဝင်စားအောင်မြင်မှုရရှိခဲ့သည်ကို တွေ့မြင်ခဲ့ရ ပါကြောင်း၊ ထို့အပြင် Oral History နှင့်ပတ်သက်၍ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းနှင့် ပတ်သက်ပြီး အဓိကကျသည့် ပုဂ္ဂိုလ်များကို ဦးစားပေး မေးမြန်းမှတ်တမ်းယူရန်နှင့် မြန်မာ့သမိုင်း ပညာရှင်ကြီးများမှ သမိုင်းသုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်နေ့ထက်တစ်နေ့တိုး တက်လာသဖြင့် ဂုဏ်ယူပါကြောင်းနှင့် နိုင်ငံတာဝန်ကျေသည့် နိုင်ငံ့သားကောင်းများအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသွားသည်။ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဌာန၏လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာတွင် မြန်မာ့သမိုင်း ပညာရှင်များနှင့် သုတေသနဝန်ထမ်းများ၏ လစဉ် စာတမ်းဖတ်ပွဲများအပြင် တစ်နှစ်လျှင် ပြည်တွင်း စာတမ်းဖတ်ပွဲ နှစ်ကြိမ်နှင့် နိုင်ငံတကာစာတမ်းဖတ်ပွဲ တစ်ကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့သမိုင်းပညာရှင်များ၏ ခေတ်အလိုက် စာအုပ်များ ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ ပါကြောင်း ထို့အပြင် မြန်မာစာတည်းအဖွဲ့အပြင် အင်္ဂလိပ်စာမူများ စိစစ်ရေးစာတည်းအဖွဲ့ ဖွဲ့စည်းရန် အဆိုတင်ပြခဲ့ပါကြောင်း၊ သက်ကြီးပညာရှင်များအတွက် စာတမ်းဖတ်ပွဲကို ရန်ကုန်တွင် ကျင်းပပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ကွင်းဆင်းသုတေသနနှင့်ပတ်သက်၍ မြန်မာ့သမိုင်းပညာရှင်များ၏ သဘောထားမှတ်ချက်ရယူပြီး လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း Oral History နှင့်ပတ်သက်၍ တစ်လလျှင်တစ်ယောက် မှတ်တမ်းရယူနိုင်ရန် စီစဉ်ပြီးဆောင်ရွက်နေပါကြောင်း၊ Talk Show အစီအစဉ်ကိုလည်း (၄)လတစ်ကြိမ် ကျင်းပလျှက်ရှိရာ၊ နောင်အမျိုးသားစာကြည့်တိုက် အသစ် ဖွင့်လှစ်ပြီးပါက ၎င်းနေရာတွင် နှစ်လလတစ်ကြိမ် ကျင်းပနိုင်ရန် စီစဉ်ထားပါကြောင်းပြောကြားသွားပါသည်။ ထို့နောက် မြန်မာသမိုင်းအဖွဲ့ အဖွဲ့ဝင်များက ခေတ်အသီးသီးနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို အပြန် အလှန် ဆွေးနွေးတင်ပြခြင်း၊ အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး မြန်မာသမိုင်းအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယဝန်ကြီး ဦးကြည်မင်းက နိဂုံးချုပ်ပြောကြားရာတွင် ခေတ်အလိုက် ရေးသားဆောင်ရွက်ချက်များ၊ ကွင်းဆင်းသုတေသန ဆောင်ရွက်ချက်များ၊ Talk Show အစီအစဉ်များဆက်လက် ဆောင်ရွက်ပေးစေ လိုကြောင်း၊ ဝန်ထမ်းများ၏ Capacity Building တည်ဆောက်ရေးနှင့် ဝန်ထမ်းများ မြန်မာ့သမိုင်း ပညာရှင်များ၏ ဆောင်ရွက်ချက်များကို လက်ဆင့်ကမ်းဆောင်ရွက်နိုင်ရန် အကြံပြုပြောကြားသွားပါသည်။ မြန်မာသမိုင်းအဖွဲ့လစဉ် အစည်း အဝေးကို နေ့လည်(၁၂း၀၀) အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်