“Myanmar Studies from Center, Periphery and Boundary; (Old View, New Version) An Interdisciplinary Symposium” နိုင်ငံတကာ စာတမ်းဖတ်ပွဲကျင်‌းပ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီး ဌာနက ကြီးမှူး၍ ၂ ရက်တာ ကျင်းပမည့် “Myanmar Studies from Center, Periphery and Boundary; (Old View, New Version) An Interdisciplinary Symposium” နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲကို စက်တင်ဘာ ၁၆ ရက်နေ့နံနက် ၉ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပခဲ့ပါသည်‌။

အဆိုပါ စာတမ်းဖတ်ပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မြန်မာသမိုင်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်များ၊ လွှတ်တော်အမတ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်‌တွင်‌းပြည်ပစာတမ်းရှင်များ၊ ပညာရှင်များ၊ သုတေသီများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာ့သမိုင်းဖြစ်စဉ် တစ်လျှောက်တွင် ခေတ်၊ စနစ်များ ပြောင်းလဲလာသည်နှင့်အတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများသည်လည်း လိုက်ပါပြောင်းလဲဖြစ်ထွန်း ပေါ်ပေါက်ခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ပြောင်းလဲမှုနှင့်အတူ သမိုင်းကြောင်းသည်လည်း လိုက်ပါရွေ့လျား နေသည့်အတွက် ယခင်သမိုင်းပညာရှင်များ၏ အမြင်သည်လည်း ခေတ်စနစ်နှင့်အညီ ပြန်လည် ဆန်းသစ်ရန် လိုအပ်လာပါ ကြောင်း၊ သို့အတွက်ကြောင့် ယနေ့သမိုင်းပညာရှင်များ၏ သမိုင်းအမြင်၊ သမိုင်းအသိ များကို ခေတ်နှင့်အညီ လေ့လာဆန်းစစ်သုံးသပ်ပြီး Old View ကိုလည်း မပယ်ဘဲ အသိသစ်၊ အမြင်သစ်များ ဖော်ထုတ်လိုသောကြောင့် ယနေ့ကဲ့သို့သော နိုင်ငံတကာစာတမ်း ဖတ်ပွဲကြီးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် စာတမ်းဖတ်ပွဲကို အသိသစ်၊ အမြင်သစ်များဖော်ထုတ်ပြီး အယူအဆသစ်များ၊ အတွေးအမြင်သစ်များ ပေါ်ထွက်လာမှုကို အထောက်အကူ ဖြစ်စေရန် တစ်ဆက်တစ်စပ် တည်းသော မြန်မာသမိုင်းဖြစ်ပေါ်လာရေးတွင် ပိုမိုကောင်းမွန်ဆန်းသစ်သည့် အသိသစ်၊ အမြင်သစ်များ ဖြည့်စွက်နိုင်စေရန်၊ နိုင်ငံတကာ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အတွေ့အကြုံ၊ အသိအမြင်၊ ဗဟုသုတများ ဖလှယ်ခြင်း အားဖြင့် ပိုမိုကျယ်ဝန်းသော ပညာရပ်နယ်ပယ်တစ်ခု ပေါ်ထွက်လာစေရန်စသည့် ရည်ရွယ်ချက်များနှင့် ကျင်းပခြင်း ဖြစ်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာစာတမ်းဖတ်ပွဲ ကျင်းပရန် စာတမ်းများကို ဖိတ်ခေါ်ရာတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားများအပါအဝင် အမေရိကန်၊ ပြင်သစ်၊ ကနေဒါ၊ ဂျပန်၊ အိန္ဒိယ၊ အိုင်ယာလန်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူတို့မှ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ရှေးဟောင်းသုတေသန ပညာရပ်ဆိုင်ရာ လေ့လာချက်နှင့် Eco-tourism တို့နှင့် သက်ဆိုင်သော စာတမ်းများအပါအဝင် ပြည်ပမှ စာတမ်း(၂၉)စောင်နှင့် ပြည်တွင်းမှ စာတမ်း (၂၆)စောင် စုစုပေါင်းစာတမ်း(၅၅)စောင်ကို လက်ခံရရှိခဲ့ပါကြောင်း၊ ရောက်ရှိလာသော သုတေသန စာတမ်းများကို စိစစ်ရွေးချယ်ရေးကော်မတီက စိစစ်ရွေးချယ်ရာတွင် (၁) Clear description of the research topic (၂) Appropriate and clear research methodology (၃) Concise and readable (i,e.logical sequence (၄)Relevance to the conference theme (၅) Contribution to the field of study/ innovation စသည့် စံသတ်မှတ်ချက်(၅)ချက်နှင့် ကိုက်ညီသည့် စာတမ်းပေါင်း (၂၁)စောင်ကို ရွေးချယ်ခဲ့ပါကြောင်း၊ သို့အတွက် ဌာနတွင်း သုတေသီများအပါအဝင် Parallel session အစီအစဉ်ဖြင့် ပထမရက် (၁၅)စောင်၊ ဒုတိယရက် (၆)စောင်ကို ဖတ်ကြားသွား မည်ဖြစ်ပါကြောင်း ယခု စာတမ်းဖတ်ပွဲခေါင်းစဉ်နှင့် ရည်ရွယ်ချက်ကို များစွာအထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားပြီး နိုင်ငံတကာသုတေသန စာတမ်းဖတ်ပွဲ အခမ်း အနားကို ဖွင့်လှစ်ပေးကာ စာတမ်‌းဖတ်ပွဲအခမ်း‌အနားကိုစတင်‌‌‌‌‌ခဲ့‌ပါသည်‌။