ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ပြန်လည်ရောက်ရှိ

(၂၂)ကြိမ်မြောက် အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် (၂၇)ကြိမ်မြောက် အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်း အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဉီးအောင်ကို တက်ရောက်ခဲ့ပြီး ယနေ့ ညပိုင်းတွင် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

အဆိုပါ အစည်းအဝေးများတွင် Advancing Partnership for Sustainability နှင့် ထိုင်းနိုင်ငံမှ အကောင်အထည်ဖော်ဆောင်မည့် အာဆီယံ လူမှုရေး – ယဉ်ကျေးမှုဆိုင်ရာ စင်တာများ ထူထောင်ရေး၊ (၃၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံ ခေါင်းဆောင်များ အတည်ပြုမည့် ကြေညာချက်(၆)ချက်နှင့် မှတ်တမ်းတင်မည့် ကြေညာချက် (၃) ချက်တို့အတွက် စုပေါင်းဆွေးနွေး အတည်ပြုခြင်း၊ အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းအခြေပြ မြေပုံ ၂၀၁၅ နှစ်လည်အစီရင်ခံစာအတွက် ဆောင်ရွက်မည့် စီမံချက်နှင့် ASCC မဏ္ဍိုင်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်အလား အလာများကို ဆွေးနွေးခြင်း၊ Culture of Prevention ကြေညာချက်ကို ဖော်ဆောင်မည့်လုပ်ငန်းစဉ် Plan of Action (PoA) ကို သက်ဆိုင်ရာ လုပ်ငန်းအစုအဖွဲ့များက ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခြင်း၊ တီမောလ်လက်စတီနိုင်ငံက အာဆီယံအဖွဲ့ဝင်အဖြစ် လျှောက်ထား လာမှုအပေါ်ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။