မြောက်ဦး-အာရှ၊ အိန္ဒိယသမုဒ္ဒရာဒေသတို့၏ အမွေအနှစ်ရတနာ

မြောက်ဦးမြို့ဟောင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၏  ထူးခြားသည့် တစ်ခုတည်းသော ယဉ်ကျေးမှု အခင်းအကျင်းများ တည်ရှိရာဖြစ်သည်။ မြို့ဟောင်း ပတ်ဝန်းကျင်ရှိ အထောက်အထား အကြွင်းအကျန်များသည်လည်း အတိတ် တစ်ချိန်က ခမ်းနား ကြီးကျယ်ခဲ့သော မြို့တော်၏ ပြယုဂ်အဖြစ်လည်းကောင်း၊ ၁၅ ရာစု မှ ၁၈ ရာစု အတွင်း နိုင်ငံတကာ ကုန်သွယ်စီးပွားရေး အချက်အချာဒေသအဖြစ်လည်းကောင်း၊ ကမ္ဘာ့သမိုင်း စာမျက်နှာတွင် ပါဝင်ခဲ့ပေသည်။  မြောက်ဦး၏  မဟာဗျူဟာမြောက် တည်နေရာသည် အိန္ဒိယသမုဒ္ဒရာဒေသအတွင်း နိုင်ငံတကာ ကုန်သွယ်ရေးစခန်း ဖြစ်ခဲ့ရုံမျှမက အရှေ့တောင်အာရှ ဗုဒ္ဓဘာသာဒေသများသို့  မဟာမုနိ ရုပ်ပွားတော်  ဓလေ့အစဉ် အလာကိုလည်း ပြန့်ပွားစေခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ထွန်းကားခဲ့သော မကိုဋ်ခေါင်းဆောင်းနှင့် မင်းဝတ်တန်ဆာများ ဆင်ယင်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များ  ကိုးကွယ်မှု ဓလေ့သည်  ဒေသတွင်း ယဉ်ကျေးမှုများသို့ ပျံ့နှံ့ခဲ့ခြင်းပင်ဖြစ်သည်။ ခမ်းနားသပ္ပါယ်စွာ တည်ဆောက်ခဲ့သော သျှစ်သောင်း၊ ထုက္ကန်သိမ်ဂူဘုရား၊ ရတနာပုံ၊ လင်ပန်းပြောက် စသည့် စေတီပုထိုးများ စသည်တို့သည် မြောက်ဦး ခေတ်၏ ထူးခြားသောဗိသုကာလက်ရာများ ဖြစ်ခဲ့သည်။

ဘင်္ဂလားပင်လယ်အော် အရှေ့ဘက်ကမ်းရိုးတန်းရှိ မြောက်ဦးမြို့၏ တည်နေရာသည် တောင်စဉ် တောင်တန်းများ သွယ်တန်းရာ မြေမျက်နှာပြင်မျိုး ဖြစ်သည်။  မြောက်ဘက်မှ တောင်ဘက်သို့ နိမ့်ဆင်းလာသော  ဆင်တောင်တန်းနှင့် တောင်စွယ်များသည်  ချင်းတောင်တန်း၏ တောင်ဘက် ဖျားတွင် ပါဝင်သည်။ တောင်စွယ်တစ်ခုဖြစ်သော မောင်းဆွဲတောင်တန်းသည် မြောက်ဘက်ဆင် တောင်တန်းမှ တောင်ဘက်ရှိ ဘောင်းဒွတ်၊ မောင်းဆွဲကျေးရွာများအနီး သွယ်တန်းကာ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ မြို့အရှေ့ဘက်ရှိ  လေးမြို့ မြစ်ဝှမ်းတွင် အခြား တောင်တန်းငယ် နှစ်ခုဖြစ်သော မကြားတောင်တန်း နှင့် ပရိမ်တောင်တန်းတို့ တည်ရှိသည်။   အနောက်ဘက်  အရပ်မျက်နှာတွင်မူ ပို၍ ကျယ်ပြန့်သော မြေနိမ့်လွင်ပြင်နှင့် ကုလားတန်မြစ်၏ မြစ်လက်တက်နှင့် ချောင်းငယ်များစွာ ယှက်ဖြာလျက်ရှိသည်။  မြောက်ဘက်တွင် လင်းမြွေတောင်တန်းနှင့် အခြားတောင်ကုန်းများ တည်ရှိရာ မြောက်ဦးမြို့၏ ရေအရင်းအမြစ်နှင့် ရေသွင်းရေထုတ်လုပ်ဆောင်မှုများအတွက် အရေးကြီးသော ပထဝီဝင်ဆိုင်ရာ ဖြစ်တည်မှုများဟု ဆိုရပေမည်။  သို့ဖြစ်၍ မြောက်ဦးမြို့တော်ကို မြေမျက်နှာ သွင်ပြင်အရ သဘာဝအတားအဆီးများဖြင့် အရပ်မျက်နှာ(၃)ဘက်မှ ကာကွယ်ထားပေသည်။  အရှေ့ဘက်ရှိ သဘာဝမြေပြင်မှာ ကာကွယ်ရေးအမြင်အရ  အားနည်းချက်များ  ရှိနေသော လွင်ပြင်များ ဖြစ်၍  မြို့ရိုး ၊  ကျုံးအထပ်ထပ် တည်ဆောက်  ကာရံထားခဲ့သည်။

မြို့တော်တည်ဆောက်ထားသော တောင်များကာရံထားသည့် တည်နေရာသည် တစ်နည်းအားဖြင့် အရှေ့ဘက်ရှိ   လေးမြို့မြစ်ဝှမ်းနှင့် အနောက်ဘက်ရှိ  ကုလားတန်မြစ်ဝှမ်း တို့ကို လွှမ်းမိုးထားသည်။ ပင်လယ်ဝမှ ကုန်းတွင်းဘက်သို့ ကီလိုမီတာ (၆၀)ခန့် ဝေးကွာနေခြင်းသည် အိန္ဒိယသမုဒ္ဒရာ ဘင်္ဂလားပင်လယ်ရပ်ဝန်း၏ လုံခြုံစိတ်ချရသော ကုန်သွယ်စီးပွားရေးဗဟိုချက် ဖြစ်လာ ခဲ့သည်။

လက်ရှိမြို့ဟောင်း ပတ်ဝန်းကျင်ရှိ မြေပြင်တွင် မူလအတိုင်း ကြွင်းကျန်ရစ်နေသော  အမွေအနှစ် လက်ရာတန်ဖိုးများ၊ ရုပ်သွင်ထင်ရှားရှိသော အမွေအနှစ်တန်ဖိုးများသည် တစ်စုတစ်ဝေးတည်း ခင်းကျင်း ပြသထားသကဲ့သို့ ရှိပေသည်။  ယင်းတို့သည် သမိုင်းဝင် မြောက်ဦးမြို့တော်၏ စစ်မက်ရေးရာ ကာကွယ် တည်ဆောက်မှုများ ၊ ဉယျာဉ် လယ်ယာ စိုက်ပျိုးမြေများ ၊  ဘာသာရေး အဆောက်အဦနှင့် သာသနိက လက်ရာများအဖြစ် ရာစုနှစ် သုံးစုကျော် တည်တံ့ခဲ့ကြပေသည်။ မြေမျက်နှာပြင်၌ ထင်ဟပ် ကျန်ရှိသည့် လက်ရာများအဖြစ် တောင်ကုန်းတောင်တန်းများပေါ်ရှိ မြို့ရိုးစနစ် ၊ မင်းခမ်းမင်းနား ဓလေ့ ထုံးစံပွဲများ ဆိုင်ရာ  မြေပြင်လက္ခဏာ တည်ဆောက်မှုများ ၊   သ​ေင်္ဘာကျင်း ၊  ရာသီအလိုက် စီးဆင်းသော ချောင်း မြောင်း နှင့် ကတွတ်ပေါက် ၊  ကျုံး ၊  ရေကန် ၊  ရေတွင်း နှင့် ရေတံခါး တို့ကို တွေ့နိုင်ပါသည်။ အလားတူ ရှေးဟောင်းသုတေသနဆိုင်ရာ ရုပ်ဆင်းသွင်ပြင်လက်ရာများအဖြစ် မြို့ပေါက်တံခါး၊ ခံတပ်၊ နန်းတော်ရာနှင့် နန်းတော်တံတိုင်း၊ ကျီတိုက်၊ စဉ့်ဖိုနှင့် မြောက်ဦးခေတ် ကျောက်စာချပ်များကိုလည်း လေ့လာနိုင် ပါသည်။ ထူးခြားသော ရုပ်ပိုင်းဆိုင်ရာ လက်ရာများမှာ ဘာသာရေး အဆောက်အဦများဖြစ်သော ဂူဘုရား၊ စေတီ ၊  ဗုဒ္ဓဆင်းတုတော်များ၊ နတ်ကွန်း ၊ သိမ်အဆောက်အဦနှင့် ပိဋကတ်တိုက်တို့ ဖြစ်ကြသည်။ များပြားလှသော ဤအဆောက်အဦများကို မှတ်တမ်းစာရင်း ပြုစုထားခဲ့ရာ (၁၀၀၀)ကျော် ရှိပြီး ရှေးဟောင်းသုတေသနဆိုင်ရာ ကုန်းဟောင်း အကြွင်းအကျန်များလည်း ပါဝင် လျက်ရှိသည်။

မြောက်ဦးမြို့တော်၏ ကာကွယ်ရေး ၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနှင့် ဗုဒ္ဓသာသနိကလက်ရာများ တည်ရှိမှု  အခင်းအကျင်းသည် ကမ္ဘာ့မြေပုံပေါ်ရှိ မြစ်ဝကျွန်းပေါ်  ဘူမိရုပ်သွင်များတွင်  ရှားပါးလှသည့် နေရာယူထားခြင်းမျိုးဖြစ်သည်။ ဤသို့ထူးခြားသည့် အခြေစိုက်ဖြစ်ထွန်းမှုမျိုးရရှိနိုင်ရန် ရေအရင်းအမြစ် အသုံးချမှု  အင်ဂျင်နီယာစနစ်၊  ပတ်ဝန်းကျင်ရှိ အခြေအနေကိုလိုက်ကာ  တီထွင် ဖန်တီးနိုင်ခဲ့သော နည်းပညာများ၏ အကျိုးဆက်ဟု ဆိုရပါမည်။  ၁၅ ရာစု မှ ၁၈ ရာစု အတွင်း အိန္ဒိယသမုဒ္ဒရာဒေသ၏ ကုန်သွယ်မှုကွန်ယက်တွင် အရေးကြီးသော စီးပွားရေးဆုံရပ်ဖြစ်လာမှု၊ ဗုဒ္ဓသာသနိက ဗိသုကာလက်ရာ အခန်းကဏ္ဍဖွံ့ဖြိုးမှုနှင့် အရှေ့တောင်အာရှဒေသ၏ ဗုဒ္ဓဘာသာသမိုင်းတွင် ကုန်သွယ်ရေးနှင့် စီးပွားရေး အပါအဝင် ဘက်စုံဖွံ့ဖြိုးခဲ့သည့် မြို့တော်ကြီးတစ်ခုဖြစ်ခဲ့ခြင်းမှာ အဓိကသက်သေ သာဓကများ ဖြစ်သည်။

ထိုမှတစ်ပါး ဗုဒ္ဓဆင်းတုတော်များနှင့် သာသနိက အဆောက်အအုံတို့၏ ဆက်လက် တည်ရှိမှုမှာ မြောက်ဦးမြို့တော် လူမှုအဖွဲ့အစည်း၏ဘာသာရေးဆိုင်ရာ ထူးခြားထင်ရှားမှုပင်ဖြစ်သည်။ အေဒီ ၁၇၈၄ ခုနှစ် နောက်ပိုင်းကာလတွင် ကိုးကွယ်ပူဇော်မှုနှင့် ဓလေ့ထုံးစံများမှာ မူလအတိုင်း တည်မြဲခဲ့ပေသည်။  သို့သော် မြို့တော် ဖွံ့ဖြိုး တိုးတက်စဉ်အချိန်က အကွက်ချကာ  စနစ်တကျ တည်ဆောက်ခဲ့သော  မြို့ရိုး ၊ ကျုံး၊ ခံတပ်တို့၏  အသုံးဝင်မှုမရှိ ၊ ရပ်တန့်ခဲ့ရခြင်းမှာ အမွေအနှစ်များ၏ပုံရိပ်ကျဆင်း တိမ်ကော လာခြင်းကို ညွှန်ပြခဲ့လေသည်။

မြောက်ဦး၏ ထူးခြားထင်ရှားမှုကို  သက်သေအထောက်အထားဖြင့် ညွှန်းဆိုပြရပါမူ ရေသွင်း ရေထုတ် စသည့် ရေအရင်းအမြစ်အသုံးချမှု အင်ဂျင်နီယာများ၏ အထောက်အပံ့ဖြင့် တဖြည်းဖြည်း တိုးတက် မြင့်မားလာသော ကာကွယ်ရေး၊ စိုက်ပျိုးရေးစသည့် အကျိုးဖြစ်ထွန်းမှုဆိုင်ရာ အခြေတကျ တည်ဆောက်နေရာယူမှုများပင် ဖြစ်သည်။  အလားတူ  ဘာသာဆိုင်ရာ ဗိသုကာအနုပညာနှင့် ဒေသ၏  မူလဟန်ကို ပေါ်လွင်ထင်ရှားစေသော ကျောက်ဆစ် အနုပညာလက်ရာများလည်း ပါဝင်သည်။   သို့ဖြစ်၍ ရေအရင်းအမြစ်ကို အသုံးချသော ကာကွယ်ရေး၊  စိုက်ပျိုးရေးနှင့် ရေအသွင်းအထုတ် စီမံခန့်ခွဲမှုစသည့် ပထဝီဝင်ဆိုင်ရာ နိုင်ငံရေးအဆောက်အအုံတည်ဆောက်မှု မြေပြင်လက္ခဏာ များသည်လည်း မြောက်ဦးယဉ်ကျေးမှု၏  သက်သေသာဓကများတွင်  ထည့်သွွင်းရပေမည်။   ဤထူးခြား ထင်ရှားမှုများသည်  မြောက်ဦးမြို့တော်၏ သာမန်ထက်ပိုသော အမွေအနှစ်တန်ဖိုးများအဖြစ်    သတ်မှတ်နိုင်သော  မြေပြင်လက္ခဏာများ၊  ရုပ်ဝတ္ထု အဆောက်အအုံ၊ ယုံကြည်မှု ၊ ဓလေ့ထုံးစံနှင့် ကုန်သွယ် ကူးသန်းရောင်းဝယ်မှု စသည်တို့နှင့် ဆက်စပ်နေပြီး အရှေ့တောင်အာရှဒေသတွင် ထွန်းကား ခဲ့သော ရခိုင်ယဉ်ကျေးမှုအခြင်းအရာများလည်း ဖြစ်သည်။

မြောက်ဦးအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် တင်သွင်းနိုင်ရေးအတွက် နယ်နိမိတ်သတ်မှတ်နိုင်ရာတွင် အထက်ဖော်ပြပါ မြေပြင်တွင် ထင်ဟပ်နေသော အသွင်သဏ္ဍာန်များ၊ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံ လက်ရာများကို  ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးရှိမှုများ (Potential Outstanding Universal Value)အဖြစ် ထည့်သွင်းခဲ့သည်။ အမွေအနှစ်တန်ဖိုး၏ ဂုဏ်ဒြပ်တို့တွင် ကာကွယ်ရေးဆိုင်ရာ အဆောက်အအုံများဖြစ်သည့် မြို့တံတိုင်း၊ မြို့ဝင်ပေါက်၊ ကျုံးနှင့် ဘာသာရေး ဆိုင်ရာ  စေတီ၊ ဂူဘုရား၊ ဗုဒ္ဓဆင်းတုတော် ၊  သိမ် ၊  ပိဋကတ်တိုက် စသည့်  အဆောက်အဦများသည် မူလနေရာ အသီးသီးတွင် ပကတိ  တည်ရှိနေကြပြီး  ရှေးယခင်ကအတိုင်း အသုံးပြုကြဆဲပင် ဖြစ်သည်။  ကာကွယ်ရေးဆိုင်ရာ အဆောက်အအုံတို့မှာ  အသုံးပြုနိုင်ခြင်းမရှိတော့သော်လည်း မြို့ပြအဆောက်အဦ   တည်ဆောက်မှု  ဗိသုကာနယ်ပယ်တွင် ရှေးယခင်က တိုးတက် ဖွံ့ဖြိုးခဲ့မှု၏ အထောက်အထားများ အဖြစ် သက်သေထူဆဲပင်ဖြစ်သည်။

သို့ဖြစ်၍ သတ်မှတ်ထားသော မြောက်ဦးအမွေအနှစ်များသည် မူလတည်နေရာ၊ ဖွဲ့စည်းမှုအတိုင်းဖြင့် တွေ့မြင်နိုင်ပါသည်။ ယခုလက်ရှိမြို့ဟောင်းသည်ပင်လျှင် လူနေအိမ်များဖြင့် ဆက်လက်နေထိုင်ဆဲ  မြို့အဖြစ်လည်းကောင်း၊ ထူးခြားသည့်  သာသနိက အဆောက်အဦများကို ဆက်လက် ကိုးကွယ်ဆည်းကပ် မှုများဖြင့်လည်းကောင်း  အသက်ဝင်  ရှင်သန်ဆဲပင်ဖြစ်သည်။  ပြည်တွင်း၊ ပြည်ပခရီးသွား အများပြည်သူတို့ လာရောက် ကြည့်ရှုလေ့လာကြရသော နေရာများလည်း ဖြစ်သည်။ တစ်ချိန်က ရေသိုလှောင် စီမံခန့်ခွဲရာ ဆည်မြောင်း၊ ကန် ၊ ချောင်း ၊ မြို့ရိုး ၊ ကျုံး ၊ တံတိုင်း အသီးသီးကိုလည်း ယခုအခါ လည်ပတ် ကြည့်ရှုစရာနေရာများအဖြစ် တစ်ကျော့ပြန် အရေးပါလာခဲ့ပေသည်။

မြောက်ဦးဒေသခံများမှာ ဘုရားသွားကျောင်းတက် အလေ့အထကို စွဲမြဲပြီး ရိုးရာအစဉ်အလာ များဖြင့် နေသားကျသူများဖြစ်သည်။ စေတီ၊ ပုထိုးများ၌ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများအတိုင်း ကျင့်သုံးနေထိုင်မှုနှင့် ပွဲတော်ကျင်းပမှုများ ပုံမှန် ဆောင်ရွက်လေ့ရှိကြသည်။  သို့ဖြစ်၍ မိခင်ဘာသာ စကားမှအစ ဒြပ်မဲ့ယဉ်ကျေးမှုအားလုံးမှာ မူလအတိုင်းပင် မြင်တွေ့ကြားသိရဆဲဖြစ်ပေမည်။ ပတ်ဝန်းကျင်ရှိ ဆည်မြောင်း ၊ ကန် ၊ ချောင်းများမှာလည်း အသုံးပြုနိုင်ဆဲပင်ဖြစ်သည်။ ထင်ရှားသည့် လက်ဆည်ကန် ၊ အနူမကန် တို့မှာလည်း  ရှေးကအတိုင်းပင် တွေ့မြင်နိုင်ပါသေးသည်။ အပြောင်းအလဲ မရှိသောပုံသဏ္ဍာန်၊ လက်ရာပစ္စည်းနှင့် တည်ဆောက်မှုများဖြင့် ထင်ရှားသည့် သျှစ်သောင်းပုထိုးတော်၊ ကိုးသောင်းပုထိုးတော်တို့အား မြောက်ဦးမြို့သူမြို့သားများ၏ ကြည်ညိုကိုးကွယ်နေပုံမှာ အတိတ် ကာလ အချိန်ကအတိုင်း ပြန်လည်မြင်ယောင်ရပေမည်။

ယနေ့ကာလတွင် မြောက်ဦးအမွေအနှစ်တို့တည်ရှိရာ ဇုန်နယ်နိမိတ်အကျယ်အဝန်း၏ ၄၈% ဖြစ်သော မြေဧရိယာဟတ်တာ ၄၅၀၀ ကျော်အား ပတ်ဝန်းကျင် ဒေသခံ တောင်သူလယ်သမားများက စိုက်ပျိုးမြေအဖြစ် အသုံးချလျက်ရှိပါသည်။ ယင်းသတ်မှတ်ဧရိယာအတွင်းမှ မြေပြင်အမွေအနှစ် လက္ခဏာနှင့် ရုပ်ပိုင်းအဆောက်အဦများမှာ ကာလကြာမြင့်စွာ လစ်လျူရှုခြင်းခံရမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် မသမာသူတို့၏ ဖျက်ဆီးမှုဒဏ်ကို ခံစားခဲ့ရပြီး ဖြစ်ပါသည်။ မြို့တွင်း ၊ မြို့ပြင်၌ လူဦးရေ ဖွံ့ဖြိုးတိုးတက်လာမှု နောက်ကွယ်လိုအပ်ချက်များအရ အမွေအနှစ်တို့ ထိခိုက်ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်လာပြီး မြောက်ဦးမြို့အတွက်လည်း အရုပ်ဆိုး အကျည်းတန်စရာ မြင်ကွင်းများ သဖွယ်ဖြစ်လာ ပါသည်။ ယင်းအခြေအနေများကြားမှ စိတ်သက်သာစရာတစ်ခုမှာ ရှေးဟောင်းသုတေသနဆိုင်ရာ ကုန်းဟောင်းများစွာကို  ရှာဖွေမှတ်တမ်းတင် ထားနိုင်ခြင်းသာ ဖြစ်ပါသည်။ အလားတူ မဝေးတော့သော ကာလတွင် မြောက်ဦး၏အတိတ်ကာလကို ပြန်လည်ဖော်ထုတ်ပေးနိုင်မည့် သိပ္ပံနည်းကျ သုတေသန လုပ်ငန်းများကို ပေါင်းစပ် စီမံခန့်ခွဲမှု မူဘောင် (Integrated Management Framework) များဖြင့်  ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဖွံ့ဖြိုးတိုးတက်လာမှုများကို ထိန်းညှိရန်နှင့် အမွေအနှစ်တို့ကို ကာကွယ်ထိန်းသိမ်းနိုင်ရေး အတွက် တရားဝင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှေးဟောင်းအဆောက်အအုံ မှတ်တမ်း စာရင်းများဖြင့်လည်းကောင်း၊  ဇုန်နယ်နိမိတ် သတ်မှတ်ခြင်းများဖြင့်လည်းကောင်း  ချိတ်ဆက်ထား ပါသည်။ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်မည့် နယ်နိမိတ်ကိုလည်း အမွေအနှစ် တည်ရှိရာဇုန် (Property Zone)နှင့် ကာကွယ်စောင့်ရှောက်ရာဇုန် (Butter Zone)တို့ကို အတည်ပြုပြဋ္ဌာန်း ပြီးဖြစ်သော “ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ် ထိန်းသိမ်းရေးဥပဒေ”နှင့်အညီ ပီပြင်စွာ သတ်မှတ်ထားနိုင်ခဲ့ပြီးဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့်လည်း ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့နိုင်ရေးအတွက် ဌာနဆိုင်ရာ၊ ဥပဒေပြဋ္ဌာန်းမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးမှုများ ပါဝင်သော “မြောက်ဦးဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်မှုကော်မတီ” (Mrauk-U Com)ကိုလည်း ဖွဲ့စည်းခဲ့ပါသည်။ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အဆင့်၊  ပြည်နယ်/တိုင်းဒေသကြီး အဆင့်နှင့် ခရိုင်ဒေသအဆင့်  ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့များ ဖွဲ့စည်းကာ မြောက်ဦးဒေသအမွေအနှစ် ဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်းများကို တရားဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်များဖြင့် ဆောင်ရွက်လျက် ရှိနေပါသည်။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရေရှည် တည်တံ့နိုင်ရေးအတွက် အကျိုးရှိရှိ စီမံဆောင်ရွက်မည့် အစီအစဉ်များတွင် ပျက်စီး ယိုယွင်းမှုများကို  ပြင်ဆင်ခြင်း၊  ဆက်လက်  မပျက်စီးအောင် ထိန်းသိမ်းခြင်း ၊ စောင့်ကြပ်ကြည့်ရှုခြင်း ၊ ရှေးဟောင်းသုတေသနဆိုင်ရာ လုပ်ငန်းများ နှင့် လာရောက်လေ့လာသူ ခရီးသွားများအတွက် စီမံခန့်ခွဲခြင်း စသည်တို့ဖြင့် အကောင်အထည်ဖော် လုပ်ဆောင်သွားရမည် ဖြစ်သည်။

လက်တွေ့ အနေအထားတွင် မြောက်ဦးရှိ ကျောင်း ၊  ကန် ၊  စေတီပုထိုး စသော သာသနိက အဆောက်အဦများနှင့်  လက်ရာပစ္စည်းများကို  ဥပဒေဖြင့်  ကာကွယ်ထားရုံမျှမက ဒေသခံများ၏  ရိုးရာ အစဉ်အလာ  ကျင့်သုံးမှုများဖြင့်လည်း ထိန်းသိမ်း  စောင့်ရှောက်ထားပါသည်။   အထွတ်အမြတ်နေရာ ဒေသများကို  ပူဇော်ခြင်း၊  ဘုရားဖူးထွက်ခြင်းနှင့် သာသနိက အဆောက်အအုံ လက်ရာပစ္စည်းများကို ရိုသေကိုင်းရှိုင်းခြင်းမှာ သမိုင်းစဉ်တစ်လျှောက် တည်ရှိခဲ့သော မြန်မာတစ်မျိုးသားလုံး၏ အစဉ်အလာ ဖြစ်ပါသည်။  ဤအစဉ်အလာများသည် အဖျက်သမားတို့  လုယက် ဖျက်ဆီးမှု ၊  မသမာသူတို့၏ ရည်ရွယ်ချက်ရှိရှိ   ခိုးယူမှုများကို  တားမြစ် ဟန့်တားနိုင်ခဲ့ပေသည်။  ဤကဲ့သို့ ဒေသခံ လူမှုအဖွဲ့ အစည်းများ၏ ဓလေ့ထုံးတမ်း အစဉ်အလာများဖြင့် ထိန်းသိမ်းစောင့်ရှောက်မှု ၊   တာဝန်ရှိ  ဘက်စုံ ဌာနဆိုင်ရာ  အဖွဲ့အစည်းများ၏  အကောင်အထည်ဖော်  လုပ်ဆောင်မှုများသည် မြောက်ဦးဒေသ၏  တစ်မူ ထူးခြားသည့် အမွေအနှစ် လက်ရာပစ္စည်း၊ ယဉ်ကျေးမှုအဆောက်အဦနှင့် ယဉ်ကျေးမှု အခင်းအကျင်းတို့ကို အပြောင်းအလဲမရှိ ဆက်လက် ထိန်းသိမ်း စောင့်ရှောက်သွားနိုင်မည်ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ Reference:  Mrauk-U Nomination Dossier

ဝင်းကြိုင်