ပန်းချီပညာကို NUAC တွင် လေ့လာသင်ယူလိုသူများအတွက် အချိန်ပိုင်းပန်းချီဒီပလိုမာ အကြောင်းသိကောင်းစရာများ

ပန်းချီအမ်ထွန်းအောင်(NUAC)

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် အချိန်ပိုင်းဒီပလိုမာသင်တန်းကို ၂၀၁၇ ခုနှစ်အတွင်း ဖွင့်လှစ်ရန် ပြင်ဆင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။ ယခုအခါ အပတ်စဉ်(၃)သင်တန်းများ ပြီးဆုံးတော့မည်ဖြစ်ပြီး အပတ်စဉ်(၄)ကို ၂၀၂၀ ဇန်နဝါရီလတွင် ပုံမှန်ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည်။ အချိန်ပိုင်းဒီပလိုမာသင်တန်းနှင့်ပတ်သက်ပြီး ဖုန်းဆက်၍ တစ်မျိုး၊ လူမှုကွန်ရက်မှတစ်သွယ် မေးမြန်းမှုများရှိကာ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် တက်ရောက်လိုသူများရှိကြောင်း သိရပါသည်။ ထို့ကြောင့် သင်တန်းနှင့်ပတ်သက်၍ အမေးများသော မေးခွန်းများကို ရိုးရှင်းလွယ်ကူစွာ နားလည်နိုင်မည့် အမေးအဖြေပုံစံဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။
မေး။ ။ အချိန်ပိုင်း ဒီပလိုမာသင်တန်းကို ဘယ်တုန်းက စဖွင့်တာလဲ။
ဖြေ။ ။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ရုံးဖွင့်ရက် မနက် ၇ နာရီမှ ၉ နာရီအထိ တက်ရတဲ့သင်တန်းကို ပထမဆုံး အပတ်စဉ် အနေနဲ့ စတင်ဖွင့်လှစ်ခဲ့တာပါ။ ပန်းချီအပါအဝင် ပန်းပု၊ ဂီတ၊ သဘင် သင်တန်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။ ဒုတိယအပတ်စဉ် စနေ၊ တနင်္ဂနွေသင်တန်းကိုတော့ ၂၀၁၈ ခုနှစ် မေလမှာ စတင်ဖွင့်လှစ်ပြီး ဓာတ်ပုံသင်တန်းကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းချိန်က ၈ နာရီမှ ၁၁ နာရီအထိ သင်ကြားပေးပါတယ်။
မေး။ ။ သင်တန်းကာလ ဘယ်လောက်ကြာမြင့်သလဲ။
ဖြေ။ ။ သင်တန်းအဆင့်တစ်ခုကို သုံးလနဲ့ အဆင့်သုံးခုအတွက် စုစုပေါင်း ကိုးလကြာမြင့်ပါတယ်။ ဧပြီလနဲ့ ဩဂုတ်လတွေဟာ ကျောင်းပိတ်လတွေဖြစ်ပါတယ်။ ဒါကြောင့် စုစုပေါင်း သင်တန်းကာလ ၁၁ လ ကြာမြင့်ပါတယ်။
မေး။ ။ အရင်ကဖွင့်တဲ့ ဒီပလိုမာသင်တန်းလည်းရှိတယ်လို့ ကြားတယ်။ ဒီပလိုမာနှစ်ခုက ဘယ်လိုကွာခြားတာပါလဲ။
ဖြေ။ ။ အရင်က ဖွင့်ခဲ့တဲ့ ဒီပလိုမာက ဘွဲ့လွန်ဒီပလိုမာသင်တန်း (Post Graduate Diploma in Arts) လို့ခေါ်ပြီး ၂၀၀၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မဟာဝိဇ္ဇာ သင်တန်းကို တက်ရောက်နိုင်ဖို့ ပေါင်းကူးသင်တန်းအနေနဲ့ ဖွင့်လှစ်ခဲ့တာပါ။ အချိန်ပြည့် တစ်နှစ်တက်ရောက်ရပြီး တတိယနှစ်ဂုဏ်ထူးတန်းနဲ့ညီတဲ့ အဆင့်မြင့်သင်ရိုးပုံစံနဲ့ သင်ကြားတာပါ။ ပန်းချီဘာသာရပ် ခြောက်ခုနဲ့ အင်္ဂလိပ်စာကို သင်ကြားရပြီး စာမေးပွဲ နှစ်ကြိမ် (စာတွေ့၊ လက်တွေ့) ဖြေရပါတယ်။ ဘွဲ့ယူစာတမ်းလည်း ရေးသားတင်သွင်းရပါတယ်။ စာမေးပွဲဖြေဆိုပြီး သတ်မှတ်ချက်ရမှတ် GPA (Grade Point Average) အဆင့်မီရင် မဟာဝိဇ္ဇာတန်းကို တက်ရောက်ခွင့်ရှိပါတယ်။ အခုဖွင့်လှစ်တဲ့ အချိန်ပိုင်းဒီပလိုမာ သင်တန်းကတော့ ပြင်ပအလုပ် တစ်ဖက်နဲ့ တက်ရောက်နိုင်စေဖို့ ရည်ရွယ်တာပါ။ သီးသန့်စာမေးပွဲမရှိသလို မဟာဝိဇ္ဇာတန်းနဲ့လည်း ချိတ်ဆက်ထားခြင်း မရှိပါဘူး။
မေး။ ။ အချိန်ပြည့်ဘွဲ့လွန်သင်တန်းကို ဘာဖြစ်လို့ရပ်နားခဲ့တာလဲ။ ဘာအားနည်းချက် တွေများရှိလို့လဲ သိပါရစေ။
ဖြေ။ ။ ဘွဲ့လွန်သင်တန်းရဲ့ ရည်ရွယ်ချက်က ပုံမှန်လေးနှစ်သင်တန်းမှာ မဟာဝိဇ္ဇာတန်းတက်ဖို့ အခွင့်အရေးမရှိခဲ့သူတွေကို ပေါင်းကူးအဖြစ် ဖွင့်ပေးခဲ့တာပါ။ ဒါပေမယ့် မဟာဝိဇ္ဇာတန်းလည်း ချက်ချင်းမဖွင့်နိုင်ခဲ့တော့ တက်ရောက်တဲ့သူ နည်းပါးခဲ့ပါတယ်။ သင်တန်းကို ဘွဲ့တစ်ခုရတဲ့ သူတိုင်း တက်ခွင့်ရှိတဲ့အတွက် ပန်းချီအခြေခံ မရှိတဲ့သူတွေလည်း တက်ရောက်ခဲ့ကြတယ်။ သင်တန်းမှာ NUAC ဘွဲ့ရတွေနဲ့ အပြင်ကဘွဲ့ရတွေ ရောသင်ရတဲ့ အခါ တတ်မြောက်မှုအဆင့် (Level) မတူတဲ့အတွက် သင်ကြားရေးမှာ အခက်အခဲတွေ ရှိပါတယ်။ အချိန်ပြည့် တက်ရောက် ရတဲ့အတွက် လုပ်ငန်းခွင် ဝင်ရောက်နေတဲ့သူတွေ တက်ရောက်ဖို့ အဆင်မပြေခဲ့ပါဘူး။ သင်တန်း တက်ရောက်သူဦးရေဟာလည်း တစ်နှစ်မှာ ဆယ်ယောက်ဝန်းကျင်သာရှိပြီး တက်ရောက်သူ နည်းပါးလာခြင်းတွေဟာ သင်တန်းရဲ့ အားနည်းချက်တွေ ပါပဲ။ ဒါကြောင့် ဒီသင်တန်းကို ၂၀၁၇ အပြီးမှာ ရပ်နားခဲ့ပြီး အချိန်ပိုင်းဒီပလိုမာ သင်တန်းအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့တာပါ။
မေး။ ။ အခုလို အချိန်ပိုင်းဒီပလိုမာသင်တန်း ဖွင့်လှစ်ဖို့အတွက် ခွင့်ပြုချက်တွေ ယူရသေးလား။ သင်တန်းပြောင်းလဲ ဖွင့်လှစ်ဖို့ ဘာတွေပြင်ဆင်ခဲ့ရသလဲ သိချင်ပါတယ်။
ဖြေ။ ။ အချိန်ပိုင်းဒီပလိုမာသင်တန်းဖွင့်လှစ်ဖို့အတွက် ဘွဲ့လွန်ဒီပလိုမာ သင်တန်း ဖွင့်လှစ်ခဲ့မှုနဲ့ နှစ်စဉ်တက်ရောက်ခဲ့မှုတွေကို ဇယားဆွဲပြီး ကျိုးကြောင်းဖော်ပြချက်နဲ့ တက္ကသိုလ်ပညာရေး အဖွဲ့မှာ တင်ပြပြီး သဘောတူညီမှု ရယူခဲ့ပါတယ်။ ပြီးတော့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) တက္ကသိုလ် နှစ်ခု ညှိနှိုင်းစည်းဝေးဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံး အဆင့်မှာတော့ သင်ရိုးညွှန်းတမ်းနဲ့ အတူ ပြောင်းလဲဖွင့်လှစ်ခြင်းရဲ့ ရည်ရွယ်ချက်တွေကို ဝန်ကြီးအဆင့် တက်ရောက်တဲ့ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပညာရေးကောင်စီမှာတင်ပြပြီး အတည်ပြုချက် ရယူ ဖွင့်လှစ်ခဲ့တာပါ။
မေး။ ။ ဒါဆို မန္တလေးမှာလည်း အခုလိုသင်တန်းမျိုးရှိတာပေါ့။
ဖြေ။ ။ မန္တလေး NUAC မှာတော့ တည်နေရာအနေအထားအရ အချိန်ပိုင်း ဒီပလိုမာသင်တန်း မဖွင့်လှစ်နိုင်သေးဘဲ ပုံမှန်ဘွဲ့လွန်ဒီပလိုမာ အချိန်ပြည့်သင်တန်းပဲဆက်လက်ဖွင့်လှစ်နေပါတယ်။ ဒီနေရာမှာ ပြောချင်တာက ဘွဲ့တစ်ခုရပြီး ဘွဲ့လွန်ဒီပလိုမာတက်ဖို့ အချိန်ပြည့် တစ်နှစ်ပေးနိုင်တယ်။ မဟာဝိဇ္ဇာသင်တန်းတက်ဖို့လည်း ရည်ရွယ်ချက်ရှိရင် မန္တလေး NUAC မှာ တက်ရောက် နိုင်ပါတယ်။
မေး။ ။ အချိန်ပိုင်းဒီပလိုမာသင်တန်းက စာမေးပွဲရှိလား သိချင်ပါတယ်။ အခြားဘာအားသာ ချက်တွေရှိလဲ ပြောပြပေးပါ။
ဖြေ။ ။ အချိန်ပိုင်းဒီပလိုမာသင်တန်းမှာ စာမေးပွဲသီးသန့်မရှိပါဘူး။ စာတမ်းလည်း ရေးစရာ မလိုပါဘူး။ မဟာဝိဇ္ဇာသင်တန်းနဲ့ ချိတ်ဆက်ထား တာမရှိတဲ့အတွက် ရမှတ်သတ်မှတ်ချက်ကို ဖော်ပြတဲ့ (credit system) နဲ့ သင်ကြားတာ မဟုတ်ပါဘူး။ ရည်ရွယ်ချက်က အလုပ်လုပ်ရင်း ပန်းချီပညာကို ဝါသနာပါသူတွေ တက်ရောက်နိုင်အောင် ဖွင့်လှစ်တာဖြစ်ပါတယ်။
– အခြေခံပညာအထက်တန်း မအောင်မြင်သော်လည်း တက်ရောက်နိုင်ခြင်း၊
– အခြေခံပညာအလယ်တန်း အောင်မြင်ပြီးသော အသက်အရွယ်မှစပြီး အရွယ်မရွေး တက်ရောက်နိုင်ခြင်း၊
– ရုံးဖွင့်ရက် နံနက်ပိုင်းသင်တန်းနှင့် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ သင်တန်းနှစ်ခုကို ရွေးချယ် တက်ရောက်နိုင်ခြင်း၊
– သင်တန်းအဆင့် (Level) တစ်ခုကို သုံးလတက်ရောက်ပြီး သင်တန်းပြီးဆုံးကြောင်း အောင်မြင်မှ လက်မှတ်ရရှိနိုင်ခြင်း၊
– သင်တန်းအဆင့်သုံးခုပြီးမြောက်၍ အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူနှင့် ဘွဲ့တစ်ခု ရရှိပြီးသူများ ဒီပလိုမာ လက်မှတ် ရယူနိုင်ခြင်း၊
– အခြေခံပညာအထက်တန်း မအောင်မြင်သူများအတွက်လည်း သင်တန်းပြီးဆုံးကြောင်း လက်မှတ်ရရှိနိုင်ခြင်း၊
– အချိန်ပိုင်းသင်တန်းဖြစ်သဖြင့် အလုပ်တစ်ဖက်ဖြင့် တက်ရောက်နိုင်ခြင်း၊
– ကျောင်းသားကတ်ဖြင့် တက္ကသိုလ်စာကြည့်တိုက်တွင် စာအုပ်များ ငှားရမ်းဖတ်ရှုနိုင်ခြင်း၊
– ဌာနက စီစဉ်ပေးသော ပန်းချီပြပွဲနှင့် ပြင်ပလေ့လာရေးခရီးစဉ် များကို လိုက်ပါခွင့်ရှိခြင်း၊
– သင်တန်းအားလုံးပြီးဆုံး၍ ဒီပလိုမာလက်မှတ်ရပြီးသော်လည်း သင်ခန်းစာများ ပြန်လည် လေ့လာလို၍ သင်တန်းထပ်မံ တက်ရောက်လိုပါက အခမဲ့တက်ရောက်ခွင့်ရှိခြင်းတို့ဟာ ဒီသင်တန်းရဲ့ အားသာချက်တွေပါ။
မေး။ ။ သင်တန်းကာလမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့ရင်ရော ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်။
ဖြေ။ ။ သင်တန်းတစ်ခုအတွက် ကျောင်းတက်ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းနဲ့ အထက်ရှိမှ သင်တန်း ဆင်း လက်မှတ်ပေးပါတယ်။ အကြောင်းရှိလို့ ပျက်ကွက်တာမျိုးရှိရင် ခွင့်စာရေးတိုင်ကြား နိုင်ပါတယ်။ သတ်မှတ်ချက်ထက် ကျောင်းတက်ရာခိုင်နှုန်းနည်းပါးရင် သင်တန်းဆင်း လက်မှတ် ထုတ်ပေးမှာ မဟုတ်ပါဘူး။
မေး။ ။ သင်တန်းအတွက် လိုအပ်တဲ့ ပန်းချီပစ္စည်းတွေကိုရော ဌာနက စီစဉ်ပေးလား။
ဖြေ။ ။ လိုအပ်တဲ့ ပန်းချီပစ္စည်းတွေကို ရန်ကုန်မှာရှိတဲ့ ဆိုင်တွေကို လမ်းညွှန်ပေးပြီး ကိုယ်တိုင် ဝယ်ယူရပါတယ်။ ကိုယ်တိုင်ဝယ်ယူဖို့ အခက်အခဲရှိသူတွေကိုတော့ ဌာနကစီစဉ် မှာကြားပေး ပြီးတော့ သင်တန်းသား တွေထဲကပဲ တာဝန်ယူရောင်းပေးနိုင်အောင် စီစဉ်ပေးပါတယ်။
မေး။ ။ သင်တန်းကြေးတွေက ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ အခြေခံသင်တန်း(Level 1)အတွက် ငွေကျပ်တစ်သိန်း၊ အလယ်အလတ်အဆင့် (Level 2)အတွက် ငွေကျပ် တစ်သိန်းနှစ်သောင်းငါးထောင်၊ အဆင့်မြင့်သင်တန်း (Level 3)အတွက် ငွေကျပ် တစ်သိန်း ငါးသောင်းသတ်မှတ်ထားပါတယ်။ လက်ရှိဝိဇ္ဇာတန်း ကျောင်းသားနဲ့ တက္ကသိုလ်ဝန်ထမ်း သားသမီးတွေကို ၂၅ ရာခိုင်နှုန်း လျှော့ယူပါတယ်။
မေး။ ။ ဒါဆို သင်ပေးတဲ့ဆရာတွေ သင်တန်းကြေး(လခ)တွေ အများကြီးရမှာပေါ့။ ရရှိတဲ့ ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲတာလဲ။
ဖြေ။ ။ ဒီသင်တန်းဟာ ရန်ကုန်တက္ကသိုလ် နိုင်ငံခြားဘာသာတက္ကသိုလ်တွေ မှာ ဖွင့်လှစ်တဲ့ သင်တန်းတွေနဲ့ အတူတူပါပဲ။ ရရှိတဲ့ကျောင်းလခတွေရဲ့ ၅၀ ရာခိုင်နှုန်းကို နိုင်ငံတော်ကို ပေးသွင်းရပါတယ်။ ၄၅ ရာခိုင်နှုန်းကိုတော့ သင်ကြားရေးဆိုင်ရာဝန်ထမ်းများ၊ သင်တန်းရေးရာနဲ့ စီမံရေးရာ ဝန်ထမ်းများ၊ သန့်ရှင်းရေးနဲ့ အဆောင်တာဝန်ခံတွေအားလုံးကို အချိုးကျခွဲ ဝေပေးတာပါ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းကတော့ သင်ထောက်ကူ ဝယ်ယူရေးမှာ အသုံးပြုပါတယ်။ သုံးစွဲခဲ့တဲ့ ငွေကြေးအားလုံးကို စာရင်းအင်းနဲ့အတူ စာရင်း စစ်ဆေးခံယူရပါတယ်။
မေး။ ။ ဘွဲ့မရတဲ့သူတွေကတော့ ဒီပလိုမာ မရဘူးပေါ့။
ဖြေ။ ။ အခြေခံပညာအထက်တန်းအောင်တဲ့သူနဲ့ ဘွဲ့ရတဲ့သူတွေကို ဒီပလိုမာလက်မှတ်ပေး ပါတယ်။ အထက်တန်းမအောင်တဲ့သူတွေကတော့ သင်တန်းပြီးဆုံးကြောင်း လက်မှတ်ပေးပါ တယ်။
မေး။ ။ အခြေအနေအရ အဆင့်သုံးဆင့်လုံးပြီးအောင် မတက်နိုင်တဲ့ သူတွေကတော့ ဒီပလိုမာ မရဘူးပေါ့။
ဖြေ။ ။ အဆင့်နှစ်ခုပြီးလို့ နောက်ဆုံးအဆင့်ကို ဒီနှစ်မှာ မပြီးခဲ့ရင် ရှေ့နှစ်မှာ အဆင့်သုံးကို ပြီးအောင် တက်ရောက်ပြီး ဒီပလိုမာလက်မှတ် ယူနိုင်ပါတယ်။ သင်တန်းကာလ ၂ နှစ်ခြား သွားရင်တော့ အစအဆုံး ပြန်တက်မှရပါမယ်။
မေး။ ။ ပန်းချီဒီပလိုမာနဲ့ ဆက်စပ်ပြီး ဘာသင်တန်းတွေ ဖွင့်တာရှိသေးလဲ။
ဖြေ။ ။ ပန်းချီဒီပလိုမာရတဲ့သူ၊ ပန်းချီအခြေခံရှိတဲ့သူတွေကတော့ အနုပညာ ကွန်ပျူတာဒီပလိုမာ (Diploma in Computer Arts) ကိုးလသင်တန်းကို တက်ရောက်နိုင်ပါတယ်။ သူလည်း အဆင့်သုံးခုရှိပြီး သင်တန်းပြီးရင် ဒီပလိုမာလက်မှတ်ရပါတယ်။ အချိန်ပိုင်းပန်းချီဒီပလိုမာနဲ့ ကွာခြားတာကတော့ တစ်ပတ်သုံးရက် အချိန်ပြည့် တက်ရတာပါ။
မေး။ ။ ဒီသင်တန်းတက်ပြီးရင် ပန်းချီကောင်းကောင်း ဆွဲနိုင်မှာလား။
ဖြေ။ ။ ဒီသင်တန်းဟာ ကလေးပန်းချီသင်တန်းမဟုတ်ဘူးဆိုတာ သတိ ပြုစေချင်ပါတယ်။ ဒီသင်တန်းမှာ ပန်းချီပညာရပ်ဆိုင်ရာ သီအိုရီ သဘောတရားနဲ့ ဗဟုသုတတွေ၊ လက်တွေ့ ရေးဆွဲနည်းတွေကို အဆင့်ဆင့်သင်ပေးပါတယ်။ သင်တန်းမှာသင်ကြားတဲ့ သီအိုရီသဘော တရားနဲ့ လက်တွေ့ရေးနည်းစနစ်ကို စနစ်တကျ အချိန်ယူလေ့ကျင့်ရင် ပန်းချီကောင်းကောင်း ရေးဆွဲနိုင်ဖို့ အများကြီး အထောက်အကူပြုမှာပါ။
မေး။ ။ ဒီသင်တန်းရဲ့အားနည်းချက်က ဘာလဲ။
ဖြေ။ ။ အချိန်ပိုင်းပန်းချီသင်တန်းရဲ့ အားနည်းချက်က သင်တန်းမှာ လက်တွေ့ရေးဆွဲ လေ့ကျင့်ချိန် နည်းပါးတာပါ။ တစ်ပတ်မှာ ၆ နာရီ ပဲရှိလို့ အိမ်မှာပြန်လည်လေ့ကျင့်ဖို့ လိုပါတယ်။
မေး။ ။ အခြေခံအဆင့် (Level 1)သင်တန်းမှာ ဘာတွေသင်ကြားပေးလဲ။
ဖြေ။ ။ အခြေခံအဆင့်မှာ ပန်းချီကဏ္ဍကြီးခြောက်ရပ်မှာ ပါဝင်တဲ့ six elements of painting ဖြစ်တဲ့ မျဉ်း(Drawing)၊ အသွေး(Tone)၊ အဆင်အသားသဘော(Texture)၊ အလေးချိန် (Weight)၊ လုပ်ငန်းလုပ်ချက် သဘောတရား (Workmanship) အကြောင်းအရာတွေ၊ အခြေခံ ဖွဲ့စည်းပုံ သဘောတရား (Basic composition) လူပုံ အမျိုးအစား အခြေခံ၊ ခဲပန်းချီရေး ဆွဲ နည်းသဘောတရားနဲ့ အခြေခံအရာဝတ္ထုရေးနည်းတွေကို သင်ပေးပါတယ်။
မေး။ ။ ဒုတိယအဆင့် (Level 2) သင်တန်းမှာရော ဘာတွေသင်ကြားပေးလဲ။
ဖြေ။ ။ ရေဆေးတစ်ရောင်ဆွဲရေးနည်း၊ ရေဆေးရောင်စုံရေးနည်း၊ အရောင် သီအိုရီသဘောတရား၊ ရေဆေးနဲ့မင် ရောစပ်ရေးဆွဲခြင်း (Line and wash) ၊ ရေဆေးအကြည်တွင် ဆေးအဖြူ ပေါင်းစပ်ရေးဆွဲခြင်း (Medium Water colour) ၊ရေဆေးအထူရေးနည်း (Opaque Water colour)ရေးနည်းတွေနဲ့ အခြေခံနဲ့သဘာဝမြင်ကွင်းတွေ ရေးဆွဲနည်း၊ ပန်းချီကားဖွဲ့စည်း ရေးဆွဲမှု သဘောတရားတွေကို သင်ပေးပါတယ်။
မေး။ ။ တတိယအဆင့် (Level 3) သင်တန်းမှာ ဘာတွေထပ်သင်ပေးလဲ။
ဖြေ။ ။ အခရိုက်လစ်ဆေးနဲ့ ဆီဆေးရေးဆွဲနည်း သဘောတရားတွေ ပန်းချီ ကားတစ်ချပ်ဖြစ်ဖို့ ပန်းချီရေးဆွဲမှု သဘောတရားတွေကို စာတွေ့လက်တွေ့ ရေးဆွဲပြသပေးပါတယ်။
မေး။ ။ ပုံမှန်သင်ကြားရေးအပြင် အခြားဘာတွေ စီစဉ်ပေးသေးလဲ။
ဖြေ။ ။ သင်တန်းသားတွေအတွက် နေ့ချင်းပြန်လေ့လာရေးနဲ့ ပန်းချီ အောက်ဒိုးခရီးစဉ်တွေ၊ ညအိပ်ခရီးဝေး ပန်းချီခရီးစဉ်တွေ (ပုဂံ၊ ကလော)ကို သင်တန်းသားတွေရဲ့ အများစုဆန္ဒအပေါ်မှာ မူတည်ပြီး စီစဉ် ဆောင်ရွက်ပေးပါတယ်။ ပြင်ပပန်းချီဆရာကြီးတွေရဲ့ စတူဒီယို၊ ပြခန်းတွေကို လည်း လေ့လာရေးစီစဉ်ပေးပါတယ်။ သင်တန်းကာလအတွင်းမှာ ပြင်ပပညာရှင်တွေကို ဖိတ်ကြားပြီး လက်တွေ့ရေးဆွဲပြသဖို့ စီစဉ်ပေးပါတယ်။ နောက်ဆုံး သင်တန်းပြီးလို့ အပြင်မှာ ပြပွဲလုပ်ချင်ရင်လည်း စီစဉ်ဆောင်ရွက်ပေးပါတယ်။
မေး။ ။ သင်တန်းဖွင့်ဖို့ ကြော်ငြာတွေကို ဘယ်လိုသိနိုင်မလဲ။
ဖြေ။ ။ သင်တန်းကို နှစ်စဉ် ဒီဇင်ဘာလအတွင်းမှာ ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာမှာ ကြေညာပါတယ်။ NUAC(Ygn) လူမှုကွန်ရက်(facebook) မှာလည်း အသိပေးပါတယ်။ ဒါကြောင့် ဒီ page ကို ဆက်သွယ် like လုပ်ထားဖို့ လိုအပ်ပါတယ်။ သင်တန်းနဲ့ ပတ်သက်ပြီး သင်တန်း ရေးရာဌာန၊ ဖုန်း ၀၁-၅၉၀၂၅၂ ၊ ၀၁-၅၉၀၂၅၄ ၊ ပန်းချီဌာနမှူး ဖုန်း-၀၉−၄၄၃၁၄၁၈၀၄၊ ၀၉-၇၉၅၇၆၆၆၀၈ တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
မေး။ ။ သင်တန်းသုံးဆင့်လုံးပြီးမြောက်တဲ့သူတွေကို ဒီပလိုမာ ဘယ်တော့ ပေးလဲ။
ဖြေ။ ။ သင်တန်းအားလုံးအောင်မြင်စွာ ပြီးဆုံးခဲ့တဲ့သူတွေကို ရန်ကုန် တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမမှာ ဒီဇင်ဘာလ ဒုတိယပတ်နဲ့ တတိယပတ်အတွင်းမှာ ဒီပလိုမာလက်မှတ် ချီးမြှင့်ပါတယ်။
မေး။ ။ သင်တန်းနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ။ ။ အချိန်ပိုင်းဒီပလိုမာသင်တန်းဟာ ပုံမှန်လေးနှစ်သင်တန်းရဲ့ သင်ရိုးတွေကိုချုံ့ပြီး သင်ကြားပေးတာပါ။ ဒါပေမယ့် အချိန်ပြည့် သင်တန်းလို ပန်းချီသမိုင်း၊ မြန်မာ့ရိုးရာဘာသာရပ်၊ ဒီဇိုင်းဘာသာရပ်တွေကို သင်ကြားပေးနိုင်ခြင်း မရှိပါဘူး။ အဓိကသီအိုရီနဲ့ ရေးနည်းစနစ် တွေကိုပဲ သင်ကြားပေး နိုင်တာပါ။ ဒီသင်တန်းမှာ သင်ကြားပေးနေတဲ့ ဘာသာရပ်တွေဟာ လူပုံရေးနည်း၊ ရှုခင်းရေးနည်းလိုမျိုး အကြောင်းအရာတစ်ခုကို အတတ်သင်ပေးသော သင်တန်းမျိုးမဟုတ်ပါဘူး။ တက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ အခြေခံတွေနဲ့ ကိုယ်ဝါသနာပါတဲ့ နယ်ပယ်ကို ဆက်ပြီးလေ့လာဖို့ လိုပါတယ်။ ဥပမာ ဂရပ်ဖစ်ဒီဇိုင်း၊ ဖက်ရှင်ဒီဇိုင်း၊ အန်နီ မေးရှင်း လိုမျိုးတစ်ခုခုကို ဖြည့်စွက်လေ့လာ ဖို့ လိုပါတယ်။ ။