ငြိမ်းချမ်းသောနယ်မြေဖြစ်၍ ကမ္ဘာ့အမွေအနှစ်အဖြစ်သို့

မောင်ဇေ

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များသည် ခေတ်ကာလအလျောက် ပြောင်းလဲလျက် ရှိသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပထဝီဝင် အချက်အလက် ရေစီးကြောင်းအမျိုးမျိုး အကြားတွင် လူသားမျိုးနွယ်တို့၏ ယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ပျက်သွားခြင်း မရှိစေရေး ထိန်းသိမ်းနိုင်ခဲ့ခြင်း၊ ထိန်းသိမ်းရမည်ကို သိသည့် အတွေးအခေါ် အယူအဆ မြင့်မားခဲ့ခြင်းနှင့် အမှန်တကယ် ချစ်မြတ်နိုးစွာ ထိန်းသိမ်းခဲ့ခြင်းတို့ကြောင့် ယနေ့တိုင် ကိုယ်တိုင်မြင်တွေ့ခွင့်ရပြီး တည်မြဲနေကြခြင်း ဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက် ထားသော ယဉ်ကျေးမှုအမွေအနှစ်များ၏ နှစ်ပရိစ္ဆေဒ ကြာမြင့် မှုနှင့် တွေးခေါ်ယူဆမှု၏ အနုလက်ရာများအလိုက် အမွေအနှစ်၏ တန်ဖိုး များမှာလည်း မြင့်မား ခဲ့ကြ ပါသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုပေါင်းများစွာဖြင့် စုဖွဲ့၍ နှစ်ပေါင်းရှည်ကြာစွာ တည်တံ့လာခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ လူမျိုးဓလေ့စရိုက်များ စုံလင်လှသော်လည်း နိုင်ငံ အနှံ့အပြားတည်ရှိနေသည့် ယဉ်ကျေးမှုအမွေအနှစ်များအပေါ်တွင် တစ်ညီတစ်ညွတ်တည်း အလေးထားဂရုပြု တန်ဖိုးထားကြလေ့ရှိပါသည်။ မိမိတို့ အမွေအနှစ်တို့သည် ခိုင်မာသော အထောက်အထားများဖြင့် ပြည့်စုံသည့် ထည်ဝါဂုဏ်မြောက်သော ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ခြင်းကြောင့်လည်း ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ မျက်နှာပန်းလှနေပါသည်။

အဆိုပြုဒေသများ

မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်နိုင်ရေးအတွက် အခြေခံအားဖြင့် ကမ္ဘာ့အဆင့်မီ စံတန်ဖိုးများ (Outstanding Universal Value)ဖြစ်သည့် ခိုင်မာမှု(Integrity) ၊ စစ်မှန်မှု (Authenticity) စသည့် အချက်များနှင့် ပြည့်စုံလုံလောက်မှုရှိသည့် ယဉ်ကျေးမှုအမွေ အနှစ်ဒေသပေါင်း များစွာအနက်မှ အောက်ပါအမျိုးသားအဆင့်အမွေအနှစ် နေရာများကို အဆိုပြု အမွေအနှစ်စာရင်း (Tantative List) အဖြစ် ၁၉၉၆ ခုနှစ်တွင် UNESCO သို့ တင်သွင်းခဲ့ကြ ပါသည် –

               (က)   မြန်မာနိုင်ငံ အထက်ပိုင်းဒေသများမှ ရှေးဟောင်းမြို့များ ၊ (အင်းဝ ၊ အမရပူရ ၊ စစ်ကိုင်း ၊ မင်းကွန်း ၊ မန္တလေး)

               (ခ)     ပြဒါးလင်းဂူ ၊

               (ဂ)     ပုဂံရှေးဟောင်းအမွေအနှစ်ဒေသရှိ အဆောက်အုံများ ၊

               (ဃ)    အင်းလေးကန် ၊

               (င)     ပဲခူး၊ ဟံသာဝတီ စသည့် မွန်ရှေးဟောင်းမြို့တော်များ ၊

               (စ)     မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသ ၊

               (ဆ)    ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ စသည့် ပျူ ရှေးဟောင်း မြို့များ ၊

(ဇ) အုံတုံ၊ စလေ၊ ပုခန်းကြီး၊ ပုခန်းငယ်၊ လယ်ကိုင်း၊ စကု၊ ရွှေကျောင်း (မန္တလေး) တို့ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ အဆိုပြု ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ရွှေတိဂုံစေတီတော်နှင့် ပရိုင်းမိတ် ဒေသတွေကို အဆိုပြု ဖြည့်စွက်ပေးပို့ ထားပါသည်။

ကမ္ဘာ့အမွေအနှစ်

အဆိုပြုဒေသ (၁၀)ခုအနက်မှ ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ စသည့် ပျူ မြို့ဟောင်း(၃)မြို့ ကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း ၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ၂၀၁၉ ခုနှစ်တွင်လည်းကောင်း ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါတွင် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် သတ်မှတ်ခံရရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည် ။

မြောက်ဦးဒေသအား မြန်မာနိုင်ငံအတွက် တတိယအကြိမ် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ရရှိ ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တို့၏ ဦးဆောင်မှုဖြင့် ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်နယ်ဌာနဆိုင်ရာများ ၊ အမွေအနှစ်ချစ်မြတ်နိုးကြသူ အဖွဲ့အစည်း များနှင့် ဒေသခံပြည်သူများပူးပေါင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပြုစာတွဲ (မူကြမ်း)ကို UNESCO သို့ တင်ပြနိုင်ရေး အချက်အလက်များဖြည့်စွက်ခြင်း ၊ ပြင်ဆင်ရေးသား ခြင်း၊ မြေပုံအချက်အလက်များ မှန်ကန်ရေးဆောင်ရွက်ခြင်း ၊ သမိုင်းအထောက်အထားများ မှန်ကန်စေရေးအတွက် ရက်ရှည် ညှိနှိုင်းဆောင်ရွက်ကြပြီးနောက် အဆိုပြုစာတွဲ(မူကြမ်း) ရေးသားမှု အပြီးသတ်လုနီးပါးဖြစ်ကြောင်း သိရှိရသည် ။ ထို့အပြင် အောက်ပါ သက်မှတ် အချိန် ဇယား များအတိုင်းလည်း ဆက်လက်အကောင်အထည်ဖော် သွားကြမည်ဖြစ်ပါသည် –

စဉ် သတ်မှတ်အချိန်ကာလ ဆောင်ရွက်ချက် မှတ်ချက်
၂၀၁၉ ခုနှစ်၊ စက်တင် ဘာလ အဆိုပြုစာ(မူကြမ်း) Nomination Dossier(Draft)တင်ပြခြင်း ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ UNESCO World Heritage Centre သို့ ပေးပို့ခြင်း
၂၀၂၀ခုနှစ်၊ဇန်နဝါရီလ အဆိုပြုစာ Nomination Dossier (Complete) တင်ပြခြင်း ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ UNESCO Wold Heritage Centre သို့ ပေးပို့ခြင်း
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ မှ နိုဝင်ဘာလအတွက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက် ရေးအတွက် စစ်ဆေးခံယူခြင်း ICOMOS အဖွဲ့မှ ကွင်းဆင်း စစ်ဆေးခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက် ရေးအတွက် ဆုံးဖြတ်ချက်ခံယူခြင်း (၄၄)ကြိမ်မြောက် ကမ္ဘာ့အမွေ အနှစ်ညီလာခံကဆုံးဖြတ်ခြင်း

ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး သတ်မှတ် ချက်များ နှင့် ကိုက်ညီမှုရှိရန် လိုအပ်ပြီး အောက်ပါ သက်သေအထောက်အထား တို့သည် အရေး ပါသည့် အဓိကသော အကြောင်းအချက်များ ဖြစ်သည်  –

          (က)    ခိုင်မာမှုရှိခြင်း (Integrity)

          (ခ)     စစ်မှန်မှုရှိခြင်း(Authenticity) 

ကမ္ဘာ့လုံးဆိုင်ရာစံတန်ဖိုးသတ်မှတ်ချက်(Outstanding  Universal  Value)

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် အခြေခံလေ့လာ ဆန်းစစ်ချက်တစ်ခုမှာ ကမ္ဘာ့လုံး ဆိုင်ရာစံတန်ဖိုး (သို့မဟုတ်) ကမ္ဘာ့အဆင့်မီစံတန်ဖိုး ရှိ/မရှိ သုံးသပ်ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ အဆင့်မီစံတန်ဖိုး ဆန်းစစ်ချက်တွင် ခိုင်မာမှုရှိခြင်း (Integrity)၊ စစ်မှန်မှုရှိခြင်း (Authenticity) နှင့် စံတန်ဖိုးများနှင့် ကိုက်ညီမှုရှိကြောင်းတို့ကို တိုက်ဆိုင်စိစစ် သတ်မှတ် ဆုံးဖြတ် ကြခြင်း ဖြစ်ပါသည်။

ခိုင်မာမှုရှိခြင်း(Integrity)

မြို့ပြစနစ်နှင့် ဖွဲ့တည်ပုံဖြစ်သော အခြေအနေ၊ မြို့ရုံး၊ ကျုံး ၊ စပါးကျီ ၊ ခံတပ် …စသည့် ကြွင်းကျန် ရစ်သော အထောက်အထား များသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ သောအနေ အထားတို့ကို ကောင်းစွာဖော်ပြနိုင်ပါသည်။ ဗိသုကာ လက်ရာနှင့် စာပေမှတ်တမ်း ဆိုင်ရာ အထောက်အထား တို့သည်လည်း ခေတ်ကာလသက်တမ်းကို  ကောင်းစွာအထောက်အပံ့ ပေးနိုင်သကဲ့သို့ နှစ်ပေါင်းများစွာ ရှင်သန်၊ ဖွံ့ဖြိုးတိုးတက်မှုရှိခဲ့ကြောင်းတို့ကို သက်သေပြနိုင် ပါသည်။  သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာပြုပြင် ဖန်တီးနိုင်ခဲ့သော လယ်/ယာစိုက်ပျိုးမှု လုပ်ငန်း အတွက် အရေးပါသော တူးမြောင်းများ၊ ရေကန်များသည် ယင်းခေတ်ကာလမှသည် ယနေ့တိုင် အသုံးပြု လျက်ရှိသော အထောက်အထားများပင် ဖြစ်ပါသည်။ ကြွင်းကျန်တည်ရှိ နေသော အဆောက်အအုံများ၊ ရှေးဟောင်းသုတေသန အထောက်အထားများ တွေ့ရှိသည့် ဝတ္ထု ပစ္စည်း များသည် ယဉ်ကျေးမှုတန်ဖိုးနှင့် ဖွံ့ဖြိုးတိုးတက် လာမှုကိုလည်း ကောင်းစွာ သက်သေပြ နိုင် သည့် ခိုင်မာမှုရှိခြင်း (Integrity)၏ သက်သေ များ ဖြစ်ပါသည်။

စစ်မှန်မှုရှိခြင်း(Authenticity)

ရှေးဟောင်း ဘုရားပုထိုး၊ အဆောက်အအုံနှင့် နန်းတော်ရာ တို့သည် ရှေးမူလက်ရာမပျက် တည်ရှိနေခြင်း၊ ယနေ့တိုင် လက်ခံကျင့်သုံးလျက်ရှိသည့် ဗုဒ္ဓဘာသာဆိုင်ရာ ဓလေ့ထုံးတမ်းများ ၊ လယ်ယာ စိုက်ပျိုးမှုနှင့် ကုန်သွယ်မှုဆိုင်ရာ နည်းစနစ်များ ၊  ရေအသုံးချမှု စနစ်တို့သည် မူလ၊ သဘာဝကို အခြေခံ၍ ဆက်လက်အသုံးပြုနေသည့် အနေအထားတွေ့ရှိနေရသလို ယနေ့တိုင် ရှေးခေတ်ဟောင်း ယဉ်ကျေးမှုဆိုင်ရာအခင်းအကျင်း (Cultural Lanscape)များစွာတို့ ကြွင်းကျန် တည်ရှိခြင်း၊ စသည့် စစ်မှန်သော အထောက်အထား လက္ခဏာများကိုပြသည့် အမွေအနှစ်တို့၏ စစ်မှန်မှုရှိသည့် သက်သေများပင်ဖြစ်ပါသည်။

စံတန်ဖိုး

အထက်ပါ အချက်များမြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ် နိုင်ရေးအတွက် ကိုက်ညီမှုရှိသည့် အပြင် ကိုက်ညီသည့် စံနှုန်းသတ်မှတ်ချက်များအနက် ပိုမိုထင်ရှားပေါ်လွင်နိုင်မည့် စံသတ်မှတ်ချက်များဖြစ်သည့်  ၃ နှင့် ၄ တို့ကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဒေသအမွေအနှစ်ချစ်မြတ်နိုးသူများက ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ကာ စိစစ် တင်ပြထားခြင်းဖြစ်ပါသည် –

စံတန်ဖိုး(၃) (Testimony) မြောက်ဦးမြို့ဟောင်းသည် ဗုဒ္ဓအခြေပြု မြို့ပြယဉ်ကျေးမှု အဖြစ် သမိုင်းမှတ်တမ်း အထောက်အထားများဖြစ်ပြီး ဗုဒ္ဓဘာသာ၏ ဓမ္မနှင့် သံဃာအဖွဲ့ အစည်း ကို ခိုင်မာစွာတည်ထောင်နိုင်ခဲ့သည့် အထောက်အထားများစွာ ရှိနေသကဲ့သို့ ရေအရင်းအမြစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချပြီး လယ်ယာစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း၊ သဘာဝ တောင်တန်းများကို အသုံးပြု၍ ကာကွယ်ရေးစနစ်များ အသုံးပြုခဲ့ခြင်း နှင့် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုနှင့်အတူ ဘာသာရေးဆိုင်ရာ အဆောက်အအုံ များ ဆောက်လုပ်လာရာ အုတ်၊ ကျောက် အဆောက်အအုံ ဗိသုကာ ပညာရပ် ကောင်းစွာဖွံ့ဖြိုး တိုးတက်ခဲ့ခြင်း ၊ နိုင်ငံတကာနှင့် ကုန်ကူးသန်းရောင်းဝယ် ခဲ့သည့် အထောက်အထားများ တွေ့ရှိ ရခြင်းသည် စံတန်ဖိုး(၃)ကို ထောက်ပံ့ပေးနိုင်မည့် အချက်အလက်များဖြစ်ပါမည်။

စံတန်ဖိုး(၄) (Typology) စနစ်ကျ၍ ဖွံ့ဖြိုးတိုးတက်ခဲ့သော မြို့ပြစနစ် နှင့် မြို့ပြ အဆောက်အအုံများကို ဖန်တီး တည်ဆောက်နိုင်ခြင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ ရေအရင်းအမြစ်များကို စီမံခန့်ခွဲနိုင်ခြင်း၊ လယ်ယာ စိုက်ပျိုးရေး၊ ကျောက်၊ ကြေး၊ သံ၊ အုတ်တို့ကို အသုံးပြုခြင်း ၊ မြို့ပြစနစ်၏ အရေးပါသော လက္ခဏာများအဖြစ် မြို့ရိုး နှင့် ကျုံး ၊ တူးမြောင်းများ၊ ဘာသာတရားကို အထွဋ်အမြတ်ထားမှုနှင့် အတူ ဘာသာရေး ဆိုင်ရာအဆောက်အအုံများကို သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြင့် တင့်တင့်တယ်တယ်ဖြစ်အောင် ဖန်တီး တည်ဆောက်နိုင်ခဲ့ခြင်း၊ ကိုးကွယ်ယုံကြည်မှုအပေါ် စေတနာထက်သန်မှု နှင့် စိတ်ကူးစိတ်သန်း အကြံဉာဏ်များကို ဖန်တီးဖော် ဆောင်နိုင်မှုရှိသည့် အမွေအနှစ်လက္ခဏာပေါင်းများစွာ တွေ့ရှိရခြင်းသည် စံတန်ဖိုး(၄) အထောက်အပံ့များပင် ဖြစ်သည်။

အထက်ပါအချက်များသည် မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသနှင့် ကိုက်ညီမှုရှိ နေသည့် အချက်များဖြစ်ပြီး ဒေသနေပြည်သူများ၏ ကမ္ဘာ့အမွေအနှစ်အဖြစ် ရရှိလိုမှုဆန္ဒတို့နှင့် ပေါင်းစပ်ပါက ကမ္ဘာ့အမွေအနှစ်ဖြစ်ရန် ထိုက်တန်မှုရှိကြောင်း ပြသသကဲ့သို့ပင်ဖြစ်ပါသည် ။ အမွေအနှစ်အပေါ် တန်ဖိုးထားခြင်း ၊ တန်ဖိုးသိခြင်းသည် မိမိတို့ဒေသ အပါအဝင် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာ မြှင့်တင်ခြင်းတစ်မျိုးဖြစ်ပေမည် ။

ငြိမ်းချမ်းရေးနှင့်အမွေအနှစ်

လတ်တလော ပဋိပက္ခဖြစ်စဉ်ကြောင့် ကမ္ဘာ့အမွေအနှစ်ဖြစ်ရေး လုပ်ငန်းစဉ်အပေါ် သက်ရောက်မှု ရှိသည့်အပြင် ရှေးဟောင်းအမွေအနှစ်များ ထိခိုက်နိုင်မှုကို စိုးရိမ်ကြသည်မှာ ဒေသခံများမကပဲ တိုင်းရင်းသားညီအကိုမောင်နှမ အားလုံးပင်ဖြစ်ပါသည် ။ ယခင် ယဉ်ကျေးမှု အမွေအနှစ်များ နှင့် သဘာဝကပေးသည့် သဘာဝအမွေအနှစ် များကြားတွင် ငြိမ်းချမ်းပျော်မွေ့ ဖွယ် ရှင်သန်လာခဲ့ကြပြီး အမွေအနှစ်ကို ချစ်ခင်မြတ်နိုးလာရောက်လည်ပတ်သူများဖြင့် စည်ကား သိုက်ဝန်းခဲ့သည့် ကာလ ပြန်လည်ရရှိနိုင်ရေးမှာ အားလုံးဝိုင်းဝန်း ကြိုးပမ်း ပေးရန် လိုအပ်နေပါ သည်။

ကမ္ဘာ့အမွေအနှ စ်ဖြစ်စေရေး လုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်သည်လည်း အရေးပါ သည့် ကဏ္ဏတစ်ရပ်ဖြစ်ပြီး မိမိတို့ ပြည်သူ ၊ အစိုးရ ၊ အားလုံးသော မြန်မာနိုင်ငံသားများသည် ဒေသရှိ အမွေအနှစ်များကို မည်မျှထိ အလေးအနက်ထားကြကြောင်း ၊ ဂရုစိုက်မှုရှိကြောင်းကို သက်သေခိုင်လုံစွာ ပြသနိုင်မှသာ ကမ္ဘာ့အမွေအနှစ်အဖြစ် လက်ခံသတ်မှတ် ပေးနိုင်မည့် အခြေအနေ ဖြစ်ပါသည် ။ အမွေအနှစ်ဒေသအတွင်း ပဋိပက္ခဖြစ်စဉ်သည် အမွေအနှစ်အတွက် ကောင်းမွန် ဖြောင့်ဖြူးစေမည့် ဖြစ်စဉ် မဟုတ်ကြောင်း နိုင်ငံသားတိုင်း နားလည်ကြပါသည် ။ ထို့အတူ UNESCO သည်လည်း ဤအချက်ကို သေချာပေါက် ဂရုတစိုက် စောင့်ကြည့်နေမည် မလွဲပါ ။ အထူးပြောချင်သည်မှာ သိမ်မွေ့နုညံ့သည့် အမွေအနှစ် အတွက် တိုင်းရင်းသား အားလုံး သည် ညီရင်းအကိုဖြစ်ရန်လို သကဲ့သို့ အမွေအနှစ် အတွက်သာမက နိုင်ငံအတွက်ပါ မည်မျှ စည်းလုံးကြောင်း ပြသရန်လိုအပ် ပါသည် ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဆက်စပ်ဌာနများ ၊ ဒေသခံများ ၊ ပြည်တွင်း/ ပြည်ပ ပညာရှင် များ ပူးပေါင်း၍ ၂၀၁၆ ခုနှစ်မှ စ၍ မနားမနေကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ယခု အဆိုပြုစာတွဲ (မူကြမ်း) Nomination Dossier(Draft) ပြုစုတင်ပြနိုင်တော့မည့် အခြေအနေ ရောက်ရှိနေပြီ ဖြစ်ပါသည်။ (၄)နှစ်တာ ကာလ ရောက်ရှိခဲ့ပြီးဖြစ်သကဲ့သို့ ကမ္ဘာ့အမွေအနှစ် အတွက် တစ်ဝက် မကသော ခရီးကို ရောက်ရှိခဲ့ပြီးဖြစ်သည်ဟု ဆိုရမည်ဖြစ် သည်။

မည်သို့ပင်ဆိုစေ ကမ္ဘာ့အမွေအနှစ်ဖြစ်ရန် အရည်အသွေး ပြည့်စုံမှုရှိသည့်အတွက် မိမိတို့ အနေဖြင့်  သတ်မှတ်အချိန်များအတိုင်း UNESCO သို့ တင်ပြကြမည်ဖြစ်ပါသည်။ နေ့စဉ် ရွှေဥ ဥပေးမည့် ဆက်လက်ရှင်သန်နေသော သက်မဲ့အမွေအနှစ်ဒေသတစ်ခုကို ငြိမ်းချမ်းသော ဖြစ်စဉ် များဖြင့် အကောင်အထည်ဖော် ဖန်တီးကြရမည် ဖြစ်သည်။

ရှေးဘိုးဘေးအစဉ် အဆက်မှ မြတ်နိုးစွာစောင့်ရှောက် ထိန်းသိမ်းလာခဲ့သော ယဉ်ကျေးမှု အမွေအနှစ်များကို အသက်တမျှ မြတ်နိုးတန်ဖိုးထား၍ လက်ဆင့်ကမ်းကာကွယ် စောင့်ရှောက် ခဲ့ကြခြင်းကြောင့် ယဉ်ကျေးမှုအမွေအနှစ်တို့သည် ဤကာလအထိ ထင်ရှားစွာ ကျန်ရှိနေခြင်း ဖြစ်ကြောင်း မိမိတို့အား လုံးသိရှိကြပါသည် ။ ထိုသို့သော အဆက်ဆက် ဘိုး ဘေးများ တာဝန်ကျေပွန် ခဲ့ကြသည့်အတွက်သာ မိမိတို့ အနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို မျက်မြင်တွေ့နေရခြင်းဖြစ်သည် ဟု ဆိုရပါမည် ။ နောင် ကာလများစွာ အထိ တည်တံ့ရေးသည် မိမိတို့သာမက နောင် မျိုးဆက်တို့အတွက် ဆက်လက်ထမ်းဆောင် ရမည့် နိုင်ငံသားတိုင်း၏ မွေးရာပါ တာဝန် ဖြစ်သည်။ ငွေကြေးပြည့်စုံ ခြင်းကြောင့် ခေတ်မီ ဆန်းပြားသော လူမှု ပတ်ဝန်းကျင်မျိုးစုံကို အလွယ်တကူဖန်တီးတည်ဆောက်၍ ရနိုင်သော်လည်း နှစ်ပရိစ္ဆေဒကြာမြင့်၍ သမိုင်းအထောက်အထားခိုင်မာသည့် ယဉ်ကျေးမှုအမွေအနှစ်များကိုကား ဖန်တီးယူ၍ ရနိုင်ကောင်း သည့် အရာမဟုတ်ပါကြောင်း ငြိမ်းချမ်း၍ သာယာတင့်တယ်မည့် မြောက်ဦးကမ္ဘာ့အမွေအနှစ် ဒေသ အဖြစ် မြင်တွေ့လိုပါကြောင်းနှင့် ဌာန ဆရာတစ်ဦးက ၎င်းစာမျက်နှာပေါ်တွင် ရေးသား ထားသည့် Mrauk-U is the place for flowers, not a space for fire ဟူသောစကား အားကြိုက် နှစ်သက်၍ ကူးယူဖော်ပြနိဂုံးချုပ်အပ်ပါသည် ။

ကိုးကား

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ဘာ့အမွေအနှစ်ရရှိရေး ဆောင်ရွက်မှု အစီရင်ခံစာများ