သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်ရှီး (Shaanxi) ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား သဗ္ဗညုဘုရား ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စန်ရှီး (Shaanxi) ပြည်နယ်မှ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး FANG GUANG HUA နှင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံရှိ တရုတ်သံရုံးမှ ပုဂ္ဂိုလ်များ၊ ဘုရားပြုပြင် ရာတွင် တာဝန်ရှိသည့် တရုတ်နိုင်ငံ အင်ဂျင်နီယာများမှ သဗ္ဗညုဘုရားပြုပြင် ထိန်းသိမ်းသည့် ပညာရှင်အဖွဲ့တို့သည် (၅.၁၁.၂၀၁၉)ရက်နေ့ (၁၄:၀၀)နာရီ အချိန်တွင် ပုဂံ ရှေးဟောင်းသုတေသန ပြတိုက် အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ထိုသို့တွေ့ဆုံရာတွင် သဗ္ဗညုဘုရားပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ တရုတ်ပညာရှင်များအတွက် လိုအပ်ချက်များ ညှိနှိုင်း ဆောင်ရွက်ပေးရန်နှင့် မြန်မာ-တရုတ် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရန် ကိစ္စရပ်များကိုအပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ထို့နောက် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်အတွင်းလှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်းသတင်းရရှိပါသည်။