ရှေးဟောင်းဗုဒ္ဓဆင်းတုတော်(၂)ဆူ ပေါ်ထွက်လာမှုကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၃)နယ်မြေ၊ အောင်ဇေယျရပ်ကွက်အတွင်း မြေပြို ရာမှ  ဂူပေါက်တွေ့ ရှိရာရပြီး ၎င်းဂူပေါက်အတွင်းမှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်(၂)ဆူ တွေ့ရှိ ရကြောင်း (၇-၁၁-၂၀၁၉) ရက်နေ့ညနေပိုင်းတွင် သတင်းရရှိသဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ- လုံခြုံဌာနစု)၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ(နယ်မြေလုံခြုံရေး) ပါဝင်သောအဖွဲ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါနေရာသို့ ကွင်းဆင်းစစ်ဆေးရာတွင် အောင်ဇေယျရပ်ကွက်မြေသားလမ်းမှ (၁၅)ပေ အမြင့်ရှိ ကမ်းပါး စောင်းကို မြေညှိသန့်ရှင်းရေးဆောင်ရွက်စဉ် မြေပြိုကျမှု ဖြစ်ပြီး မြေသားဥမင်ကို တွေ့ရှိရကြောင်း၊ ဥမင်အတွင်းရှိ အုတ်တိုက်ငယ်မှာ အမြင့်(၄)ပေခန့်၊ မျက်နှာစာအကျယ် (၅)ပေ ခန့်နှင့် အတွင်းပိုင်း အခန်းအကျယ်မှာ ပတ်လည်(၆)ပေခန့်ရှိကြောင်း၊  မျက်မြင်အနေအထား အရ အုတ်နံရံရှိ အုတ်လွှား အရေ အတွက်မှာ (၂၉)လွှားခန့် အုတ်စီထားသည်ကို တွေ့ရှိရကြောင်း၊ ၎င်းအဆောက်အဦသည် မြေပြင်မှ အောက်အနက်(၁၃)ပေခန့်တွင် တွေ့ရှိရပြီး အမြင့်(၆)ပေခန့် ရှိ၍ အုတ်ချပ်အရွယ်အစား ( အလျား ၁၄ လက်မ၊ အနံ ၇ လက်မ၊ အမြင့်/ထု ၂ လက်မ)အရွယ် အုတ်ချပ် တို့ဖြင့် စီထားသည်ကို တွေ့ရှိရကြောင်း၊ ယင်းအုတ်အဆောက်အဦငယ်အတွင်း မတ်ရပ်သစ်သား ဆင်းတုတော်(၂)ဆူထားရာအခန်း မုခ်ကပ်ငယ် (၂)ခုပါရှိသော အုတ်နံရံအခန်း ဖွဲ့စည်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ဥမင်၏ အရှည်မှာ အရှေ့အနောက် ဝင်ရောက်နိုင်သည့်နေရာအထိ (၂၀)ပေခန့် နှင့် တောင်မြောက်အရှည်မှာ ဝင်ရောက်၍ ရနိုင်သည့် နေရာထိ (၃၀) ပေခန့် ရှိပါကြောင်း၊  ဥမင် အတွင်းရှိ အုတ်တိုက်ငယ်အတွင်းမှ သစ်သားဆင်းတုတော် (၂)ဆူကို နံရံမှီလျက် မတ်ရပ်အနေ အထား ဖြင့် တွေ့ရှိရပြီး ပထမဆင်းတုတော်မှာ မတ်ရပ်ဆင်းတုတော်ဖြစ်ကြောင်း၊ သစ်သား (ကျွန်း)ဖြင့် ထုလုပ်ထားပြီး မုဒြာဟန်မှာ မဟာကုရုဏိက မုဒြာဟန်ဖြစ်ပြီး ဉာဏ်တော်အမြင့် ၃၈ လက်မ ခန့်၊ အောက်ခံကြာပလ္လင်အမြင့်  ၅ လက်မခန့်(ဗျက် ၉ လက်မခန့်)၊ စုစုပေါင်းအမြင့် ၄၃ လက်မခန့်၊ ပခုံးတော်အကျယ် ၁၀ လက်မခန့်၊ သင်္ကန်းအကျယ် ၁၂ လက်မခန့်(အကျယ်ဆုံးနေရာ) ရှိကြောင်း၊ ဒုတိယဆင်းတုတော်မှာ မတ်ရပ်ဆင်းတုတော်ဖြစ်၍ မကိုဋ်ဆောင်း၊ လက်ဆွဲဒွါရ ပါရှိသည့် အဆင်တန်ဆာပါ မဟာကုရုဏိက မုဒြာဟန်ဖြစ်ကြောင်း၊ သစ် (ကျွန်း)ဖြင့် ထုလုပ်ထားပြီး မကိုဋ်တော်၊ မျက်နှာတော်၊ လက်တော်များနှင့် သင်္ကန်းတော် အပိုင်းအစများ ပျက်စီး ယိုယွင်းလျက် ရှိပြီး ဒူးခေါင်းတော် အောက်ပိုင်းမှာ မပါရှိတော့ဘဲ ပျက်စီးလျက်ရှိပါကြောင်း၊ ဆင်းတုတော် အတိုင်း အတာမှာ    ဉာဏ်တော်အမြင့် ၄၈ လက်မခန့်၊    ပခုံးတော်အကျယ် ၁၂ လက်မခန့်၊   တင်ပဆုံတော် အကျယ် ၁၂ လက်မခန့်(သင်္ကန်းအပါအဝင်) ရှိကြောင်း၊ ဆင်းတု တော် (၂)ဆူ လုံးမှာ ဆွေးမြေ့ပျက်စီးနေသည်ကို တွေ့ရှိရပါသည်။

           ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအရ ဆင်းတုတော်များနှင့်လိုဏ်များ တွေ့ရှိရာနေရာသည် ငှက်ပစ်တောင်ပတ်ဝန်းကျင်၊ မြှားသဂူ၊ သမီးဝှက်ဂူ၊ ဒေါ်ငှက်ဂူတို့နှင့် ဆက်စပ်လျက်ရှိပြီး ပုဂံခေတ်ရှေးဟောင်းဥမင်ကြီးတစ်ခုဖြစ်နိုင်ပါသည်။ ဥမင်အတွင်းမှ တွေ့ရှိရသော သစ်(ကျွန်း) သား ဆင်းတု‌တော်(၂)ဆူမှာလည်း ပုဂံခေတ်(၁၃)ရာစုနှောင်းပိုင်းလက်ရာ ဆင်းတုတော်များဖြစ်မည်ဟု ယူဆရပါသည်။ ၎င်းအပြင်‌ကြားခံဒေသ ယခင် ကာကွယ်ထိန်းသိမ်းထားသောဇုန်(PZ) အတွင်း တည်ရှိပြီး လူနေရပ်ကွက်အတွင်း ဖြစ်သော်လည်း တရားဝင် ဂရမ်မြေအဖြစ် သတ်မှတ်ထားခြင်း မရှိဘဲ ခွင့်ပြုချက်မရသော ရပ်ကွက် ကျူးကျော်မြေဖြစ်နိုင်ကြောင်း၊ မူလသဘာဝမြေသား ကမ်းပါး စောင်းများကို ဖြိုချချဲ့ထွင် နေထိုင်ခြင်း မျိုးဖြစ်၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းပြီး မြေကျွံမှုများ မဖြစ်စေရေးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကမ်းပါးစောင်းများ၌ တည်ဆောက် နေထိုင်လျက်ရှိသော လူနေအိမ်များကိုလည်း သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းပြီး အန္တရာယ် မရှိစေရေး စနစ်တကျ ဆောင်ရွက်သင့်ပါကြောင်း၊  လက်ရှိနေရာသို့ ဒေသခံပြည်သူများ လာရောက် ကြည့်ရှုခြင်းကြောင့် မြေသားပြိုကျမှုများ ထပ်မံဖြစ်ပေါ်လာနိုင်သဖြင့် ထိရောက်သော ဟန့်တား ဆောင်ရွက်မှုမျိုးကို အမြန်ဆုံးဆောင်ရွက်သင့်ပါကြောင်း၊ တွေ့ရှိရသည့် ဂူပေါက်သည် ကမ်းပါး စောင်းတွင် ကျရောက်နေသဖြင့် မိုးရွာပါက မိုးရေများ စီးဝင်ပျက်စီးသွားနိုင်သောကြောင့် အချိန်မီ ထိန်းသိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန