နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဆောက်အဦ ပြင်ဆင်မွမ်းမံ ဆောင်ရွက်ပြီးစီးမှုနှင့် စာပေဗိမာန်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၇

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ရန်ကုန်မြို့ ပန်းဘဲတန်း မြို့နယ် ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သို့ ရောက်ရှိကြပြီး စာကြည့်တိုက်အဆောက်အဦ ပြင်ဆင်မွမ်းမံ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်သမ္မတအား ရှင်းလင်းဆောင်၌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမျိုးသား စာကြည့်တိုက် (ရန်ကုန်) အဆောက်အဦ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဘဏ္ဍာငွေရရှိမှု၊ အဆောက်အဦ မွမ်းမံပြင်ဆင်ခြင်းအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများ၊ Digital Library and Library Automation နှင့် ဆက်စပ်လုပ်ငန်းများအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား နိုင်ငံသူနိုင်ငံသား လူတန်းစား အလွှာအသီးသီး အသုံးချနိုင်ရေးအတွက် ဦးတည်၍ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် စာကြည့်တိုက်ကို အများပြည်သူ အလွယ်တကူ သွားလာနိုင်သော ရန်ကုန်မြို့လယ်နေရာကို ရွေးချယ်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ အများပြည်သူ အကြားအမြင်၊ ဗဟုသုတ၊ အတွေးအခေါ်များ မြင့်မားလာစေခြင်းဖြင့် နိုင်ငံတော်အတွက်လည်း အကျိုးရှိလာမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းမီအောင် ဆောင်ရွက်ရန်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကို စနစ်တကျ ကြီးကြပ်ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ ငွေကြေးကုန်ကျသလောက် အကျိုးဖြစ်ထွန်းစေလိုပါကြောင်း၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်သည့်နေရာနှင့် စာကြည့်တိုက်အား အသုံးချနိုင်သည့် အခြေအနေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ပညာရှင်အသီးသီးက ရှုထောင့်အသီးသီးမှ လာရောက်လေ့လာ မှတ်သားအသုံးချခြင်းဖြင့် နိုင်ငံတော်အတွက် အကျိုး ရှိစေမည် ဖြစ်ပါကြောင်း၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို စာကြည့်တိုက် အင်္ဂါရပ်နှင့် လျော်ညီအောင် ဆောင်ရွက်ထားသည့်အပြင် ခေတ်မီအောင် တည်ဆောက်ထားသည်ကိုလည်း တွေ့ရပါကြောင်း၊ သတ်မှတ်သည့် ကာလအတွင်း အချိန်မီပြီးစီးအောင် အထူးဂရုပြု ဆောင်ရွက်စေလိုပါကြောင်း၊ တာဝန်ရှိသူများအားလုံးက တိုင်းပြည်အပေါ် စေတနာထားပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း မှာကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာချုပ် ဦးမျိုးမြင့်က အမျိုးသားစာကြည့်တိုက် (ရန်ကုန်) မွမ်းမံပြင်ဆင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံစာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဒေါ်ဝင်း၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်မိုးမိုးလွင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ဒေါ်နီလာကျော် တို့က စာကြည့်တိုက်အတွက် လိုအပ်ချက်များ၊ ရှေးဟောင်းအဆောက်အအုံ များအား ရှေးမူမပျက် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အဆောက်အဦအတွင်း ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ထားမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် စာကြည့်တိုက်သုံး ပရိဘောဂများ၊ စက်ပစ္စည်းများအား သတ်မှတ်နေရာများတွင် ထည့်သွင်းတပ်ဆင်ခြင်း၊ နေရာချထားခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး ဖြစ်ကာ E- Library နှင့် ဆက်စပ်လုပ်ငန်းများအား System တစ်ခုလုံး လည်ပတ်နိုင်ရေးအတွက် Library Management System ပိုင်းအား အသေးစိတ် စမ်းသပ်စစ်ဆေးခြင်း၊ Data Entry သွင်းခြင်း၊ E-Book (PDF) များကို System တွင် ချိတ်ဆက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ရှားပါးစာအုပ် စာနယ်ဇင်း (၄၂၃၈၃) အုပ်/စောင်၊ စာအုပ်စာနယ်ဇင်း (၃၈၀၈၃) အုပ်/စောင်၊ ပေ (၂၄၆၇) ထုတ်တို့ကို ရွှေ့ပြောင်းထားရှိပြီး ကျန်ရှိသော စာပေပစ္စည်းများ ဆက်လက်ပြောင်းရွှေ့ လျက်ရှိကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းရှိ စာပေဗိမာန်သို့ ရောက်ရှိကြရာ စာပေဗိမာန် ခန်းမ၌ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က စာပေဗိမာန်၏ နောက်ခံသမိုင်း၊ ရည်ရွယ်ချက်၊ ဆောင်ပုဒ်၊ အုပ်ချုပ်မှုကောင်စီအဖွဲ့ ဖွဲ့စည်းခဲ့ခြင်း၊ စာအုပ်စာစောင်များ ထုတ်ဝေမှုအခြေအနေ၊ စာပေဗိမာန်က ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ စာပေဆုများ ချီးမြှင့်ခြင်း၊ စာအုပ်ဈေးပွဲတော်များ ကျင်းပခြင်း၊ စာပေဗိမာန်စာအုပ်အသင်း ဖွဲ့စည်းခြင်း၊ မြန်မာ့စွယ်စုံကျမ်း တွဲသစ်များထုတ်ဝေခြင်း၊ မြန်မာဂန္ထဝင်အတွဲ (၁၀၀) စာစဉ် ထုတ်ဝေခြင်း၊ စာတမ်းဖတ်ပွဲများ ကျင်းပခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ စာပေဗိမာန်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမြော်အမြင်ကြီးမားမှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် စာပေမြင့်မှ လူမျိုးတင့်မည် ဖြစ်ပါကြောင်း၊ ထို့အတူ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပါကြောင်း၊ စာပေဗိမာန်၏ ဆောင်ပုဒ်ဖြစ်သည့် အမှောင်ခွင်း၍ အလင်းဆောင်အံ့ ဆိုသည့်အတိုင်း လက်တွေ့အကောင်အထည် ဖော်စေလိုပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများကို စာများများ ဖတ်စေလိုပါကြောင်း၊ ပြည်သူများ စာများများဖတ်မှ အတွေးအခေါ် အမြော်အမြင် အသိဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အတွက်လည်း များစွာအထောက်အပံ့ ဖြစ်လာမည်ဖြစ်ပါကြောင်း။

မြန်မာ့စွယ်စုံကျမ်းပါ အကြောင်းအရာ အချက်အလက်များသည် ယခုတိုင် အထောက်အထားပြု ကိုးကားနေရဆဲ ဖြစ်ပါကြောင်း၊ ယင်းကျမ်းကို ခေတ်နှင့် လျော်ညီအောင် ပြင်ဆင်ဖြည့်စွက် ထုတ်ဝေမည်ဆိုသည်ကို ကြိုဆိုပါကြောင်း၊ ကျမ်းပြုစုသူများနှင့် သုတေသန ပညာရှင်များအတွက် စာပေဗိမာန်တွင် အထောက်အထားများရှိသည်ကို ပြည်သူလူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေလိုပါကြောင်း၊ စာပေဗိမာန် အသင်းဝင် အရေအတွက်ကို ယခုထက် ပိုမိုတိုးတက် စေလိုပါကြောင်း မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ် လက်ဆောင်နှင့် စာအုပ်လက်ဆောင်များကို ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် စာပေဗိမာန်ခန်းမအတွင်း ခင်းကျင်းပြသထားသည့် စာပေဗိမာန်၏ သမိုင်းကြောင်းနှင့် စာပေပညာရှင်ကြီးများ၏ ဓာတ်ပုံများ၊ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်၊ e-Library နှင့် စာပေဗိမာန် စာအုပ်အရောင်း ဆိုင်တို့ကို လှည့်လည်ကြည့်ရှုသည်။

စာပေဗိမာန်သည် ရွှေသွေးဂျာနယ် (အပတ်စဉ်)၊ သုတပဒေသာစာစောင် (လစဉ်)၊ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (နှစ်စဉ်) ထုတ်ဝေခြင်းနှင့် စာပေဗိမာန်ဆုရစာမူများကို ပြည်သူ့လက်စွဲစာအုပ်အဖြစ် ထုတ်ဝေခြင်း၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာကြည့်တိုက်၊ e-library များဖွင့်လှစ်ခြင်း၊ မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကို အသစ်ပြန်လည် ဖြည့်စွက်တည်းဖြတ် ထုတ်ဝေရန် ဆောင်ရွက်ခြင်း၊ မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်များ ထုတ်ဝေခြင်း၊ စာပေပညာရှင်များ၊ စာပေဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စာပေဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ခြင်း၊ စာပေဗိမာန် စာအုပ်အသင်းထားရှိခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

စာပေဗိမာန်ပြည်သူ့စာကြည့်တိုက် (ရန်ကုန်) ရှိ ပင်မစာဖတ်ခန်းတွင် စာဖတ်သူများ စာပေအသိဉာဏ် ရင့်သန်စေရန်အတွက် မြန်မာစာအုပ် ၅၅၀၈၁ အုပ်နှင့် အင်္ဂလိပ်စာအုပ် ၁၂၃၁၇ အုပ် စုစုပေါင်း ၆၇၀၀၀ ကျော်ထားရှိပြီး စာဖတ်သူများအား ဝန်ဆောင်မှု ပေးလျက်ရှိသည့်အပြင် ရည်ညွှန်းစာဖတ်ခန်းတွင် ကျမ်းပြုပညာရှင်များ၊ သုတေသန ကျမ်းပြုသူများ၊ စာပေပညာရှင်များအတွက် အကိုးအကား၊ အထောက်အကူ ပြုနိုင်ရန် ရည်ညွှန်းမြန်မာစာအုပ် ၆၂၂၈ အုပ်၊ အင်္ဂလိပ်စာအုပ် ၅၄၇၆ အုပ် စုစုပေါင်း ၁၁၀၀၀ ကျော်ထားရှိပြီး မှီငြမ်းကိုးကားသူများအား ဝန်ဆောင်မှုပေးလျက်ရှိကာ e – Library ခန်းတွင် e – Book စာအုပ်အဖြစ် မြန်မာစာအုပ် ၂၅၉၁၈ အုပ်နှင့် အင်္ဂလိပ်စာအုပ် ၈၉၈ အုပ်စုစုပေါင်း ၂၆၀၀၀ ကျော်ရှိပြီး တပ်ဆင်ပေးထားသော ကွန်ပျူတာနက်ဝပ် နည်းပညာ အသုံးပြု၍ စာဖတ်သူများ e – Catalogue ဖြင့် စာအုပ်ရှာဖွေခြင်း၊ စာအုပ်ဖတ်ရှုခြင်းများ ပြုနိုင်ရန်အတွက် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။