ပြတိုက်များရှိ ပန်းချီများနှင့် အဝတ်အထည်ဖြင့် ပြုလုပ်ထားသော အနုလက်ရာပစ္စည်းများအား ထိန်းသိမ်းခြင်းနှင့် ထားသိုခြင်းဆိုင်ရာ စီမံခန့်ခွဲမှုဆွေးနွေးပွဲ ကျင်းပ

နေပြည်​တော် ဒီဇင်ဘာ ၃

အာဆီယံနိုင်ငံများရှိ ပြတိုက်များတွင် ထိန်းသိမ်းထားရှိသည့် ပန်းချီ များနှင့် အဝတ်အထည်ဖြင့် ပြုလုပ်ထားသော အနုလက်ရာ ပစ္စည်း များအား ထိန်းသိမ်းခြင်းနှင့် ထားသိုခြင်းဆိုင်ရာ စီမံခန့်ခွဲမှု ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပ သည်။

ဆွေးနွေးပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက အဖွင့်အမှာစကား ပြောကြားရာတွင် ပြတိုက် များ၏ အခန်းကဏ္ဍသည် နိုင်ငံများအတွက် ယဉ်ကျေးမှု အချက်အချာ ဗဟိုဌာန တစ်ခုအဖြစ် ပိုမိုအရေးပါလျက် ရှိပါကြောင်း၊ ပြတိုက်များတွင် ထိန်းသိမ်းထားရှိသည့် ပန်းချီများနှင့် အဝတ်အထည်ဖြင့် ပြုလုပ်ထား သော အနုလက်ရာပစ္စည်းများသည် ထိခိုက်ပျက်စီးလွယ်သော ဝတ္ထု ပစ္စည်းများဖြစ်ပြီး အထူးနည်းလမ်းများဖြင့် ဂရုစိုက်ထိန်းသိမ်းရန် လိုအပ် ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ် ကြွယ်ဝမှုများကို ပြတိုက်များမှတစ်ဆင့် သိရှိနိုင်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ အာဆီယံ နိုင်ငံများ၏ ပြတိုက်များရှိ ပန်းချီများနှင့် အဝတ်အထည်ဖြင့် ပြုလုပ်ထား သော အနုလက်ရာပစ္စည်းများအား ထိန်းသိမ်းခြင်းနှင့် ထားသိုခြင်း ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ကြုံတွေ့လာနိုင်သည့် ပြသနာများ၊ ရင်ဆိုင် ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် အကြံဉာဏ်များ မျှဝေ ရရှိနိုင် မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပြတိုက်ဆိုင်ရာ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များသည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ နိုင်ငံအလိုက် ပန်းချီများနှင့် အဝတ်အထည်ဖြင့် ပြုလုပ်ထားသော အနုလက်ရာ ပစ္စည်းများ ထိန်းသိမ်းရာတွင် ကြုံတွေ့ရသော အခက်အခဲ များကို အကျဉ်းချုပ် တင်ပြကြပြီး တင်ပြချက်များအပေါ် ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။

မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ၏ စီမံကိန်း တစ်ခု ဖြစ်သည့် အဆိုပါ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၄ ရက်ထိ ကျင်းပသွား မည်ဖြစ်ပြီး ပန်းချီများ နှင့် အဝတ်အထည်ဖြင့် ပြုလုပ်ထားသော အနုလက်ရာ ပစ္စည်းများနှင့် ပတ်သက်၍ ထိန်းသိမ်းရေးနည်းစနစ်များနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်း၊ စာတမ်းများ ဖတ်ကြားခြင်း တို့ကို ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)