သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူးကျင်းပသော “သမိုင်းကို အသိသစ် အမြင်သစ်ဖြင့် ကြည့်ခြင်း”သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်မိန့်ခွန်းပြောကြား

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူးကျင်းပသော “သမိုင်းကို အသိသစ် အမြင်သစ်ဖြင့် ကြည့်ခြင်း”သုတေသန စာတမ်းဖတ်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၀၈:၀၀) နာရီက နေပြည်တော်၊ အမျိုးသား စာကြည့်တိုက်ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာသမိုင်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများ၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စာတမ်းရှင်များ၊ အခြား ဖိတ်ကြားထားသော ဧည့်သည်များ၊ ပြင်ပပညာရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက “သမိုင်းကို အသိသစ် အမြင်သစ်ဖြင့်ကြည့်ခြင်း” သုတေသနစာတမ်းဖတ်ပွဲကျင်းပခြင်းဖြင့် သမိုင်းကို ဖတ်ကြားတင်သွင်း သူများက သူတို့ရဲ့အမြင်၊ သူတို့ရဲ့ရှုထောင့်ကနေပြီးတော့ အသိသစ် အမြင်သစ်များနဲ့ ဆွေးနွေး သွားကြမှာဖြစ်ပါကြောင်း၊ သမိုင်းနဲ့ပတ်သက်ပြီး မြန်မာသမိုင်းအဖွဲ့က သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနရဲ့ အားဖြည့်မှုနဲ့ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်း ပေါ်ထွန်းမလာမီစပ်ကြားမှာ ဆိုင်ရာအရေးပါလှတဲ့ သမိုင်းကျမ်းကြီးများ ပြုစုရေးသားပြီး ဖြစ်တာကို ထွက်ရှိတဲ့စာအုပ်စာရင်းကို ကြည့်ခြင်းအားဖြင့်သိနိုင်ပါကြောင်း၊ သမိုင်းဖြစ်ပေါ်မှုကို လေ့လာကြည့်မယ်ဆိုရင် “သမိုင်း” ဆိုတဲ့ဝေါဟာရ မဖြစ်တည်မီက “ရာဇဝင်” ဆိုတဲ့ဝေါဟာရ ဟာ ပဒေသရာဇ်ခေတ်မြန်မာနိုင်ငံမှာ အသုံးအတွင်ကျယ်ဆုံးသောဝေါဟာရဖြစ်တာကို တွေ့ရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

သမိုင်းနဲ့ပတ်သက်ပြီး အလွှာပေါင်းစုံက ရေးနေကြတာကို တွေ့နေရပါကြောင်း။ အားရစရာဖြစ်ကြောင်းနှင့် သမိုင်းဆိုတာ လူတစ်ဦး၊ မိသားစုတစ်စု၊ လူ့အဖွဲ့အစည်းတစ်ခု၊ လူမျိုးစုတစ်စု၊ ပထဝီအဝန်းအဝိုင်းတစ်ခုတည်းရှိ လူသားထုတစ်ရပ်လုံးနှင့်ဆိုင်သော ဖြစ်စဉ် မှတ်တမ်းများကို ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ကောင်း၊ ဆိုး၊ မှား၊ မှန် ဝေဖန်ထောက်ရှု လျက် လူမှုဘဝ ဆက်လက်ရှင်သန်တိုးတက်အောင် ရည်ရွယ်ချက်ဖြင့် ယထာဘူတကျကျ ရေးသားရတဲ့ အကြောင်းအရာ အတ္ထုပ္ပတ္တိများကို ဆိုလိုကြောင်း။ ၄င်းကို ပုံဖော်ဖို့ရာအတွက် ကွင်းဆင်းသုတေသန၊ စာကြည့်တိုက်သုတေသန တို့နဲ့ပေါင်းစပ်ပြီး ခိုင်မာပြည့်စုံတဲ့ အချက် အလက်အထောက်အထားတွေ လိုအပ်ပါကြောင်း။ ရရှိလာတဲ့ အချက်အလက်အထောက်အထား တွေကို အကြောင်းအရာအလိုက် တူရာ တူရာတွေကို စုစည်းစိစစ်ပြီး အသိသစ်၊ အမြင်သစ် တွေနဲ့ သုံးသပ်ရေးသားတဲ့အခါမှာ လူမှုဘဝအတွက် တန်ဖိုးရှိလှတဲ့ ကျမ်းတစ်စောင် ထွက်ပေါ် လာမှာဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။

စာတမ်းဖတ်ပွဲတွင် ဒေါက်တာကျော်ဝင်းက “ဗြိတိသျှတို့နှင့် အငြင်းပွားခဲ့ရသော မန္တလေး နန်းတွင်း ပစ္စည်းများ” စာတမ်း၊ ဒေါက်တာနိုင်နိုင်ကြည်က “ကင်းဝန်မင်းကြီး ဦးကောင်းနှင့် ရတနာပုံခေတ်နိုင်ငံရေး” စာတမ်း၊ ဒေါက်တာဝိုင်းဝိုင်းအောင်က “ကိုလိုနီခေတ် ချင်းတောင်တန်း ဒေသ အခြေအနေ(၁၈၈၆-၁၉၁၆)” စာတမ်း၊ ဦးကျော်စိုးက “ရေနံသက္ကရာဇ် စာချုပ်ထဲမှ သမိုင်း” စာတမ်း၊ ဒေါက်တာလဲ့လဲ့ဝင်း က “ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ လှိုင်းဘွဲ့ မြို့ဟောင်းမှ သမိုင်းအထောက်အထားများ” စာတမ်း၊ ဦးစံဝင်း က “မုတ္တမပင်လယ်ကွေ့ ဝန်းကျင်ဒေသရှိ ရှေးမြို့ဟောင်းများ၏ ရေကျုံးစနစ်ကို လေ့လာခြင်း” စာတမ်း အစရှိသဖြင့် နယ်ပယ်ပေါင်းစုံမှ အကြောင်းအရာများကို အသီးသီးဖတ်ကြားခဲ့ကြောင်းသတင်းရရှိပါသည်။