မြန်မာအကအခြေခံကဗျာလွတ်အက(ပထမအဆင့်)ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဖွင့်လှစ်ခဲ့သည့် မြန်မာအကအခြေခံ ကဗျာ လွတ်အက(ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်း အနားကို ၁၁.၁၂.၂၀၁၉ ရက်နေ့၊ နံနက် ၀၉၀၀ နာရီအချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)ရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် အခြေခံပညာကျောင်းများမှ သင်တန်းသား/သူ ဆရာ/မများ တက်ရောက် ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးကြည်မင်းက သင်တန်းဆင်းအမှာ စကားပြောကြားရာတွင် မြန်မာအကအခြေခံကဗျာလွတ်အက ဆင့်ပွားနည်းပြသင်တန်းများကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ပူးပေါင်းမှုဖြင့် ၂၀၁၄ ခုနှစ်၊ မေလမှ စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ သင်တန်းအမှတ်စဉ် ၂/၂၀၁၉ ကို ၉ ကြိမ်မြောက်အဖြစ် သင်တန်းဆင်း လက်မှတ်ပေးအပ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သင်တန်းဆင်းလက်မှတ်ထက် ပိုပြီးလေးနက်ခြင်းမှာ သင်တန်းဆင်းကြမည့် သင်တန်းသား/သူများ၏နှလုံးအိမ်တွင် တစ်သက်တာစွဲထင်သွားမည့် သင်တန်း၏ သင်ကြားပို့ချချက်များ၊ သင်တန်းတက်ဖော် တက်ဖက်များနှင့် ပျော်ရွှင်ကြည်နူးခဲ့ရမှုများ၊ သင်တန်းဆရာ/မများ၏ စေတနာထားရှိမှုများ၊ ကြိုးပမ်းအားထုတ်မှုများ၊ သင်တန်းကာလ တစ်လျှောက်လုံး သင်တန်းတွင် ကြုံတွေ့ခဲ့ရသည့် စိတ်ခံစားမှုဖြစ်စဉ်များပင် ဖြစ်ပါကြောင်း၊ ယခုသင်ကြားပေးခဲ့ သည့် သင်တန်းကာလအတွင်းတွင် ဆရာ/မတို့အနေဖြင့် သမိုင်းနှင့်ချီပြီး တည်ရှိခဲ့သည့် မြန်မာအက၏ အခြေခံသဘောကို ကောင်းစွာ နားလည်နိုင်ခဲ့ကြပြီဖြစ်ပါကြောင်း၊ ထို့အတူ စည်းစနစ်တကျ တည်ရှိနေသည့် မြန်မာအကအခြေခံ၏ တန်ဖိုးကိုလည်း သိရှိနိုင်ခဲ့ကြပြီဖြစ်ပါကြောင်း၊ ခေါင်း၊ ခါး၊ ခြေ၊ လက် မြန်မာအကအခြေခံကို မူတည်ပြီး တိုင်းရင်းသား ရိုးရာဓလေ့အကများ အပါအဝင် ကမ္ဘာပေါ်တွင်ရှိသည့် အကအမျိုးအစား အားလုံးကို ဆက်စပ်လေ့လာနိုင်ကြောင်းကိုလည်း ကိုယ်တွေ့သိရှိနိုင်ခဲ့ ကြပြီဖြစ်ပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း ကျန်းမာရေးဆိုင်ရာ ကိုယ်လက်လှုပ်ရှားမှုများအတွက် အထောက်အကူပြုပါကြောင်း၊ ယခုသင်တန်းမှာ သင်ကြားတတ်မြောက်ခဲ့ပြီးဖြစ်သည့် မြန်မာအက အခြေခံကဗျာလွတ်အက ဆင့်ပွားသင်တန်းများကို မိမိတို့ သက်ဆိုင်ရာဒေသနှင့် တာဝန်ကျရာ ကျောင်းများ၌ လေးလေးနက်နက် တန်ဖိုးထားပြီး ပြန်လည်ဆင့်ပွား ပို့ချပေးနိုင်ကြရန် တိုက်တွန်းမှာကြား လိုပါကြောင်း၊ ဆရာ/မတို့ ပတ်ဝန်းကျင်တွင်ရှိသည့် ကျောင်းသားအရွယ် လူငယ်များအကြား၌ မိမိတို့၏ ဓလေ့ထုံးစံနှင့် မအပ်စပ်သည့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းချင်းရာများ ထိုးဖောက် ဝင်ရောက်လျက်ရှိနေပါကြောင်း၊ ဆရာ/မတို့ တက်မြောက်ထားသည့် ရိုးရာယဉ်ကျေးမှု အခြေခံများကို ဆင့်ပွားဖြန့်ဝေ ထားခြင်းသည် အကောင်းဆုံး ကြိုတင်ခုခံ ကာကွယ်ထားနိုင်ခြင်းပင်ဖြစ်ပါကြောင်း၊ ယနေ့သင်တန်းဆင်းခဲ့သည့် ဆရာ/မတစ်ဦးချင်းစီက အနည်းဆုံးတပည့် ၁၀ ဦးကို ဆင့်ပွားသင်ကြား ပေးနိုင်မည်ဆိုပါက တပည့်အယောက် ၁၀၀၀ ကို ခိုင်မာစွာ ဖြန့်ဝေနိုင်မည် ဖြစ်ပါကြောင်း၊ ယခုလို သင်ကြား ဖြန့်ဝေရာမှာလည်း တပည့်အယောက် ၁၀၀၀ သည် ကိုယ်တိုင်သင်ကြား တတ်မြောက်ရုံ သာမက ဆရာ/မတို့ကဲ့သို့ ထပ်ဆင့် ဆင့်ပွားသင်ကြားနိုင်သည့် သူများဖြစ်အောင် ဝိုင်းဝန်း ကြိုးပမ်း အားထုတ်ကြမည်ဆိုလျှင် မြန်မာအကအခြေခံ ကဗျာလွတ်အကသည် နိုင်ငံတစ်ဝန်း အချိန်တိုအတွင်း များစွာကျယ်ပြန့် သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင်သင်တန်းက သင်ကြားပို့ချပေးလိုက်သည့် အခြေခံ စနစ်များကို မူတည်ပြီး မိမိတို့ဒေသအသီးသီးမှာ ရှိပြီးဖြစ်သည့် ရိုးရာဓလေ့ ထုံးစံအက များကိုလည်း ပိုမိုစနစ်ကျနအောင် ဆောင်ရွက်သွားနိုင်ကြမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကားပြော ကြားရာတွင် မြန်မာအကအခြေခံကဗျာလွတ်အက(ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း ဖွင့်လှစ် သင်ကြားပေးပါသော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို ကျေးဇူးတင်ရှိပါကြောင်း၊ စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားကြသော သင်တန်းသား/သူများနှင့် အားကျိုးမာန်တက် သင်ကြားပေးပါသော သင်တန်းနည်းပြဆရာ/မများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသမီးအဖွဲ့လိုက် ကဗျာလွတ်အကပြိုင်ပွဲတွင် ပထမဆုရရှိသော တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆု ရရှိသော ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ တတိယဆုရရှိသော ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် နှစ်သိမ့်ဆုများ ရရှိသော မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သာသနရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမျိုးသားတစ်ဦးချင်းကဗျာလွတ်အက ပြိုင်ပွဲတွင် ပထမဆုရရှိသော မွန်ပြည်နယ်မှ ဦးသန်းထွဋ်ဦး၊ ဒုတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီး (အနောက်)မှ ဦးရဲရင့်အောင်နှင့် တတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးမှ ဦးရဲနောင်၊ နှစ်သိမ့်ဆု များရရှိသော ပဲခူးတိုင်းဒေသကြီး(အနောက်)မှ ဦးစိုးပြည့်ဖြိုး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)မှ ဦးပြည့်စုံအောင် နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ဦးအာကာထက်လွင်ဦးတို့အား ဆုများအသီးသီး ချီးမြှင့် ပေးခဲ့ပြီး သင်ကြားပြသပေးသည့် နည်းပြ ဆရာ/မများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသား/သူများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။
အခြေခံကဗျာလွတ်အက အမျိုးသား(ပထမအဆင့်) ပြိုင်ပွဲတွင် ပထမဆု ရရှိသော မွန်ပြည်နယ်မှ ဦးသန်းထွဋ်ဦးနှင့် အခြေခံကဗျာလွတ်အက အမျိုးသမီး(ပထမအဆင့်)ပြိုင်ပွဲ တွင် ပထမဆုရရှိသော တနင်္သာရီတိုင်းဒေသကြီးတို့မှ ဆရာမများက ကဗျာလွတ်အကများဖြင့် ဖျော်ဖြေတင်ဆက်၍ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ သင်တန်းသား/သူများက တိုင်းရင်းသား စုပေါင်းယိမ်းအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။