အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဘိုးဖြစ်သူ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ကရင်တိုင်းရင်းသားဝတ်စုံအား အမျိုးသားပြတိုက်(နေပြည်တော်)သို့ လှူဒါန်း

????????????????????????????????????

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဘိုးဖြစ်သူ အာဇာနည် ခေါင်းဆောင်ကြီး (၉)ဦးအနက်မှ တစ်ဦးဖြစ်သူမန်းဘခိုင်၏ ဝတ်စုံကို အမျိုးသားပြတိုက် (နေပြည်တော်)သို့ လှူဒါန်းသည့် အခမ်းအနားကို အမျိုးသားပြတိုက်(နေပြည်တော်)၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ပြည်ထောင်စဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်း အတွင်း၀န်၊ အမျိုးသားလွှတ်တော်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယခုလှူဒါန်းသည့် ၀တ်စုံသည် အဘိုးဖြစ်သူ မန်းဘခိုင်၏ ကရင်တိုင်းရင်းသားရိုးရာဝတ်စုံဖြစ်ပါကြောင်း၊ အဘွားမှ တစ်ဆင့် မျိုးရိုးအစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါကြောင်း၊ အဘိုးဖြစ်သူ မန်းဘခိုင်သည် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးအနက်မှ တစ်ဦးဖြစ်သည့်အတွက် ဤဝတ်စုံသည် သမိုင်းကြောင်းအရလည်း တန်ဖိုးရှိပါကြောင်း၊ မိသားစုက ထိန်းသိမ်းခြင်းထက် အမျိုးသား ပြတိုက်(နေပြည်တော်)သို့ လှူဒါန်းပြီး အများပြည်သူကို ပြသခြင်းက ပိုမိုအကျိုးရှိမည်ဟု ယူဆ ပါကြောင်းစသဖြင့် ဝတ်စုံလှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ပေးအပ် လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံ ရယူပါသည်။

ဝတ်စုံလှူဒါန်းလက်ခံရရှိခြင်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ပြတိုက်များသည် ပြသပစ္စည်းများကို စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုတေသနပြုခြင်းနှင့် ပြန့်ပွားအောင် ဆောင်ရွက်ခြင်း ဆိုသည့် ပြတိုက်ဆိုင်ရာလုပ်ငန်းစဉ်များကို နေ့စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြသပစ္စည်းများကို စုဆောင်းရာတွင် နိုင်ငံတော်ပိုင်အဖြစ်ရရှိခြင်း၊ ဝယ်ယူရရှိခြင်း၊ လှူဒါန်း ရရှိခြင်း၊ ငှားရမ်းရရှိခြင်း၊ ခေတ္တရရှိခြင်း၊ အပ်နှံရရှိခြင်းစသည့် နည်းလမ်း(၆)မျိုးဖြင့်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်းသန်းက ၄င်းအဘိုး၏ ဝတ်စုံကို အမျိုးသားပြတိုက်(နေပြည်တော်)သို့ လှူဒါန်းခြင်းသည် ပြသပစ္စည်းစုဆောင်းရေးနည်းလမ်းနှင့် ကိုက်ညီပါကြောင်း၊ ယခုဝတ်စုံသည် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးအနက်မှ တစ်ဦးဖြစ်သူ မန်းဘခိုင်၏ ဝတ်စုံ ဖြစ်ကြောင်းသိရသဖြင့် သမိုင်းတန်ဖိုးကြီးမားသည့် ပစ္စည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကိုယ်စား အလှူရှင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီးတို့ကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြန်လည် ပြောကြားပါသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် အမျိုးသားပြတိုက် (၂)ခု အပါအဝင် ပြတိုက်ပေါင်း (၃၂)ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ဖွင့်လှစ် ပြသ လျက်ရှိပါသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဘိုးဘွားစဉ်ဆက် သိမ်းဆည်းထားသူများ၊ တိုင်းရင်းသားအသုံးအဆောင်ပစ္စည်းများကို လှူဒါန်းလိုသူများအနေဖြင့် ပေးအပ်လှူဒါန်း လာပါက ထိုက်တန်သည့်ဆုကြေးငွေပေးအပ်၍ စုဆောင်းလျက်ရှိပြီး၊ သင့်တော်သည့်အချိန် ကာလများတွင် ပြတိုက်များ၌ ခင်းကျင်းပြသလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ တိုင်းရင်းသားရိုးရာပစ္စည်းများကို လှူဒါန်း လိုသူများအနေဖြင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ တိုင်းဒေသကြီး၊ ပြည်နယ်ဌာနခွဲ များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိပါသည်။