သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မြန်မာသမိုင်းအဖွဲ့ လစဉ်ပုံမှန်အစည်းအဝေးသို့ တက်ရောက်

မြန်မာသမိုင်းအဖွဲ့လစဉ်ပုံမှန်အစည်းအဝေးကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့ သောကြာနေ့ နံနက် (၁ဝး၀၀)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ သီရိမင်္ဂလာရိပ်သာလမ်းရှိ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ ပညာဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ မြန်မာသမိုင်းအဖွဲ့ဝင်များနှင့် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဖိတ်ကြားထားသော ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း(၂၂)ဦးတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာသမိုင်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားရာ၌ ဝိဇ္ဖာပညာကိုသိမှ ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းနိုင်ပြီး အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်နိုင်မှာ ဖြစ်ပါကြောင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပညာရှင်များညှိနှိုင်းကာ စာတမ်းဖတ်ပွဲများ ကျင်းပနိုင်ခဲ့သည့်အတွက် သမိုင်းဘာသာရပ် ပြန်လည်ရှင်သန်လာပြီး သမိုင်းဘာသာရပ် သင်ကြားမည့် ကျောင်းသားကျောင်းသူများ များလာပါကြောင်း ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးမှု ဖြစ်မြောက်အောင်မြင်ရန် အသက်ဝင်ရန် အဓိကတွန်းအားမှာ သမိုင်းဖြစ်ပြီး အလွန်အရေးကြီးပါကြောင်း၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)အား ၂၀၂၀ခုနှစ် ဧပြီလတွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းဆောင်ရွက်နေပြီး အမျိုးသားစာကြည့်တိုက်၏ပုံရိပ်ကို နိုင်ငံတကာကသိရှိလာအောင် ဖွင့်ပွဲမတိုင်မီ စာတမ်းဖတ်ပွဲများကို ကျင်းပမည်ဖြစ်ပါကြောင်း၊ လာမည့်ဖေဖော်ဝါရီလတွင် “မြန်မာ့ အစဉ်အလာ ဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” ခေါင်းစဉ်နှင့် ပြည်တွင်းစာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်ရန် ပြင်ဆင်နေသည်ဟု ကြားသိရပါကြောင်း၊ သမိုင်းသုတေသန၏ အဓိကကျလှသော စာတမ်းဖတ်ပွဲများကျင်းပခြင်း၊ စာအုပ်စာတမ်းများပြုစုရေးသားထုတ်ဝေခြင်း၊ ကွင်းဆင်းခရီးသွားရောက်ခြင်းတို့အား စဉ်ဆက်မပြတ် ဖြစ်နေသည့်အတွက် ရပ်တန့်နေသော အနေအထားမဟုတ်ဘဲ ရှင်သန်နေသောအနေအထား ဖြစ်ပေါ်လာခြင်းကို ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ သမိုင်းသုတေသနဌာနမှ လူငယ်များကို သမိုင်းအထောက်အထားလေ့လာရေး ခရီးအဖြစ် နှစ်စဉ် အနည်းဆုံးနှစ်ခေါက်စီစဉ်ပေးရန်၊ ပျူစာနှင့်ပတ်သက်၍ ဌာနတွင်းဝန်ထမ်းများအား သင်တန်း ပေးရေးစီစဉ်ပေးရန်တို့ကို့ ပြောကြားသွားပါသည်။ ယင်းနောက် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်မှ ဌာနနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ ဆောက်ရွက်ချက်များကို တင်ပြသွားပါသည်။

ထို့နောက် မြန်မာသမိုင်းအဖွဲ့ အဖွဲ့ဝင်များက ခေတ်အသီးသီးနှင့်လုပ်ငန်းဆောင်ရွက်ချက်များကို အပြန်အလှန် ဆွေးနွေးတင်ပြခြင်း၊ အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး မြန်မာသမိုင်းအဖွဲ့ လစဉ်ပုံမှန်အစည်းအဝေးကို နေ့လည် ၁၂နာရီ၁၅မိနစ် အချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။