နေပြည်တော် ဒီဇင်ဘာ ၂၄
ရှည်လျားလှသော ယဉ်ကျေးမှုသမိုင်းကြောင်းကြီး တည်ရှိနေသည့် မြန်မာနိုင်ငံသည် သမိုင်းမတင်မီခေတ်မှစ၍ မြို့ပြနိုင်ငံများခေတ်၊ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ ပါလီမန် ဒီမိုကရေစီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်စသည့် ခေတ်အသီးသီးကို ဖြတ်ကျော် ကြုံတွေ့ခဲ့ကြရပြီး ယနေ့ကာလတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နေပေသည်။ ထိုသို့ ခေတ်အသီးသီးကို ဖြတ်သန်းခဲ့ရာတွင် ခေတ်တစ်ခေတ်တိုင်း တွင် အကောင်း၊ အဆိုး၊ အမှား၊ အမှန်များ ရှိလာရလေရာ ယင်း အကောင်း၊ အဆိုး၊ အမှား၊ အမှန်များထဲမှ သင်ခန်းစာများ ထုတ်ယူကာ ယနေ့ကာလတွင် အကောင်းဆုံးဖြစ်အောင် ကြိုးစား အားထုတ်ကြရပါသည်။ သမိုင်းသုတေသနသည် ယင်း အကောင်း၊ အဆိုး၊ အမှား၊ အမှန်များမှ သင်ခန်းစာများကို ထုတ်နုတ်ပြုစုရေးသား၍ နိုင်ငံတော်ကြီးအကျိုးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးလျက် ရှိနေပါသည်။ ထိုသို့ အထောက်အပံ့ပေးရာတွင် သမိုင်းမှန်ဖြစ်ရေးအတွက် စာကြည့်တိုက်သုတေသနသာမက ကွင်းဆင်းသုတေသနပါ ပေါင်းစပ် ပြုစုရေးသား ဖော်ထုတ်ရပါသည်။ သို့အတွက် တစ်ဆက်တစ်စပ်တည်းသော မြန်မာနိုင်ငံ သမိုင်းကို ရေးသားပြုစုပုံနှိပ်ထုတ်ဝေလျက်ရှိရာ လိုအပ်နေသော အကြိုသမိုင်းတွင် ကွက်လပ် ဖြစ်နေသော ကျောက်ခေတ်သမိုင်းကို ဖြည့်စွက်ရန်အတွက် ရှမ်းပြည်နယ်၊ ရွာငံဒေသရှိ ပြဒါးလင်းဂူသို့ ကျောက်ခေတ်နှင့် ပတ်သက်သော အထောက်အထားများအား ကွင်းဆင်း လေ့လာသုတေသနပြုလို၍ ဒုတိယဝန်ကြီး ခေါင်းဆောင်သော ကွင်းဆင်းသုတေသနအဖွဲ့သည် (၁၉-၁၂-၂ဝ၁၉) ရက်နေ့တွင် နေ့ချင်းပြန် ကွင်းဆင်းသုတေသနခရီးသွားရောက်ခဲ့ပါသည်။
ကွင်းဆင်းသုတေသနအဖွဲ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာတိုးလှ၊ မြန်မာသမိုင်းအဖွဲ့ဝင် ဒေါက်တာစိန်မြင့်၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်ဦးအောင်မြင့်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ သမိုင်းသုတေသနဝန်ထမ်းများနှင့် ရှေးဟောင်းသုတေသနဝန်ထမ်းများ လိုက်ပါ ခဲ့ပါသည်။
ကွင်းဆင်းသုတေသနခရီးစဉ်အတွင်း သုတေသနတွေ့ရှိချက်များအား ခေတ်ဟောင်း မြန်မာနိုင်ငံသမိုင်းကို အထောက်အပံ့ရစေနိုင်ရန်၊ တစ်ဆက်တစ်စပ်တည်းသော မြန်မာနိုင်ငံ သမိုင်းကို ဖြည့်စွက်နိုင်ရန်နှင့် နှောင်းသုတေသီများ လေ့လာနိုင်ရန်။ ကွက်လပ်ဖြစ်နေသည့် အကြိုသမိုင်းခေတ်ကာလများဖြစ်သော ကျောက်ခေတ်ဦး (ဝါ) ကျောက်ခေတ်ဟောင်း (Palaeolithic)၊ ကျောက်ခေတ်လယ် (Mesolithic)၊ ကျောက်ခေတ်သစ် (ဝါ) ကျောက်ခေတ် နှောင်း(Neolithic) စသည့် ကျောက်ခေတ်ကာလများ၊ ကျောက်နှင့် ကြေးရောနှောအသုံးပြု သောခေတ် (Chalcolithic) နှင့် ကြေးခေတ် (Bronze Age)တို့ ပါဝင်နေပေရာ ယခု ကျောက်ခေတ်သမိုင်းကို သမိုင်းအမြင်သစ်တစ်ရပ်ဖြင့် ဖြည့်စွက်သွားနိုင်ရေးအတွက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။