ပုဂံအနုပညာပွဲတော် Art Expo Bagan 2020 ကို ပုဂံရှေးဟောင်း သုတေသန ပြတိုက်တွင် ကျင်းပပြုလုပ်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံးဗဟိုတို့ ပူးပေါင်း မှုဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှုအမေွအနှစ်ဒေသကို ဂုဏ်ပြုသောအားဖြင့် ပုဂံအနုပညာပွဲတော် Art Expo Bagan 2020 ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့မှ (၁၁)ရက်နေ့ထိ ပုဂံရှေးဟောင်း သုတေသန ပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသား ရေးရာ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညောင်ဦးခရိုင်နှင့် မြို့နယ်မှ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှဝန်ထမ်းများ၊ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်း အရုံးဗဟိုမှ အနုပညာရှင်များနှင့် နိုင်ငံတကာမှ အနုပညာရှင်များ၊ မျိုးဆက်သစ် အနုပညာရှင် ကျောင်းသူ၊ ကျောင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြပွဲတွင် အနုပညာရှင်များ၏ ပန်းချီကားပေါင်း (၆၀၀)ကျော်ကို လေ့လာခွင့်ရရှိကြမှာ ဖြစ်ပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် နိုင်ငံဂုဏ်ပြုယဉ်ကျေးမှု ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေဖော်ထုတ်ထိန်းသိမ်းလျက် တိုးတက်ပြန့်ပွားထွန်းကားစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုများ အစဉ်အဆက် ထွန်းကားခဲ့သည်ကို ခိုင်မာစွာ လေ့လာဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူ(ဟံသာဝတီခေတ်)၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည်ဖြင့် ထွန်းကားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် နံရံပန်းချီအနုပညာလက်ရာ များနှင့် ပတ်သက်ပြီး အစောဆုံး တွေ့ရှိခဲ့သည့်နေရာမှာ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ် အတွင်းရှိ ကျောက်ခေတ်လယ်ကာလတွင် ကျောက်ခေတ်လူသားများ အခြေချနေထိုင်ခဲ့သည့် ပြဒါးလင်းဂူ ဖြစ်ပါကြောင်း၊ ရေးဆွဲထားသည့် ဂူနံရံပန်းချီများမှာ လက်ဝါးပုံ(၂)ခု၊ နေပုံ(၁)ခု၊ ငါး(ရှူးပျံ)ပုံ၊ နွားသားအမိပုံ၊ သမင်နှင့်ဆင်များ၊ တောဝက်နဲ့ ပြောင်ပုံများဖြစ်ကြကြောင်း၊ ပြဒါးလင်းဂူ နံရံမှ ရုပ်ပုံများကို မြေနီခဲ နီညိုရောင်ဖြင့် ဆေးခြယ်ထားတာကို လေ့လာသိရှိခဲ့ကြကြောင်း၊ မြန်မာ့ ကျောက်ခေတ်သစ် မြေထည်အိုးများပေါ်၌ အနုပညာလက်ရာ ဒီဇိုင်းမျိုးစုံဖော်ကာ ဘီးသွား အဆင်းခြစ်ရာများ၊ အဆင်းအတက် လှိုင်းတွန့်များ၊ ရာဇမတ်ကွက်ပုံများ၊ ဆင်ရုပ်၊ နွားရုပ်၊ ဝက်ရုပ် စသည့် တိရစ္ဆာန်ရုပ်များကိုလည်း ရေးဆွဲထားသည်ကို လေ့လာတွေ့ရှိနိုင်ပါကြောင်း၊ ပျူခေတ် မြေအိုးထည်များမှာ သီရိဝစ္ဆပုံ၊ ကာလသာအိုးပုံ၊ ငါးကြင်းနှစ်ကောင်ပုံ၊ လူပုံ၊ ငှက်ပုံ၊ ခရုသင်းပုံတို့ဖြင့် အဆင်တန်ဆာများ ရေးဆွဲထားတာကို သိရှိနိုင်မှာဖြစ်ကြောင်း၊ ပုဂံဒေသတွင် နံရံပန်းချီရှိသည့် ရှေးဟောင်းအဆောက်အအုံပေါင်း (၄၁၆) ဆူ ရှိပါကြောင်း၊ ပုဂံခေတ် နံရံပန်းချီ များသည် ရှေးရိုးမြန်မာပန်းချီတစ်ရပ်ဖြစ်ပြီး အဓိကလက္ခဏာမှာ ကောက်ကြောင်း(သို့မဟုတ်) တစ်ကြောင်း ဆွဲမျဉ်းဖြင့် ရေးဆွဲထားပါကြောင်း၊ ပုဂံခေတ်ဦးပိုင်းတွင် ရေးခြယ်သည့် နံရံဆေးရေး ပန်းချီများမှာ အဖြူ၊ အနက်၊ အဝါနှင့် အနီကို အသုံးများကြောင်း၊ ပုဂံခေတ်နှောင်းပိုင်းမှ အပြာနှင့် အစိမ်းကို တွဲဖက်သုံးလာကြောင်း၊ အများအားဖြင့် မြေနီရင့်၊ မြေနီနု၊ နံ့သာရင့်၊ နံ့သာနုတို့ကို အသုံးများကြောင်း၊ မြန်မာ့ယဉ်ကျေးမှုလက်မှုအနုပညာဖြစ်သည့် ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ပန်း(၁၀) မျိုး ဟူသည့် ပန်းပဲ၊ ပန်းရန်၊ ပန်းပု၊ ပန်းတိမ်၊ ပန်းချီ၊ ပန်းပွတ်၊ ပန်းယွန်း၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့ စသည့် ပညာရပ်များသည် ပျူခေတ်တွင် ထွန်းကားလာခဲ့ပြီး ပုဂံခေတ်တွင် အတိုးတက်ဆုံးဖြစ်ခဲ့ကြောင်းကို စာပေအထောက်အထားဖြစ်သည့် (ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ၊ အရိုးအိုးစာ၊ ခေါင်းလောင်းစာ၊ ကြေးပြား စာ၊ ရွှေပေလွှာ၊ ငွေပေလွှာ၊ ပုရပိုက်စာ) ရှုထောင့်မှ လေ့လာ ချက်များ အရ သိရှိနိုင်မှာဖြစ်ပါကြောင်း၊ Art Expo Bagan 2020 တွင် ပါဝင် ပြသကြမည့် အနုပညာရှင်များနှင့်အတူ အနာဂတ်တွင် ထွန်းလင်း တောက်ပလာမည့် ကျောင်းသူကျောင်းသားများ ကိုလည်း လက်တွဲခေါ်ယူ ပါဝင်ပြသနိုင်ခွင့် ရရှိကြသည်မှာလည်း ဝမ်းမြောက်ဝမ်းသာစရာပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပန်းချီပန်းပုအသင်း၏ ပုဂံအနုပညာပွဲတော် အောင်မြင်စွာ ကျင်းပ နိုင်ပါစေကြောင်းနှင့် တိုင်းပြည်၏ ယဉ်ကျေးမှု ဂုဏ်ကို အနုပညာရပ်ဖြင့် မြှင့်တင်ပေးနိုင်သည့် ယခုကဲ့သို့သော ပြပွဲကြီး များကို ဆက်လက်ဆောင်ရွက်နိုင်ရန် ဆန္ဒပြုပါကြောင်း ပြောကြားခဲ့ ပါသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က အမှာစကားပြောကြားရာတွင် Art Expo Bagan 2020 ပုဂံအနုပညာပွဲတော်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ခွင့်ပြုလမ်းညွှန်ချက်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုတို့ဖြင့် မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံးဗဟိုမှ ဦးဆောင်ကျင်းပသော ဤအနုပညာပွဲတော်ပြပွဲကြီးတွင် မြန်မာနိုင်ငံမှ အစည်းအရုံးဝင် ပညာရှင်(၅၀၀)ခန့်နှင့် နိုင်ငံတကာမှ ပညာရှင်(၂၀)ခန့် ပါဝင်ပြသမှာဖြစ်ကြောင်း၊ အထူးသဖြင့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူ များ၏ အနုလက်ရာ(၁၀၀)ကျော် ပါဝင်ပြီး စုစုပေါင်း အနုပညာရှင်(၆၀၀)ကျော်နှင့်အတူ အနုလက်ရာပေါင်း (၆၀၀)ကျော် စုပေါင်းတွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ ပုဂံရှေးဟောင်းသုတေသန ပြတိုက်ကြီးတွင် ပြသရခြင်းမှာ သမိုင်းအမွေအနှစ်၊ ယဉ်ကျေးမှုအမွေအနှစ် ပြယုဂ်များ တည်ရှိရာ ဤပြတိုက်ကြီးကို ယနေ့ခေတ် အနုလက်ရာများနှင့် ယှဉ်တွဲ၍ ပြသခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဘဝသရုပ်များနှင့် သဘာဝအလှတရားများကို ရေးဆွဲထုဆစ် ပြသထားပါကြောင်း၊ ယခု ပုဂံအနုပညာပွဲတော်ကြီးကို ကျင်းပခြင်းအားဖြင့် သမိုင်း ယဉ်ကျေးမှုအမွေအနှစ်များနှင့် အနုပညာလက်ရာများကို ယခင်ကထက် ပိုမိုတန်ဖိုးထားသိရှိ နားလည်စေရန်နှင့် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလာပြီး နိုင်ငံ၏ဂုဏ်ရည် ပိုမိုမြင့်မားလာစေမှာ ဖြစ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံးဗဟိုဉက္ကဋ္ဌ ဦးတင်နွယ်(ခ) ဆြာနွယ်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ပြပွဲသို့လာရောက်လာကြသည့် ဧည့်သည်တော်များက ပြခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ပုဂံအနုပညာပွဲတော်ကို ဇန်နဝါရီလ (၇)ရက်နေ့မှ (၁၁)ရက်နေ့ထိ နေ့စဉ်ပြတိုက် ဖွင့်လှစ်ချိန် (၀၉:၃၀)ချိန် မှ (၁၆:၃၀)အထိ ဆက်လက်ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။