အာဆီယံ-ကိုရီးယား၏ “အတူတူစာဖတ်ကြစို့” အစီအစဉ်အရ “စာဖတ်ပြပါ၊အာဆီယံ-ကိုရီးယားစာအတူဖတ်စို့လား”အစီအစဉ်အတွက် “အသံထွက်၍ စာဖတ်ပြခြင်း” သင်တန်းဖွင့်လှစ်

နေပြည်တော် ဇန် ၁၄

              အနာဂတ်လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များအား စာဖတ်ခြင်းအလေ့အထရရှိစေရန် ပျိုးထောင်ပေးခြင်းအနေဖြင့် အာဆီယံ-ကိုရီးယား၏ “အတူတူစာဖတ်ကြစို့” စီမံကိန်းအရ “စာဖတ်ပြပါ၊ အာဆီယံ-ကိုရီးယားစာ အတူ ဖတ်စို့လား”အစီအစဉ်အတွက် “အသံထွက်၍ စာဖတ်ပြခြင်း” သင်တန်းကို သမိုင်း သုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အမျိုးသား စာကြည့်တိုက် (နေပြည်တော်)၌ (၁၄-၁-၂၀၂၀)ရက်နေ့နံနက်(၁၀:၀၀)နာရီမှစ၍ ဖွင့်လှစ်ခဲ့သည်။

              သင်တန်းသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနခွဲများမှ တာဝန်ခံများ၊ စာကြည့်တိုက်မှူးများ၊ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းစာကြည့်တိုက်တာဝန်ခံများ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ Community Centerများ၊ ကိုယ်ထူကိုယ်ထ စာကြည့် တိုက်မှူးများနှင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်/ရန်ကုန်)တို့မှ စာကြည့်တိုက်မှူး များ စုစုပေါင်း(၈၆)ဦး တက်ရောက်ကြသည်။

              သင်တန်းပထမနေ့တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ ညွှန်ကြားရေးမှူးဒေါ်မြဦးက သင်တန်းနှင့်ပတ်သက်၍ လည်းကောင်း၊ Intensity စာကြည့်တိုက်မှ ဦးအောင်သန်းထွဋ်က စာဖတ်နည်းများနှင့်ပတ်သက်၍လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်(၂) ဒေါ်ရတနာဦးက အသံထွက်၍စာဖတ်ပြခြင်း နည်းလမ်း များကို လည်းကောင်းရှင်းလင်း ပြောကြားခဲ့သည်။

              “အသံထွက်၍ စာဖတ်ပြခြင်း” သင်တန်းကိုဇန်နဝါရီလ(၁၄)ရက်နေ့မှ (၁၆) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ စာကြည့်တိုက်မှူးများက(၂၁-၁-၂၀၂၀)ရက်နေ့မှ (၂၃-၁-၂၀၂၀)ရက်နေ့အထိ မန္တလေးမြို့ တွင်လည်းကောင်း၊ (၂၅-၁-၂၀၂၀)ရက်နေ့မှ (၂၇-၁-၂၀၂၀)ရက်နေ့ အထိစစ်ကိုင်းမြို့တွင် လည်းကောင်း၊ (၂၉-၁-၂၀၂၀)ရက်နေ့မှ (၃၁-၁-၂၀၂၀)ရက်နေ့အထိ ပုဂံမြို့တွင် လည်းကောင်း သွားရောက်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။