မြန်မာ့သနပ်ခါးအား ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်းရေး အလုပ်ရုံဆွေးနွေးပွဲ သတင်း

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့အား ယူနက်စကို အသိအမှတ်ပြုစာရင်းသို့ အမည်စာရင်း တင်သွင်းနိုင်ရေးအတွက် ရည်ရွယ်၍  မြန်မာ့သနပ်ခါးဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အား ယူနက်စကို အသိအမှတ်ပြု စာရင်းတင်သွင်းနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေိးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ၊ အမျိုးသားပြတိုက်၊ နေပြည်တော်၌  ၂၀-၁-၂၀၂၀ ရက်၊ တနင်္လာနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဒြပ်မဲ့ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီမှ ပညာရှင်များ၊ အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သနပ်ခါး အသင်းနှင့် သနပ်ခါးဆိုင်ရာ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ အတွင်းရေးမှူးကိုယ်စား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပညာရှင်အဖွဲ့ ဥက္ကဌ ဒေါက်တာတိုးလှမှ မြန်မာ့သနပ်ခါး စတင်ပေါ်ပေါက်လာပုံနှင့် သမိုင်းကြောင်းအား ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာ့သနပ်ခါးအား ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပသည့် ရည်ရွယ်ချက်နှင့် Representative List တင်သွင်းနိုင်ရေး အချိန်ဇယားတို့နှင့် ပတ်သက်၍ အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ အတွင်းရေးမှူး ကလည်းကောင်း၊ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အားUNESCO သို့အမည်စာရင်းတင်သွင်းခြင်း ဆိုင်ရာ ဆေွးနွေးပွဲ(Talkshow)ကို ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာနုမြဇံက Moderator အဖြစ်ဆောင်ရွက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးရဲမြတ်အောင်နှင့် မြန်မာနိုင်ငံသနပ်ခါးအသင်း ဥက္ကဌ ဦးကျော်မိုးတို့ကလည်းကောင်း၊ ပညာရှင်အဖွဲ့ ဒေါက်တာတိုးလှမှ  Moderator အဖြစ် ဆောင်ရွက်ပြီး မြန်မာ့သနပ်ခါးဓလေ့အား UNESCO သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာပုံစံတွင် ဖြည့်စွက်နိုင်ရန်(round table)အဖွဲ့လိုက် ဆွေးနွေးခဲ့ကြပြီးနောက်၊ တက်ရောက်လာသူများမှ မြန်မာ့ သနပ်ခါးယဉ်ကျေးမှုဓလေ့နှင့် ပတ်သက်သည့် အထောက်အထားများ၊ မြန်မာ့သနပ်ခါး၏ ဆေးဘက် ဝင်ပုံများ၊ သနပ်ခါးအသုံးပြုသည့် ရိုးရာပွဲတော်များနှင့် သနပ်ခါးယဉ်ကျေးမှု ဓလေ့ကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါကြောင်း သတင်း ရရှိပါသည်။