နေပြည်တော် ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့တွင် နိစ္စဓူဝပညာရေး၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရွှေပေလွှာ၊ မြို့နယ်ပညာရေးခန်းမ၌ “စာပေမွေ့ပျော်ကလေးတို့ ပွဲတော်” ကို (၂၃–၁–၂၀၂၀) ရက်နေ့မှ (၂၅–၁–၂၀၂၀)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။
“စာပေမွေ့ပျော်ကလေးတို့ပွဲတော်”၏ ပထမဆုံးနေ့ဖြစ်သည့် (၂၃–၁–၂၀၂၀)ရက်နေ့ တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ် ချိုကအခြေခံစာကြည့်တိုက်ပညာရပ်ဆိုင်ရာသင်ခန်းစာကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ရွှေနွယ်စိုး က အသံထွက်၍စာဖတ်ခြင်း လမ်းညွှန်များကိုလည်းကောင်း သွားရောက်ပို့ချခဲ့ရာ အခြေခံပညာ ကျောင်းများမှ ကျောင်းစာကြည့်တိုက် တာဝန်ခံများ စုစုပေါင်း (၂၈) ဦး တက်ရောက်ခဲ့သည်။ အသံထွက်၍ စာဖတ်ပြခြင်း လက်တွေ့ဆောင်ရွက်မှုများကို ဗန်းမောက်မြို့၊ ပန်းပျိုးလက်များ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာရေးဆရာ ဗေဒင်ပညာရှင် ဆရာဇင်ယော်နီ၊ ဗန်းမောက် မြို့မှစေတနာလုပ်အားပေး မစိုးမြတ်သူဇာတို့နှင့်အတူပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။