သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်    ဖေဖော်ဝါရီ  ၇

 အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)ရှိ လောကနတ်အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၀ ရက်နေ့ နံနက် (၁၀:ဝဝ)နာရီတွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ကို ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်၊ ကုန်သည်လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ အမှတ်(၆၀၄/၆၀၈) အဆောက် အဦသို့ လာမည့် ဧပြီလ၊ ပထမပတ်အတွင်း ပြောင်းရွှေ့ဖွင့်လှစ်သွားရန်လျာထားပါကြောင်း၊ ဖွင့်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အမျိုးသား စာကြည့်တိုက်အား စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း စသည့်ပညာရပ်များကို အလွယ်တကူလေ့လာနိုင် မည့် ပြည်သူ အကျိုးပြုဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်သည့် ခေတ်မီဒစ်ဂျစ်တယ်စနစ်များ ပါဝင်သော နိုင်ငံတကာအဆင့်မီ စာကြည့်တိုက်ကြီးတစ်ခုအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင် များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။

ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေ အနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကာ အစည်းအဝေးကို (၁၂:၁၅) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။