သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ရှေးဟောင်းဓနုဖြူ ခံတပ်အုတ်ရိုးအားကြည့်ရှုစစ်ဆေး

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ၈-၂-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင်တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး ၊ ဓနုဖြူမြို့ရှိ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲတွင် စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလဦးဆောင်၍ အင်္ဂလိပ် တို့အား ခုခံတိုက်ခိုက်ခဲ့သည့် ရှေးဟောင်းဓနုဖြူခံတပ်၏ ကျန်ရှိနေသေး သော အုတ်ရိုး အစိတ်အပိုင်းများကို ပြုပြင် ထိန်းသိမ်းနိုင်ရန် ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ရှေးမွန်မင်းများ တည်ဆောက်ခဲ့သော မြို့ရိုးဟောင်းကို စစ်သူကြီး မဟာဗန္ဓုလက ခံတပ်အဖြစ်မွမ်းမံ တည်ဆောက် ၍ အင်္ဂလိပ်တို့အား ခုခံခဲ့သည့် သမိုင်းကြောင်း ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရရှိရန်ပုံငွေဖြင့် ဧရာဝတီမြစ်ဘက်ခြမ်းရှိ ခံတပ်အုတ်ရိုးအကြွင်းအကျန်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေး အတွက် ရှေးမူမပျက် ကြံ့ခိုင်အောင် ဆောင်ရွက်မည့် အခြေအနေ၊ ခံတပ်ဧရိယာတွင် အများပြည်သူများ လာရောက်ကြည့်ရှု လေ့လာနိုင်ရန် လူသွားလမ်းများ ပြုလုပ်ခြင်း၊ မြေယာရှုခင်း ပြုပြင်ခြင်း နှင့် လက်ရမ်းအကာ တန်းများပြုလုပ်၍ ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြရာ ၊ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း စီမံချက်နှင့်အညီ ဆက်လက် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓနုဖြူမြို့ ၊သဒ္ဓမ္မဇောတိကာရာမ ပါဠိတက္ကသိုလ် တောင်ပေါ် ကျောင်းတိုက်ကြီးအတွင်းရှိ စစ်သူကြီး မဟာဗန္ဓုလ ကျဆုံးခဲ့သည့် နေရာတွင် အထိမ်းအမှတ်ပြုလုပ်ထားသော မဟာဗန္ဓုလရုပ်တုနေရာကို သွားရောက်ကြည့်ရှုပြီး ပြည်တွင်း/ပြည်ပ ဧည့်သည်များ ကြည့်ရှုလေ့လာနိုင်ရန်နှင့် နောင်မျိုးဆက်သစ်များ၊ ဇာတိသွေး ၊ဇာတိမာန် ပေါ်ပေါက်လာနိုင်စေရေး စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကျိုက္ကလွန်ပွန်း စေတီတော်သို့ သွားရောက် ဖူးမျှော်ကြည်ညိုကာ ဂေါပကအဖွဲ့နှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။