မကွေးတိုင်း​​ဒေသကြီး ၊ မကွေးမြို့၌ အသံထွက်၍စာဖတ်ပြခြင်း သင်တန်းဖွင့်လှစ်ခြင်း

          အာဆီယံ – ကိုရီးယား၏ အတူစာဖတ်ကြစို့ ပူးတွဲစီမံကိန်းအရ စာဖတ်ပြပါ၊ အာဆီယံ – ကိုရီးယား စာအတူဖတ်စို့လား အစီအစဉ်အတွက် အသံထွက်၍စာဖတ်ပြခြင်း သင်တန်းဖွင့်ပွဲ အခမ်း အနားကို ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၉ နာရီတွင် မကွေးခရိုင်ပြန်/ဆက် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          သင်တန်းဖွင့် အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်က အဖွင့်အမှာစကားပြော​ ကြားရာတွင် မျိုးဆက်သစ် လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူ၊ ကလေး လူငယ်များကို စာဖတ်သည့် အလေ့အထရ ရှိစေရန် ပြုစုပျိုးထောင်ပေးသည့် အနေ​ဖြင့် အာဆီယံ-ကိုရီးယားသမ္မတနိုင်ငံတို့ ပူးပေါင်းပြီး အတူတူ စာဖတ်ကြစို့ ပူးတွဲစီမံကိန်းတစ်ရပ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အာဆီယံ နိုင်ငံများနှင့် ကိုရီးယား သမ္မတနိုင်ငံ အမျိုးသားစာကြည့်တိုက်များက အကြီးအကဲများ သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြောင်း၊ စီမံကိန်းခေါင်းစဉ်မှာ အားလုံးအတူ စာဖတ်စို့ လှုပ်ရှားမှု – စာဖတ်ပြပါ ဖြစ်ကြောင်း၊ ဒီပူးတွဲ စီမံကိန်းအရ စာဖတ်ပြပါ အာဆီယံ – ကိုရီးယား စာအတူဖတ်စို့လား အစီအစဉ်ကို၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ မှ ဧပြီလအတွင်း ကျင်းပသွားဖို့စီစဉ်ထားကြောင်း၊ တစ်နိုင်ငံလုံး မှာရှိတဲ့ ပြည်နယ် နှင့်တိုင်းဒေသကြီးအတွင်းက ကျောင်းစာကြည့်တိုက်တွေ၊ ပြည်သူ့စာကြည့်တိုက်တွေ၊ ကိုယ်ထူ ကိုယ်ထစာကြည့်တိုက်က စာကြည့်တိုက်မှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဉီးစီးဌာန၊ အမျိုးသား စာကြည့်တိုက် (နေပြည်တော်) ညွှန်ကြားရေးမှူး ဒေါ်မြဉီးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ ဆောင်ရွက်ရသည့် အကြောင်းအရင်း၊ သင်တန်းဖြစ်ပေါ်လာပုံ စသည်တို့ကိုရှင်းလင်းတင်ပြခဲ့ပါသည်။

          အဆိုပါသင်တန်းတွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၏ ကြီးကြပ်မှု ဖြင့်အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ စာကြည့်တိုက်မှူးများဖြစ်သည့် စာကြည့်တိုက် လက်ထောက် ၃ ဉီးခိုင်မင်းစိုးက စာဖတ်နည်းများကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက် ၂ ဒေါ်ရတနာဉီးက စာဖတ်ရာတွင် လိုက်နာရမည့် နည်းလမ်း၊ ဆောင်ရန် ရှောင်ရန်အချက်များ၊ အသက်အရွယ်အလိုက် ဖတ်ပြသင့်သည့် စာအုပ်ရွေးချယ်နည်းများကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အသက်အရွယ်အလိုက် စာဖတ်ပြခြင်းများကို ဒေါ်ရတနာဉီး၊ ဒေါ်ဆွေဆွေဝင်း၊ ဉီးခိုင်မင်းစိုးတို့က လက်တွေ့ဆောင်ရွက်ပြခဲ့သည်။

          အဆိုပါသင်တန်းကို (၂၄-၂-၂၀၂၀) ရက်နေ့မှ (၂၆-၂-၂၀၂၀) ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွား မည်ဖြစ်ပြီး သင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ဦးစီးဌာနအောက်မှ ကျောင်းစာကြည့်တိုက် တာဝန်ခံဆရာ/ဆရာမများ၊ တက္ကသိုလ်/ကောလိပ်များမှ ဆရာကြီး/ ဆရာမကြီးများ၊ တိုင်းဒေသကြီး ပြန်/ဆက်ဦးစီးဌာန ခရိုင်(၅)ခရိုင်မှ စာကြည့်တိုက်မှူး များနှင့် ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ စုစုပေါင်း(၃၃)ဦးတို့ တက်ရောက်ကြောင်း သတင်းရရှိသည်။

          ထို့အတူ အသံထွက်၍ စာဖတ်ပြခြင်းသင်တန်းကို ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၄.၂.၂၀၂၀ ရက်နေ့မှ ၂၆.၂.၂၀၂၀ ရက်နေ့အထိ တစ်ပြိုင်တည်းဖွင့်လှစ်လျက်ရှိသည်။